အစိုးရသစ်လက်ထက်မှာ UMFCCI ရဲ့ Role က ဘယ်လိုပြောင်းပြီးလုပ်လာဖို့ရှိပါသလဲ . . .
UMFCCI ဆိုပြီး ကွက်ကွက်ကလေး ကျွန်တော်မပြောလိုပါဘူး။ တကယ်ပြောမယ်ဆိုရင် Institution တွေ ခိုင်မာလာဖို့လိုပါတယ်။ အရည်အသွေးရှိဖို့ လိုပါတယ်။ နိုင်ငံတော်အစိုးရက ကြိုးစားပြီးတော့ ဆောင်ရွက်သလို စီးပွားရေးနဲ့သက်ဆိုင်တဲ့ ကျွန်တော်တို့လို Institution တွေကလည်း အားကောင်းပြီး တိုးတက်ဆောင်ရွက်မှု ဖြစ်စဉ်တွေမှာ လှိုက်လှိုက်လှဲလဲှ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှ ကျွန်တော်တို့ ပြည်သူတွေ မျှော်မှန်းတဲ့ တိုင်းပြည်ဖွံ့ဖြိုးတက်မှုအနေအထားကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
UMFCCI ကလည်း စီးပွားရေးကဏ္ဍမှာ ဦးဆောင်တဲ့အသင်းအနေနဲ့ ဒီနေ့ဆောင်ရွက်နေတဲ့ အနေအထားတွေကနေ နောက်ထပ်တစ်ဆင့်ပိုပြီး ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်အစည်းဝေးတွေမှာ ကျွန်တော်အမြဲတမ်းပြောသလို လက်ရှိထက် နှစ်ဆ သုံးဆ ပိုကြိုးစားအားထုတ်ဖို့လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က အရည်အသွေးပိုမြင့်မားလာဖို့ ကိုယ့် Instituion ကို တည်ဆောက်ဖို့လိုပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်နဲ့ စီးပွားရေးကဏ္ဍတွေကို ဆွေးနွေးဖို့ ကျွန်တော်တို့က Input တွေပေးတဲ့အခါမှာ Evidance based တွေဖြစ်ဖို့ လိုပါတယ်။ Wish တစ်ခုတည်းကို ဦးစားပေးဆောင်ရွက်လို့မရပါဘူး။ အားလုံးက ကျိုးကြောင်းနဲ့ ပြည့်စုံတဲ့လေ့လာမှုတွေကို အခြေခံပြီး နိုင်ငံတကာမှာ ဘယ်လိုဆောင်ရွက်လို့ ဘယ်လိုတိုးတက်မှုရှိတယ် ဆိုတာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ ဒီလိုလုပ်မှသာ ပိုပြီးဆီလျော်ပါတယ်။
ဒါကြောင့် UMFCCI မှာ Economic Survey and Research Department တည်ထောင်ထားရှိပါတယ်။ အဲဒါကို ESRI ဆိုပြီး Institution အဆင့်တိုးမြှင့်ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ ဒါမှသာ စစ်တမ်းကောက်ယူမှုတွေ၊ သုတေသနတွေလုပ်ပြီး အဲဒီကရလာတဲ့ အဖြေတွေနဲ့ ရှေ့ဆက်ပေါ်လစီအတွက် လုပ်သွားမှာဖြစ်ပါတယ်။ ဒါအပြင် စီးပွားရေးမှာ နေ့စဉ်ဖြေရှင်းပေးရမယ့် ကိစ္စတွေရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ အခက်အခဲတွေကိုလည်း နိုင်ငံတော်က အချိန်နဲ့တစ်ပြေးညီ သိဖို့လိုအပ်ပါတယ်။ သိမှလည်း ဖြေရှင်းပေးနိုင်မှာပါ။ ဖြေရှင်းပေးဖို့ဆိုတဲ့နေရာမှာလည်း တွေ့ကြုံရတဲ့ကိစ္စတွေရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး တကယ့်ပေါ်လစီပိုင်းကစလို့ ဦးဆောင်ဖြေရှင်းပေးနိုင်တဲ့ပုဂ္ဂိုလ်တွေသိမှ ဖြေရှင်းနိုင်မယ့်ကိစ္စမျိုးဆိုရင် အဲဒီလိုလူတွေ သိအောင်လုပ်ရပါမယ်။
