ဒေါက်တာခင်စန်းရီ
OTC ဈေးကွက်
Over-the-Counter (OTC) သို့မဟုတ် Off-Exchange ဈေးကွက်တွင်ရောင်းဝယ်ကြသည့် စတော့ရှယ်ယာများသည် Unlisted စတော့ရှယ်ယာများဖြစ်သည်။ Unlisted ရှယ်ယာဆိုသည်မှာ NYSE နှင့် NASDAQ စသည့် Stock Exchange များတွင် စာရင်းမဝင်သည့်ကုမ္ပဏီစတော့ရှယ် ယာများကိုခေါ်သည်။ စတော့အိတ်ချိန်းကြီးများ၏ စည်းကမ်းကန့်သတ်ချက်များမပြည့်မီသည့် ကုမ္ပဏီများနှင့် ကုမ္ပဏီငယ်များ၏ရှယ်ယာများကို OTC ဈေးကွက်၌ ရောင်းဝယ်လေ့ရှိကြသည်။
OTC ဈေးကွက်ရှယ်ယာအရောင်းအဝယ်များကို တယ်လီဖုန်းဖြင့်လည်းကောင်း၊ Internet / Online ဖြင့်လည်းကောင်း ရောင်းဝယ်ကြသည်။ OTC ဈေးကွက်တွင် Market Makers သို့မဟုတ် Dealers များက ရှယ်ယာများကို ရောင်းဝယ်ပေးသည်။ Investor တစ်ဦးသည် OTC ရှယ်ယာဝယ်လိုရောင်းလိုပါက စတော့ရှယ်ယာပွဲစား (Broker)ကို ဦးစွာဆက်သွယ်ရသည်။ ယင်းရှယ်ယာပွဲစားက OTC Market Maker ကို တစ်ဆင့်ဆက်သွယ်ပေးပြီး ရောင်းလိုသည့်ဈေး၊ ဝယ်လိုသည့်ဈေးမျာ း(Ask/ Bid prices) စုံစမ်းကာ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရောင်းဝယ်ရသည်။ OTC ရှယ်ယာဝယ်ခြင်း၊ ရောင်းခြင်းကို ရိုးရှင်းသည်ဟုထင်ရသော်လည်း OTC ကုမ္ပဏီများ၏အနာဂတ် မသေချာမရေရာမှုရှိနိုင်သည့်အတွက် စွန့်စားရမှုများရှိသည်။ OTC ကုမ္ပဏီအများစုမှာ လုပ်ငန်းငယ်များဖြစ်ကြပြီး သတင်းအချက်အလက်ပြည့်ပြည့်စုံစုံ ရနိုင်ဖို့ခဲယဉ်း သည်။ OTC ရှယ်ယာများဝယ်ထားပြီး နောက်ပြန်ရောင်းလိုသည့်အခါ အလွယ်တကူရောင်းမရနိုင်သည့်ပြဿနာ လည်းရှိနိုင်သည်။
US OTC ရှယ်ယာများ၏ နောက်ဆုံးအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများကို OTCBB (Over-the- Counter Bulletin Board )တွင်ဖော်ပြထားသည်။ OTCBB တွင် ဖော်ပြခွင့်ရရန်အတွက် ကုမ္ပဏီများသည် SEC (US (Securities and Exchange Commission)တွင် မှတ်ပုံတင်ထားရပြီး SEC ၏ တင်းကျပ်သောဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရသည်။ SEC ၏စည်းမျဉ်းလိုက်နာဆောင်ရွက်သည့် ကုမ္ပဏီများ၏ရှယ်ယာအမျိုးအစားကို ယုံကြည်စိတ်ချရသည့်ရှယ်ယာဟု သတ်မှတ်ပြီး မသေချာမရေရာသည့်ကုမ္ပဏီ၏ရှယ်ယာများကို Pink ဟုခေါ်လေ့ရှိသည်။
ကုမ္ပဏီအချို့သည် ကနဦး၌ OTC Market တွင် ရှယ်ယာများရောင်းကြသည်။ တဖြည်းဖြည်း ကုမ္ပဏီ အောင်မြင်ကြီးထွားလာသည့်အခါ Stock Exchange ကြီးများတွင် Listing လုပ်ခွင့်ရအောင်ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် Wal-Mart Stores Inc ကို လေ့လာကြည့် နိုင်ပါသည်။
OTCBB
OTCBB (Over-the-Counter Bulletin Board) ကို NASDAQ က ပိုင်ဆိုင်သော်လည်း NASDAQ ၏အစိတ်အပိုင်းတစ်ခုမဟုတ်ပေ။ OTCBB နှင့် NASDAQ သီးခြား စီဖြစ်ပြီး OTCBB ရှယ်ယာများသည် NASDAQ တွင် Listed လုပ်ထားသည့်ရှယ်ယာများမဟုတ်ပေ။ အချို့သော Market Makers များက OTC ရှယ်ယာများကို NASDAQ ရှယ်ယာဟုထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားရောင်းဝယ်တတ်သည်ကို Investors များသတိထားရန်လိုသည်။
