''အရင်တုန်းကတော့ ဆိပ်ကမ်းဘက် ပုံမှန်လမ်းလျှောက် ဖြစ်ပါတယ်။ အခုနောက်ပိုင်းကျတော့ ကွန်တိန်နာကားကြီးတွေက ရှုပ်၊ စက်ဘီးစီးတဲ့ကလေး၊ ဘောလုံးကန်တဲ့ကလေးတွေကလည်း သက်ကြီးလမ်းလျှောက်သူတွေကို ဂရုမထားတော့ ကျွန်မကိုယ်တိုင် စက်ဘီးတစ်ခါ အတိုက်ခံရဖူးတယ်။ ကျောကိုဘောလုံးမှန်ဖူးတယ်။ ဒါအပြင် ဟိုတယ်ကြီးဆောက်လုပ်ပြီးတော့လည်း အရံအတားတွေနဲ့ လမ်းလျောက်လို့ သိပ်မကောင်းတာနဲ့ မလျှောက်ဖြစ်တာ နှစ်နဲ့ချီသွားပြီ''။
''သားတို့ဆော့နေကျ ဘောလုံးကစားကွင်း ပျောက်သွားလို့ လမ်းပေါ်မှာ ကန်ပြန်တော့လည်း ရပ်ထားတဲ့ကားမှန်တွေကို ထိတာနဲ့၊ လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေတာနဲ့ နောက်ပိုင်း မကန်ဖြစ်တော့ဘူး''။
''တစ်နေကုန် ကျောင်းနဲ့ကျူရှင် မိုးလင်းကနေ မိုးချုပ် အချိန်ပေးနေရတော့ အညောင်းတွေမိနေပြီ။ လူကမလန်းတော့ ဖတ်ထားသမျှ စာတွေမမှတ်မိတော့ဘူး။ ခဏလေးနားရတဲ့အချိန်ကျတော့လည်း သူ့သူငယ်ချင်းတွေနဲ့ Chatting တို့၊ Facebook တို့နဲ့ ငြိမ်ကုပ်နေပြန်ရော''။
''ဒီတစ်နှစ်အတွင်း ပေါင် ၃၀ လောက်ကို တက်လာတာ။ အရင်ကတည်းက ဝတဲ့အပြင် ကြိုက်လိုက်တဲ့ဟမ်ဘာဂါ၊ စားလိုက်တဲ့ကြက်ကြော်နဲ့ ရေခဲမုန့်။ အခုတော့ ဆရာဝန်က ဝိတ်လျှော့ခိုင်းပြီ။ ရင်ဘတ်အောင့်လို့ ဆေးခန်းသွားပြတာ သွေးစစ်ကြည့်တော့ ကိုလက်စထရောတွေ တက်နေတယ်တဲ့''။
''အလုပ်မှာ Stress သိပ်များတယ်။ အလုပ်ရှုပ်တော့ အမှားတွေဖြစ်၊ အမှားတွေများမှာစိုးတော့ လုပ်နေကျ ကျွမ်းကျင်တဲ့အလုပ်ကိုပဲ နှစ်ခါသုံးခါပြန်စစ်နဲ့ ရှုပ်နေပြန်ရော။ ကြာတော့ တော်ရုံဆုံးဖြတ်ချက်လေး လုပ်ရမှာတောင် ယောင်တောင်တောင် ေ၀ဝါးဝါးဖြစ်ချင်လာတယ်''။
Fitness Centre ဘာကြောင့်သွား . . .
သည်လိုနှင့်မြို့ပြနေ လူတန်းစားများ Fitness Centre နှင့် Gym များဆီသို့ ရောက်ကုန်၏။ ၁၉၉၀ ဝန်းကျင် နှစ်များဆီက အေရိုးဗစ်လေ့ကျင့်ခန်းတွေ ခေတ်စားလာသည်။ နေရာလပ်တွေ၊ ကစားကွင်းတွေ ကျယ်ကျယ် ပြန့်ပြန့်ရှိသဖြင့် အုပ်စုလိုက်အဖွဲ့လိုက် ကျန်းမာရေး လေ့ကျင့်ခန်း စုပေါင်းလုပ်ခဲ့ကြသည်။ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဟူသော ဆော်သြသည့်သီချင်းသံနှင့်အတူ လူထုလမ်းလျှောက်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြသည်။ ရန်ကုန်ကန်တော်ကြီး၊ မန္တလေးက ကျုံးတစ်ဝိုက် လေ့ကျင့်ခန်းယူ လမ်းလျှောက်သူများ တဖြည်းဖြည်းတိုးပွားလာသည်။ ထို့နောက် ဆယ်မိနစ်လောက်အကြာတွင် ယောဂ၊ ထိုက်ချိလေ့ကျင့်ခန်းများ ခေတ်စားလာပြန်သည်။ ၂၀၁၀ ပြည့်နှစ်လောက်တွင် Gym များ၊ Fitness Centre များဖွင့်လှစ်လာပြီး ပုံမှန်ကစားသူ Member များအတွက် ဝန်ဆောင်မှုပေးခြင်းဖြင့် လုပ်ငန်းတိုးချဲ့လာနိုင်ကြသည်။
Gym ဘာကြောင့်သွားသင့်သလဲ . . .