အဲဒါတွေကို စနစ်တကျနဲ့ ဆောင်ရွက်နိုင်ဖို့ အကျိုးအကြောင်းနဲ့တကွ တင်ပြနိုင်ဖို့အတွက် အသင်းချုပ်မှာ Myanmar Business Forum ဆိုပြီးတော့ Forum ကြီးတစ်ခုကို တည်ထောင်ထားပါတယ်။ ဒါက တစ်ကြိမ်တည်း လုပ်တဲ့ပွဲမျိုးမဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေမှန်သမျှ အားလုံးအတွက် ကိုယ်စားပြုပြီး လုပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရော၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရော အားလုံးကို ကိုယ်စားပြုပါတယ်။ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုရှိမှ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး MBF ရဲ့အခန်းကဏ္ဍကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ လိုပါတယ်။ အဓိကကတော့ ဆောင်ရွက်ဖို့ Private Public Dialogue တွေ လုပ်ဖို့ပါ။
ဒီလို ပုဂ္ဂလိကနဲ့အစိုးရ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေက အရေးကြီးပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ အဆုံးအဖြတ်ပေးနိုင်တဲ့၊ Policy ဆိုလည်း Policy ပိုင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံတော်ရဲ့ အဆင့်မြင့် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်တဲ့အခါ ထိရောက်မှုရှိဖို့ ကျွန်တော်တို့က Secretarial အဖွဲ့ တည်ထောင်ထားပြီး အရှိန်အဟုန်နဲ့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။
နောက်ပိုင်းမှာ နည်းဥပဒေထုတ်မယ်ဆိုရင် UMFCCI ကို ညှိနှိုင်းပြီး ထုတ်တာမျိုး ဖြစ်လာသင့်ပါသလား . . .
နိုင်ငံတကာမှာတော့ ဒီအတိုင်းပဲလုပ်ပါတယ်။ UMFCCI ရဲ့ လုပ်လေ့လုပ်ထရှိတဲ့ အပိုင်းလည်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ကျွန်တော်တို့ရဲ့ Input ကို အမြဲတမ်းအလေးထားပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အစိုးရသစ်လက်ထက်မှာ UMFCCI ရဲ့ Voice ပိုရှိလာမယ်လို့ ပြောနိုင်ပါသလား . . .
ကျွန်တော်တို့ရဲ့အရည်အသွေး ၊ မှန်ကန်တဲ့ရပ်တည်ချက်ပေါ်မှာ မူတည်ပါတယ်။ ဦးဆောင်အဖွဲ့အစည်းဆိုတဲ့ အမည်နဲ့ Protocol ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ အရည်အသွေးရှိပြီး မှန်ကန်စွာရပ်တည်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုပါတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့မှာ ပါဝင်တဲ့ အလုပ်အမှုဆောင်တွေ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ အချိန်ပေးနိုင်မှု၊ အားတက်သရော ဆောင်ရွက်နိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှုတွေ လိုအပ်ပါတယ်။ အဲဒါတွေနဲ့ ပြည့်စုံတယ်ဆိုရင်တော့ အသိအမှတ်ပြုလာပါလိမ့်မယ်။
အခုလည်း UMFCCI အပေါ်မှာ နိုင်ငံတကာက စီးပွားရေးအဖွဲ့အစည်းတွေ အလေးထားတာတွေကိုလည်း တွေ့နေရပါတယ်။ ၂၀၁၁ ခုနှစ်ကနေစလို့ ၂၀၁၆ ခုနှစ်အထိ အသင်းရပ်တည်လုပ်ဆောင်လာနိုင်မှုတွေဟာ အသင်းကြီးမှာပါဝင်ကြတဲ့ အလုပ်အမှုဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်။
UMFCCI မှာ IFC နဲ့ တွဲလုပ်နေတာတချို့ ရှိတယ်လို့သိရပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပါဦး . . .
