ခံတွင်းနံ့မကောင်းတာက အတော်ဆိုးပါတယ်။ ဒါဆိုရင် သင်ဘာလုပ်နိုင်မလဲ။ ပီကေဝါးမလား။ သကြားလုံးငုံမလား။ ဒီနည်းလမ်းတွေက အကျိုးတော့ဖြစ်ပါတယ်။ ဒါပေမဲ့ ခဏပဲခံပါတယ်။ ပြီးတော့ သွားတိုက်မလား။ သိပ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ ကုသမှုအနေနဲ့ဆိုရင်တော့ သိပ်ထိရောက်မှု မရှိပါဘူးလို့ ဘရာဇီးမှာပြုလုပ်ခဲ့တဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။
ပြည့်စုံတဲ့ နည်းစနစ်တစ်ခုကို သင်လိုအပ်နေတာဖြစ်ပါတယ်။
ဒါဆိုရင် ခံတွင်းနံ့မကောင်းရခြင်းရဲ့ အရင်းအမြစ်ကနေ စတင်ဖို့ပဲဖြစ်ပါတယ်။ ဒါကတော့ Volatile Sulfur Compound (VSC) ဆာလဖာဒြပ်ပေါင်းအငွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ဒါတွေက ခံတွင်းနံ့ဆိုးတွေကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ ဆာလဖာဒြပ်ပေါင်းတွေ များပြားလာရတဲ့ အကြောင်းအရင်းကတော့ ခံတွင်းထဲမှာ ဖြစ်ပွားတတ်တဲ့ သွားဖုံးရောဂါနဲ့ ရောဂါပိုးမွှားတွေရှိတဲ့နေရာမှာ ဗက်တီးရီးယားတွေကို တွေ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ Clinical Perodontology Journal မှာ ဖော်ပြချက်အရတော့ သင့်ရဲ့လျှာက အဓိကပြဿနာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လျှာဟာ မျက်နှာပြင် ကျယ်ပြန့်တဲ့အပြင် သေးငယ်တဲ့မြောင်းလေးတွေရှိတဲ့အတွက် သေးငယ်တဲ့ ပိုးမွှားအကောင်လေးတွေဟာ လွယ်ကူစွာနေနိုင်ပြီး Volatile Sulfur Compound တွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
အခြားလေ့လာမှုတစ်ရပ်အရတော့ ဂျပန်သိပ္ပံပညာရှင်တွေက လျှာသွေ့ခြောက်နေတာက ဆာလဖာ ဒြပ်ပေါင်းအငွေ့တွေဖြစ်ပွားဖို့ အကြီးမားဆုံး အကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် သင်နံနက် အိပ်ရာထတဲ့အခါမှာ ခံတွင်းနံ့ဆိုးရတဲ့အကြောင်းအရင်းကတော့ ဒီဒြပ်ပေါင်းတွေဟာ တစ်ညတာလုံး စုစည်းထားလို့ပဲဖြစ်ပါတယ်။
ပြည့်စုံတဲ့နည်းစနစ်ဆီကို ဘယ်အရာတွေက သယ်ဆောင်ပေးသွားမလဲ
၁။ သင့်လျှာကို သန့်ရှင်းပေးပါ
ဒါက ဆာလဖာဒြပ်ငွေ့ပေါင်းဖြစ်အောင် ဖန်တီးတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး သူတို့ရဲ့ အနံ့ကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ သင့်လျှာကို သွားပွတ်တံနဲ့ တိုက်ပေးနိုင်ပါတယ်။ ပိုကောင်းတဲ့ နည်းလမ်းကတော့ လျှာပွတ်တံကို အသုံးပြုပြီးအနောက်ကနေ အရှေ့ကို ဆွဲချဖို့ပဲဖြစ်ပါတယ်။ လျှာကို သွားတိုက်တံသေးသေးလေးနဲ့ တိုက်မယ်ဆိုရင်တော့ လွတ်သွားတဲ့လျှာရဲ့ အခြားနေရာကနေ ဗက်တီးရီးယားရဲ့အနံ့တွေ ထွက်လာမှာဖြစ်ပါတယ်။ Denis Kinane, B.D.S, Ph.D the dean of University of Pennsylvania Schoolof Dental Medicine ရဲ့ ပြောကြားချက်အရတော့ လျှာပွတ်တံ ပြားပြားကြီးကြီးကို အသုံးပြုခြင်းအားဖြင့် သင့်ခံတွင်းမှာရှိတဲ့ ဗက်တီးရီးယားတွေကို ပိုပြီးထွက်သွားစေမှာ ဖြစ်ပါတယ်။
သုတေသနပြုချက်များအရတော့ လျှာပွတ်တံ အသုံးပြုသူတွေဟာ ၄၂ ရာခိုင်နှုန်းလောက် ဆာလဖာဒြပ်ငွေ့ပေါင်းကို လျှော့ချပေးနိုင်ပြီး သွားပွတ်တံပဲသုံးပြီး လျှာကိုတိုက်တာက ၃၃ ရာခိုင်နှုန်းလောက်ပဲ လျှော့ချပေးပါတယ်။ ဒါကြောင့် လျှာပွတ်တံရဲ့အစွမ်းက ပိုပြီးတော့ ကြာရှည်စေပါတယ်။
၂။ သွားတိုက်ခြင်းနဲ့ လျှာတိုက်ခြင်းကို တစ်ရက်ကို နှစ်ကြိမ်ပြုလုပ်ပါ
ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။ အစာသေးလေးတွေနဲ့ သေးငယ်တဲ့ပိုးမွှားတွေကို ဖယ်ရှားခြင်းက များစွာအကျိုးရှိပါတယ်။ သင့်ခံတွင်းကို မကျန်းမာစေမယ့် ဗက်တီးရီးယားတွေ နေလို့မရအောင် ရှင်းပစ်လိုက်နိုင် သွားပြီဖြစ်ပါတယ်။ သွားဖုံးရောင်တဲ့ရောဂါတွေနဲ့ သွားဖုံးအနာတွေဖြစ်ခြင်းက ဆာလဖာဒြပ်ငွေ့ ဖြစ်ပွားစေတဲ့အတွက် သွားဆရာဝန်နဲ့ ပုံမှန်သွားရောက်ပြသစစ်ဆေးဖို့လိုပါတယ်။
၃။ ခံတွင်းကို ရေဓာတ်ပြည့်ဝအောင်ထားပါ
သင့်ခံတွင်းခြောက်နေပြီလို့ ခံစားရပြီဆိုတာနဲ့ လျှာ၊ သွားဖုံးနဲ့ ပါးစောင်တွေထဲမှာရှိတဲ့ သေနေတဲ့ဆဲလ်တွေဟာ စုပေါင်းလာကြပါတယ်။ ဒါတွေကို ဖယ်ရှားဖို့ တံတွေးပမာဏမလုံလောက်ဘူးဆိုရင်တော့ ဗက်တီးရီးယားတွေဟာ ဆဲလ်အသေတွေနားမှာလာပြီး ပွားများလာကြမှာပါ။ ဒါဟာ ဆာလဖာဒြပ်ငွေ့ပေါင်းတွေ ဖြစ်ပေါ်ပြီး ခံတွင်းနံ့ဆိုးတွေ ဖြစ်ပွားရခြင်းဖြစ်ပါတယ်လို့ Dr Kinane က ပြောပါတယ်။
အဒိုနီရမ်