၂၀၁၃-၂၀၁၄ တွင် Six Packs ရအောင် ကစားကြသည့် အမျိုးသားအငယ်အရေအတွက်က များသည်ထက် များလာသည်။ ပြည်ပအနုပညာရှင်များ၏ လွှမ်းမိုးမှုကြောင့်ဟု ဆိုနိုင်သော်လည်း ကောင်းသောအတုယူမှုဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီးပွားရေးနယ်ပယ်၌ သိသိသာသာ ပြောင်းလဲလာမှုများနှင့်အတူ စားသောက်နေထိုင်မှုပုံစံများလည်း ပြောင်းလဲလာကြသည်။
အသင့်စားအစာများ နှစ်ခြိုက်သူများလာသလို နိုင်ငံအစုံမှ စားသောက်ဆိုင်များစွာ ပေါ်ထွန်းလာသည်။ စီးပွားရှာအခွင့်အလမ်းများလာသည်နှင့်အမျှ မိသားစုအတွက် မိမိကျန်းမာရေးအတွက် အချိန်ပေးမှုက အချိုးကျနည်းလာသည်။
နိုင်ငံအနေနှင့်ကြည့်လျှင်လည်း အလှူအတန်း ထိပ်ဆုံးနေရာရောက်ခဲ့ပြီး ကင်ဆာရောဂါအဖြစ် အများဆုံးတိုင်းပြည်တွင် ပါဝင်နေပြန်သည်။ ယခုရောက်လာသည့် ၂၀၁၆ ခုနှစ်လို ပြိုင်ဆိုင်မှုပြင်းထန်ခြင်းမျိုး ၂၀၁၂- ၂၀၁၅ တွင်လည်း ကြုံခဲ့ရသည်။ ဆင်းရဲချမ်းသာကွာဟမှု ပိုများလာလေ ကျန်းမာရေးစောင့်ရှောက်မှု ကျန်းမာရေးအသိနှင့် ကျန်းမာရေးသတိများ ပိုလိုအပ်လာလေဖြစ်မည်။
လုပ်ငန်းအဖွဲ့အစည်းများတွင် ဦးဆောင်နေသူများ ပါဝင်ဆောင်ရွက်နေသူများတွင်လည်း ရာထူး Level အလိုက် Stress Level လည်းမြင့်လာကြသည်။ အလုပ်များလေ၊ ဆုံးဖြတ်ချက်မှန်ကန်ရန် ပိုအရေးကြီးလေ၊ ကျန်းမာဖျတ်လတ်ရန် လိုအပ်လေဆိုသည်ကို အားလုံးသတိပြုမိလာကြသည်။
Gym က ပေးသောဝန်ဆောင်မှုများ . . .