အဲဒါက Myanmar Business Forum ပါ။ ဒါကို IFC က ကျွန်တော်တို့ကို နည်းပညာအကူအညီပေးပါတယ်။ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီးစနိုင်ငံတွေမှာ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို Economic Reform တွေလုပ်တဲ့ နိုင်ငံတွေမှာ အရေးအကြီးဆုံးကတော့ Private Sector ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ အစိုးရအနေနဲ့ ဆောင်ရွက်ပေးရမယ့်ကိစ္စရပ်တွေကို အစိုးရသိရှိနိုင်ဖို့နဲ့ လုပ်ငန်းရှင်ကလည်း သိဖို့လိုပါတယ်။ တချို့လုပ်ငန်းရှင်တွေက တကယ့် Policy တွေကို ထဲထဲဝင်ဝင် မသိတဲ့အခါမှာ မှားမှန်းမသိဘဲ မှားနေတာတွေ၊ အမြင်မှားနေတာတွေ ရှိပါတယ်။ ဒါတွေကို အစိုးရက ရှင်းပြဖို့လိုပါတယ်။ ဒါတွေအတွက် Platform တစ်ခု လိုပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလို Platform တွေရှိပါတယ်။ ဗီယက်နမ်မှာဆိုရင် Vietnam Business Forum ဆိုပြီးရှိပါတယ်။ ကမ္ဘောဒီးယားမှာဆိုလည်း Cambodia Business Forum ဆိုပြီးရှိပါတယ်။ အဲဒီနှစ်နိုင်ငံလုံးမှာ နိုင်ငံရဲ့အမြင့်ဆုံးစီမံအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က (ဗီယက်နမ်မှာဆိုရင် သမ္မတ၊ ကမ္ဘောဒီးယားမှာဆိုရင် ဝန်ကြီးချုပ်) ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါ ဒီ Forum တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ အစိုးရဌာနအဆင့်အလိုက် ဖြေရှင်းမပေးနိုင်တဲ့ကိစ္စ၊ ဥပမာ - ဥပဒေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးဖြေရှင်းကြပါတယ်။ ဒါကို ကျွန်တော် လွန်ခဲ့တဲ့တစ်နှစ်ခွဲကတည်းက နိုင်ငံတော်အစိုးရကို တင်ပြပြီး Myanmar Business Forum ကို စပြီးတည်ထောင်ခဲ့ပါတယ်။ အခုအထိတော့ အောင်မြင်မှုမရသေးပါဘူး။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ ဌာနဆိုင်ရာအဆင့်မှာ ဖြေရှင်းလို့မရတဲ့ကိစ္စဆိုရင် ဝန်ကြီးဌာနအထိတက်ရမယ်။ Cross Sector ကိစ္စရပ်တွေဆိုရင် ဝန်ကြီးဌာန နှစ်ခု၊ သုံးခုအထိပါလာပါပြီ။ ဒါကို Senior Minister က ဖြေရှင်းပေးတာမျိုးတွေ ရှိပါမယ်။ အဲဒီလိုမှမရဘူးဆိုရင် နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက်လည်း တကယ်အရေးပါတဲ့ ကိစ္စဖြစ်နေရင် နိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေဆိုရင် သက်ဆိုင်ရာ ဖြေရှင်းပေးနိုင်တဲ့အဆင့်အထိ တင်ပြဆောင်ရွက်ဖို့ လိုပါတယ်။ ဒါက Step by Step Public Private Dialogue ပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒါတွေကို ဖြေရှင်းပေးနိုင်တဲ့ လူက သမ္မတပဲဖြစ်ပါတယ်။ ဒီလို Myanmar Business Forum ရှိတဲ့အတွက် ဖြေရှင်းပေးလို့ ရနိုင်တဲ့ကိစ္စဖြစ်နေလျက်နဲ့ မဖြေရှင်းပေးခဲ့ရင် တစ်နေ့ သူ့ရဲ့အထက်ကို ရောက်ရှိသွားမယ်ဆိုတဲ့ အသိရှိနေတဲ့အတွက် ကျိုးကြောင်းမဆီလျော်တဲ့ Resistance တွေလည်း လျော့သွားပါမယ်။ ဒါက တိုင်းပြည်အတွက် သိပ်ကို လိုအပ်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် နိုင်ငံတော်သမ္မတကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက ကိုယ်တိုင်တင်ပြပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဆိုလိုတာက တင်ပြတိုင်းလည်း ဖြေရှင်းပေးဖို့မလိုပါဘူး။ တင်ပြတဲ့လူဘက်ကလည်း မှားနိုင်ပါတယ်။ မှားနေရင်လည်း မှားနေမှန်းသိအောင် ရှင်းပြလိုက်ရင် ကျေနပ်သွားမှာပါ။ ဒါကြောင့် ဒါက Private Sector နဲ့ အစိုးရနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။
အခုလောလောဆယ်မှာ Centeral Bank က Exchange Rate တစ်ခုထုတ်ထားပြီး အပြင်က ဘဏ်တွေက Rate တစ်ခုဖြစ်နေပါတယ်။ အပြင်မှာ Grey Area ကနေ Rate က တစ်မျိုး ပြန်ထွက်လာတာပါပဲ။ ဒါဆိုရင် Centeral Bank ရဲ့ Role က ဘယ်လိုဖြစ်သင့်တယ်လို့ ထင်ပါသလဲ . . .