OTCBB သည် အပြည့်အ၀ Electronic System ကိုအသုံးပြုကာ အချိန်နှင့်တစ်ပြေးညီ စတော့ရှယ်ယာဈေးနှုန်းများကို ထုတ်ပြန်ပေးသည်။ စတော့ရှယ်ယာများ၏ နောက်ဆုံးအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းကိုဖော်ပြခြင်းကို Quoted ဟုခေါ်သည်။ OTCBB ရှယ်ယာများသည် Quoted ဖြစ်ပြီး Listed မဟုတ်ပေ။ Stock Exchange ကြီးများတွင် ရောင်းဝယ်သည့် ရှယ်ယာများကို Listed ဟုခေါ်သည်။
OTCBB ရှယ်ယာများသည် စတော့အိတ်ချိန်းကြီးများရှိ ရှယ်ယာများထက်စွန့်စားမှုအန္တရာယ် (Risks) ပိုများသည်။ OTCBB ဈေးကွက်မှာ စတော့အိတ်ချိန်းဈေးကွက်နှင့်နှိုင်းစာလျင် အလွန်သေးငယ်ပြီးရင်းနှီးမြှုပ်နှံသူ (Investors)များအဖို့ ရှယ်ယာများပြန်ရောင်းလိုသည့်အခါ အလွယ်တကူရောင်းမရသည့်အခက်အခဲများ ရှိနိုင်သည်။ ငွေပြန်ပေါ်ရန်ခက်ခဲခြင်း၊ ဝယ်သူမရှိခြင်းကို Illiquid Stocks ဟုခေါ်သည်။ ထို့အပြင် ဝယ်ယူရသည့်ဈေးနှုန်းနှင့် ပြန်ရောင်းသည့်အခါ ရသည့်ဈေးနှုန်းများစွာကွာဟနိုင် သည်။ Market Makers များသည် ဝယ်ဈေးရောင်းဈေးကွာဟမှု (Bid/ Ask Spreads) များများဟထားသဖြင့် Investors များအဖို့တွက်ခြေမကိုက်နိုင်ပေ။
Pink Sheets
ကုမ္ပဏီတစ်ခုသည် US OTC Market တွင် စာရင်းတင်နိုင်ရန်အတွက် လျောက်လွှာတစ်ခုဖြည့်ရန်လိုပြီး US OTC Compliance Unit ကို တင်ပြရသည်။ လျောက်လွှာတွင် ကုမ္ပဏီ၏လက်ရှိဘဏ္ဍာရေးအခြေအနေကိုသာဖော် ပြရန်လိုသည်။ Pink Sheets ဟုခေါ်ဆိုရခြင်းမှာ OTC ရှိ ကုမ္ပဏီများ၏သတင်းအချက်အလက်များကို ပန်းရောင် စက္ကူ(Pink Paper)ပေါ်တွင် ရိုက်နှိပ်ဖော်ပြလေ့ရှိသည့်အတွက် ဖြစ်သည်။ နောက်ပိုင်း၌ ဘဏ္ဍာရေးသတင်းအချက်အလက်များကို ပန်းရောင်(Pink Colour)ဖြင့် ဖော်ပြသည့်အလေ့အထဖြစ်လာသည်။
ကုမ္ပဏီများအနေဖြင့် OTC တွင် ရှယ်ယာများရောင်းလိုသည့် အဓိကအကြောင်းရင်းမှာ …
OTC တွင် ရှယ်ယာရောင်းရန်အတွက် ကုမ္ပဏီများသည် မိမိကုမ္ပဏီအချက်အလက်နှင့် ဘဏ္ဍာရေးရှင်းတမ်းများကို Investors များအားလည်းကောင်း၊ SEC အားလည်းကောင်း ဖော်ပြအသိပေးရန်မလိုပေ။ သို့ဖြစ်ရာ OTC တွင် အချို့ကုမ္ပဏီများက မိမိတို့၏ဘဏ္ဍာရေးစာရင်းအချက်အလက်အမှန်အကန်ကို အသေးစိတ်ဖော်ပြကြသည်။ အချို့က ကုမ္ပဏီအစစ်အမှန်ဖြစ်သော်လည်း ဘဏ္ဍာရေးအချက်အလက်များ ပြည့်ပြည့်စုံစုံမပြနိုင်ဘဲ အနာဂတ်မရေမရာရှိကြသည်။
Investors များက OTC ရှယ်ယာများဝယ်ယူလိုသည့်အကြောင်းရင်းမှာ OTC ရှယ်ယာများ ဈေးနှုန်းသက်သာခြင်း၊ အချို့ရှယ်ယာများ၊ US တစ်ဒေါ်လာအောက်တွင်ရှိခြင်းနှင့် အရင်းအနှီးအနည်းငယ်ဖြင့် ရှယ်ယာများဝယ်ယူထားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ အချို့ UInvestors များ က ခေတ်သစ်နည်းပညာကုမ္ပဏီငယ်များသည် အသစ်အဆန်းတီထွင်ဖန်တီးမှုဖြင့် ဈေးကွက်ထိုးဖောက်နိုင်စွမ်းရှိမည်ဟု ယုံကြည်ကြသည့်အတွက် ရင်းနှီးမြှုပ်နှံလိုကြသည်။
OTC Market ရှိ ကုမ္ပဏီများ အဆင့် ၅ ဆင့်ခွဲ ခြားကြည့်နိုင်သည်။
၁။ Trusted
၂။ Transparent
၃။ Distressed
၄။ Dark / Defunct
၅။ Toxic
US OTC Market ကိုလည်း အဆင့် ၃ ဆင့်ခွဲကြည့်နိုင်သည်။ ယင်းတို့မှာ …
(ဆက်လက်ဖော်ပြပါမည်)