အထူးသဖြင့် နိုင်ငံခြားသား Expatriate များ ငှားရမ်းဖွင့်ထားသော Gym များ၊ ကာယဗလပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိဖူးသူများ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယအလှသင်တန်းခန်းမများ၊ ဟိုတယ်ကြီးများတွင် ဝန်ဆောင်မှုပေးသော Gym များ စသည်ဖြင့် Fitness Centre ပေါင်းများစွာရှိနေရာ Service ၊ Facility နှင့် တည်နေရာအနေအထားကိုလိုက်ပြီး Member ကြေး သောင်းဂဏန်းမှ သိန်းဂဏန်းအထိ Charge လုပ်ကြသည်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးလိုမြို့ကြီးများတွင် သဘာဝလေရှူရှိုက်ရင်း ကိုယ်လက်လှုပ်ရှားလုပ်နိုင်သောနေရာများ နည်းပါးလာခြင်းက လူအများစုကို Gym ထဲ တွန်းပို့သလိုဖြစ်နေပြန်သည်။
လှချင်သူ၊ ဝချင်သူ၊ ပိန်ချင်သူ၊ ကျန်းမာချင်သူ ဘယ်လိုရည်ရွယ်ချက်နှင့်ပဲ လာလာ Customer လိုအပ်သောဝန်ဆောင်မှုပေးစွမ်းနိုင်ရန် အားလုံးကပြင်ဆင်ထားကြသည်ကို တွေ့ရသည်။ သွေးတွင်းအဆီဓာတ်၊ သကြားဓာတ်မြင့်မား၍ နှလုံးကျန်းမာရေးအတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်လိုသူများအတွက် သီးသန့်လေ့ကျင့်ခန်းများ၊ ငယ်ငယ်ရွယ်ရွယ်နှင့် အဝလွန်နေသူကလေးများအတွက် ခပ်ပြင်းပြင်းမောင်းမည့်သင်ခန်းစာများ၊ Six Packs ရချင်သူ ကိုလူပျိုတို့အတွက် စနစ်တကျ အချိုးတကျ တွက်ချက်ထားသည့်လေ့ကျင့်ခန်း၊ အချိန်မပေးနိုင်သူ ကုမ္ပဏီလောကသားများအတွက် မိနစ် ၃၀ ပေးရုံဖြင့် ထိရောက်မှုရှိစေမည့် အစီအစဉ်များ၊ ရက်တိုအတွင်း အဆီချလိုသူတွေအတွက် ဆေးဝါးအကူနှင့် လေ့ကျင့်ခန်းတွဲဖက်ဆောင်ရွက်ပေးမှုများ၊ ကိုယ်အလေးချိန်လျှော့ချလိုသူများ၊ ခန္ဓာကိုယ်အချိုးအစား ပြုပြင်လိုသူအလိုက် ညှိနှိုင်းဝန်ဆောင်မှုများဟူ၍ ရှိနေပါသည်။
2015 Fitness Industry
International Health, Racquet & Sportsclub Association (IHRSA) ၏ အစီရင်ခံစာအရ နှစ်တစ်နှစ်၏ ပထမသုံးလ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများတွင် ကမ္ဘာတစ်ဝန်း Fitness Centre များ၌ Member ဝင်သူဦးရေအများဆုံးဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာလည်း နှစ်သစ်သန္နိဋ္ဌာန်ချတတ်သော အလေ့အကျင့်ရှိသူတို့ကြောင့်ဟု သုံးသပ်တင်ပြထားသည်။ အဆိုပါအစီရင်ခံစာအရ အမေရိကန်နိုင်ငံတွင် Fitness Industry ၏ အမြတ်ဝင်ငွေမှာ ၂၁.၄ ဘီလီယံရှိနေပြီး Member ဝင်သူအရေအတွက်မှာ ၅၁.၄ သန်းကျော် ရှိနေပြီဟု သိရှိရသည်။ အဝလွန်သူများအတွက် လူငယ်အစီအစဉ်များမှာလည်း လူကြိုက်များနေပြီး ၁၈ နှစ်အောက်လူငယ် ၆.၁ ဘီလီယံကျော်မှာ Fitnes Centre များတွင် ဝင်ရောက်ကစားနေကြပြီဖြစ်သည်။ သူတို့ဆီတွင် ပင်စင်စားသက်ကြီး ရွယ်အိုများအတွက် Silver Sneakers ဟု အမည်ပေးထား သည့် Fitness Programe တစ်ခု စီစဉ်ဆောင်ရွက်နေပြီး အားလုံးနှစ်ခြိုက်ပါဝင်ကြကြောင်းလည်း သိရသည်။
Master Card မှ ပြုလုပ်သောလေ့လာမှုအရ အာရှနိုင်ငံ ၁၄ နိုင်ငံတွင် Master Card မှတစ်ဆင့် အားကစားလေ့ကျင့်မှုအတွက် ငွေပေးချေမှုမှာ ၇၈ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်ဟု ဆိုသည်။
နည်းပညာအခြေခံ Fitness
iPhone နှင့် Android များတွင် Fitness နှင့်ဆိုင်သော Apps များကို အလွယ်တကူ ရယူသုံးစွဲနိုင်ခြင်းက လူငယ်၊ လူလတ်ပိုင်းများ အကြိုက်တွေ့စေမည်။ အဆိုပါ Apps အများစုမှာ အခမဲ့ရယူသုံးစွဲနိုင်ပြီး ကျန်းမာရေးလှုပ်ရှားမှုအတွက်သာမက အစားအသောက် ကယ်လိုရီတွက်ချက်မှုများကိုပါ ဆောင်ရွက်ပေးသောကြောင့် Fitness Industry ဝင်ငွေထိခိုက်နိုင်သည်ဟု တွက်ဆသူများရှိနေသည်။ သို့သော် ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားရာတွင် အများစုက အပေါင်းအဖော်နှင့် ကစားမှ ရေရှည်လုပ်ဖြစ်ကြခြင်း၊ အဆိုပါ Apps များကြောင့် ကိုယ်တိုင် Gym သွားပြီး ကစားလိုစိတ်ပေါ်လာနိုင်ခြင်းတို့ကြောင့် Industry အတွက် အလားအလာကောင်းများ ဖြစ်သည်ဟု ယူဆသူများလည်းရှိပါသည်။
အနာဂတ် Fitness Industry . . .