Central Bank ကနေပြီး ကျွန်တော်တို့ လိုအပ်တဲ့အချိန်တွေမှာ Intervention လုပ်နိုင်ဖို့ဆိုရင် သူ့မှာလည်း Reserve ရှိနေဖို့လိုပါတယ်။ ဒါလည်း Factor တစ်ခုဖြစ်လာပါမယ်။ အပြင်မှာ အခုဖြစ်နေတဲ့ ဒေါ်လာနဲ့ ကျပ်နဲ့ Exchange Rate က Speculation ကြောင့် ဖြစ်လာတဲ့ Rate မဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် အခုဆိုရင် တဖြည်းဖြည်းနဲ့ Central Bank အနေနဲ့ Regulation တွေ ထုတ်လာပါပြီ။ တကယ်တော့ အားလုံးရဲ့ Mind Set တွေပဲ ပြောင်းဖို့လိုတာပါ။ နိုင်ငံခြားငွေကို မှီခိုလွန်းတဲ့အခါကျတော့ Speculation ဆိုတာက အလိုအလျောက် ဖြစ်ပေါ်လာပါတယ်။ ဒီနိုင်ငံခြားငွေကြေးကို မလိုအပ်တဲ့ နေရာတွေမှာရော လိုအပ်တဲ့နေရာမှာပါ တအားဇောင်းပေးပြီးတော့ သုံးကြတာတွေ့ပါတယ်။ မလိုအပ်တဲ့ Sector တွေမှာ တအားအားထားတဲ့ Mindset ကို ပြောင်းဖို့လိုအပ်ပါတယ်။ ဥပမာ - တက္ကစီစီးတဲ့အခါမှာ နိုင်ငံခြားသားဆိုရင် ဒေါ်လာတောင်းချင်တာကို တွေ့ရပါတယ်။ ဒါက ဥပမာလေးတစ်ခုပါ။ တကယ်တော့ ဘယ်နိုင်ငံကိုပဲသွားသွား၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် အိမ်ရှင်နိုင်ငံရဲ့ ငွေကြေးကိုပဲ သုံးလေ့ရှိပါတယ်။ ဒါတွေက အသေးအမွှားလေးတွေဖြစ်ပေမဲ့ အဲဒါတွေကြောင့်ပဲ လူတွေရဲ့စိတ်ထဲမှာ နိုင်ငံခြားငွေကို တအားအားထားတဲ့ပုံစံ ဖြစ်လာတဲ့အခါမှာ Speculation Effect ဆိုတာ အလိုလိုပေါ်လာတာပါပဲ။
Central Bank က ကျပ်ငွေကိုပဲသုံးရမယ်ဆိုတဲ့ နည်းဥပဒေတစ်ခု ထုတ်တာမျိုးကို Enforce လုပ်လို့ရပါသလား . . .
တကယ်တော့နိုင်ငံတိုင်းမှာ သူ့ရဲ့ Foreign Exchange Policy တွေရှိပါတယ်။ အဲဒါတွေကလည်း နိုင်ငံအတွက် တည်ငြိမ်မှုရှိစေဖို့ Policy တွေကို ချမှတ်သင့်လို့ လုပ်တာဖြစ်ပါတယ်။ ဒီလို Central Bank က ထုတ်လိုက်တဲ့ Regulation ကို ကျွန်တော့်အနေနဲ့ မှန်တယ်လို့ ယူဆပါတယ်။
အဲဒီထုတ်ထားတဲ့နည်းဥပဒေကို လိုက်ကိုလိုက်နာရမယ်ဆိုတာမျိုး လုပ်လို့ရနိုင်မလား။ အခုက တချို့ဟိုတယ်တွေမှာဆိုရင် ဒေါ်လာနဲ့ ဈေးနှုန်းဖော်ပြထားပြီး တစ်ဒေါ်လာကို ၁,၃၀၀ ကျပ်လောက်နဲ့ မြှောက်ပြီးယူနေတာမျိုးတွေကို တွေ့နေရပါတယ် . . .