ကာယ၊ အလှနှင့် ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေသော ဒီလုပ်ငန်းများသည် နာမည်ကောင်းနှင့် ကျော်ကြားနိုင်အောင် တည်ဆောက်ထားနိုင်လျက် ရေရှည်အကျိုးရှိသော လုပ်ငန်းဖြစ်နေမည်ဖြစ်သည်။ ဈေးကွက်တွင်း ယှဉ်ပြိုင်ရာတွင် ပစ္စည်းကိရိယာအထောက်အကူ၊ လေ့ကျင့်ခန်းမ၏ သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်၊ ကျွမ်းကျင်တဲ့ Trainer ၊ ထိရောက်သောလမ်းညွှန်ပြသမှု၊ ပညာပေးမှုနှင့် ဖွင့်ထားသော ဂီတတီးလုံးကအစ ဂရုစိုက်ပြင်ဆင်ရမှာဖြစ်ပါသည်။
လက်ရှိ Gym တွေမှာ Member အဖြစ် ဝင်ရောက်ကစားနေသူတွေကတော့ ဟိုတယ်ကြီးတွေနဲ့ တချို့အဆင့်မြင့် Fitness Centre တွေမှာ ပေးနေတဲ့ Facility နဲ့ သိပ်မကွာခြားဘဲ ဈေးနှုန်းသင့်တင့်တဲ့နေရာတွေ များများဖွင့်လာနိုင်ဖို့ မျှော်လင့်ကြကြောင်း၊ Customer တွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီး အထူးသီးသန့် ရလဒ်တစ်ခုကိုပေးတဲ့ သင်တန်းအသေးစားလေးတွေ ဖွင့်နိုင်ရင် စိတ်ဝင်စားမှုပိုရနိုင်ကြောင်း၊ ဂီတအခြေခံပြီး အကနဲ့တွဲဖက်ကစားရတဲ့ကစားကွက်တွေကို လူငယ်တွေတင် စိတ်ဝင်စားတာမဟုတ်ဘဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေပါ စိတ်ဝင်စားအောင် တီထွင်သင့်ကြောင်း၊ Yoga လေ့ကျင့်မှုဟာ ကျောရိုး၊ နှလုံးနဲ့ တချို့သောကင်ဆာရောဂါတွေအတွက် သက်သာပျောက်ကင်းစေနိုင်တဲ့ အကျိုးတွေရှိနေတာကြောင့် ရေရှည်လူကြိုက်များနေမှာဖြစ်ကြောင်း၊ စက်ဘီးနင်းစက်တွေနဲ့ လေ့ကျင့်မှုကို လူအများစုက နှစ်သက်သလို အနာဂတ်မှာလည်း ဆက်လက်ရေပန်းစားနေမှာဖြစ်ကြောင်း၊ Fitness Centre တွေမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတာလို တခြားအချက်အလက်တွေကိုပါ ဖော်ပြပေးနိုင်တဲ့ Wearable Devices တွေ ထားရှိစေလိုကြောင်း အကြံပြုပြောကြားကြပါသည်။
ကျန်မာရေးသည် လာဘ်ကြီးတစ်ပါးဖြစ်သောကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဗဟုသုတ ရှိလာသည်နှင့်အမျှ မွန်းကြပ်သောကားနံ့၊ ဆီနံ့ထုံမွှန်းသော လေကို ရှုနေရသည်နှင့်အမျှ ပြည်သူများအနေဖြင့် Gym တွေ Fitness Centre တွေဆီ ပိုမိုရောက်ရှိလာကြမှာဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့လုပ်ငန်းဖြစ်တာကြောင့် လူလတ်တန်းစားအများစုပါ သုံးစွဲနိုင်မည့် သန့်ရှင်းလုံခြုံပြီး စေတနာထားညွှန်ကြားပေးနိုင်သည့် Health Club တွေ များများပေါ်ထွန်းလာဖို့ လိုအပ်ပါကြောင်း။
အယ်ဒီတာအဖွဲ့