Transparent ဖြစ်ဖို့ အရေးကြီးသလို Law Enforcement ကလည်း အရေးကြီးပါတယ်။ ထုတ်လိုက်တဲ့ Regulation ဟာ လက်တွေ့ကျတယ်ဆိုရင် အဲဒါကို လိုက်နာအောင်လည်း Enforce လုပ်ဖို့လိုပါတယ်။ ဟိုတယ်အနေနဲ့ နှိုင်းမယ်ဆိုရင်တော့ တခြားနိုင်ငံမှာလည်း ဒီလိုပါပဲ။ သူတို့ရဲ့ ပြည်တွင်းသုံးငွေကြေးနဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်ခက ရှိပြီးသားပါ။ အဲဒါကို မပေးနိုင်ရင်တော့ ဒေါ်လာလက်ခံတယ်။ အဲဒီအခါမှာ သတ်မှတ်ထားတဲ့ နှုန်းတစ်ခုနဲ့ လက်ခံသွားပါတယ်။ နိုင်ငံခြားသားဆိုရင် ဒေါ်လာပေးရမယ်။ မြန်မာဆိုရင် ကျပ်နဲ့ပေးရမယ်လို့ မဟုတ်ပါဘူး။ တကယ်က နှုန်းတစ်ခုတည်းကို Choice လုပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသားဆိုရင် ဒေါ်လာနဲ့ပဲပေးရမယ်ဆိုတာမျိုးက မလုပ်သင့်၊ မဖြစ်သင့်ပါဘူး။ ကိုယ့်ငွေကြေးကို ကိုယ့်လူမျိုးကတောင်မှ တန်ဖိုးမထားတာမျိုး မဖြစ်သင့်ပါဘူး။
အခုက Multi-National Coporation (MNC) တွေလာပြီး Invest လုပ်နေကြပါတယ်။ SME တွေအတွက် Investor Friendly ဖြစ်တဲ့ Environment လုပ်ပေးရမယ်ဆိုရင် လက်ရှိ FDI Law တွေနဲ့ပတ်သက်လို့ အစိုးရဘက်က ဘာတွေများလုပ်ဖို့ လိုမလဲ၊ လုပ်သင့်တာ ရှိပါမလဲ . . .
FDI Law နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် ကျွန်တော်တို့ UMFCCI က တော်တော်လေး Initiate လုပ်နေပါတယ်။ အခုလက်ရှိမှာ Foreign Investment Law ၊ Local Investment Law ဆိုပြီးရှိနေပါတယ်။ အဲဒီနှစ်ခုစလုံး ပေါင်းပြီး Law တစ်ခုတည်းအနေနဲ့ Myanmar Investment Law ဆိုတာ ပြဋ္ဌာန်းနိုင်ဖို့ လုပ်နေပါတယ်။ အားလုံးအတွက် တစ်ခုတည်းဖြစ်အောင် လုပ်ပေးတာဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ ကြည့်လိုက်ရင် မြန်မာနိုင်ငံတစ်ခုတည်း Law နှစ်ခု ရှိနေတာ ဖြစ်ပါတယ်။ သူများလုပ်လို့ ကိုယ်က လိုက်လုပ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတကာကနေလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် စပြီးလေ့လာတာက Discrimination ရှိသလား၊ အလွန်အမင်း ခွဲခြားထားတာရှိသလား၊ ပြည်တွင်းကလူတွေကို ဘယ်လောက်အထိ အခွင့်အရေးပေးထားပြီး နိုင်ငံခြားသားတွေကို ဘယ်လောက်အထိ ကန့်သတ်ထားသလဲဆိုတာတွေကို ရင်းနှီးမြှုပ်နှံသူတွေက အမြဲတမ်းကြည့်ပါတယ်။ Level Playing Field Environment ဖြစ်ဖို့၊ Enabaling Business Environment ဖြစ်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အများကြီးဆိုင်ပါတယ်။ ဒါကြောင့် ဒီစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလို့ ဆိုတဲ့အခါမှာ ပြည်ပကိုပဲ မတွေးသင့်ပါဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး ကုန်ထုတ်လုပ်မှုစွမ်းအားတွေ တိုးတက်လာအောင်လုပ်နိုင်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ အဲဒီအတွက် နိုင်ငံတော်အစိုးရအသစ်က ဒီဥပဒေကို စနစ်တကျနဲ့ အမြန်ဆုံး ဖြစ်တည်ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။
တခြားအိမ်နီးနားချင်းနိုင်ငံတွေမှာလို ကျွန်တော်တို့မှာလည်း ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေကို ခွဲခြားဆက်ဆံတာမဟုတ်ဘဲ ပြည်တွင်းကလူတွေကို အခွင့်အရေးပိုပေးဖို့ ဆိုတာမျိုး ရှိပါသလား . . .
တကယ်တမ်းက ခြုံငုံပြီးတော့ မျဉ်းတစ်ကြောင်းတည်း တားလို့မရပါဘူး။ ကိုယ့်နိုင်ငံထဲမှာ ဘယ်လို Industry မျိုးတွေ ဖြစ်တည်လာစေချင်သလဲ။ အဲဒီ ဖြစ်တည်စေချင်တဲ့လုပ်ငန်းကို ကိုယ့်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွမ်းဆောင်နိုင်တယ်ဆိုရင် ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံသားတွေက ဆောင်ရွက်နိုင်တဲ့အနေအထားမရှိဘူး၊ တိုင်းပြည်မှာလည်း ပြည်သူတွေရဲ့ အကျိုးအတွက် လိုအပ်နေတဲ့ လုပ်ငန်းတွေရှိတယ်ဆိုရင် အဲဒါမျိုးတွေအတွက် နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်ငန်းတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ ဆွဲဆောင်ရမှာပါပဲ။ ဒီလုပ်ငန်းတွေကို လာလုပ်မယ့်လူတွေအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးရပါမယ်။ နိုင်ငံတိုင်းမှာ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ဒီကနေ့အထိ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေကလည်း ဆွဲဆောင်နေရတဲ့အနေအထားမှာရှိပါတယ်။ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့နိုင်ငံပါ။ ဒါကြောင့် ကိုယ်လိုချင်တဲ့ လုပ်ငန်းတွေပေါ်မူတည်ပြီး စဉ်းစားရမယ့်ကိစ္စဆိုရင် ပိုမှန်ပါတယ်။
Level Playing Field ဆိုတဲ့ကိစ္စကို ပြောရရင် ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေယှဉ်ရင် Capital ကွာပါတယ်။ ငွေကြေးပိုင်းမှာ လက်ရှိအနေအထားက ပိုပြီးတိုးတက်ဖို့လိုပါတယ်။ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပိုမိုရနိုင်ဖို့ Financial Institution တွေ တိုးတက်ဖို့လိုပါတယ်။ နောက်တစ်ခုက နည်းပညာပါ။ ဒါကလည်း ကျွန်တော်တို့မှာ အားနည်းချက်တွေ ရှိပါတယ်။ နောက်ပြီး ဈေးကွက်။ ပြည်တွင်းဈေးကွက်က တစ်ပိုင်းပါ။ Trade Surplus ဖြစ်လာဖို့ဆိုရင် ကျွန်တော်တို့က Export လုပ်နိုင်ဖို့လိုပါတယ်။ အဲဒီတော့ Export ဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ စွမ်းအားကလည်း အရေးကြီးပါတယ်။ နိုင်ငံတကာက အသေးစားအလတ်စားလုပ်ငန်းတွေ လာကြဖို့များပါတယ်။ သူတို့နဲ့ ပူးတွဲရင်းနှီးမြှုပ်နှံနိုင်မယ့် ပတ်ဝန်းကျင်ဖြစ်လာရင်တော့ အကောင်းဆုံးပါပဲ။
ဒါကြောင့် UMFCCI က နိုင်ငံတကာကိုသွားပြီး မြန်မာပြည်တွင်းလုပ်ငန်းတွေအတွက် Promotion တွေ သွားလုပ်ရင်လည်း တကယ်တမ်း ဦးစားပေးပြီးလုပ်တာကတော့ Joint Venture တွေပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လေ့လာသင်ယူမှုအား အင်မတန်ကောင်းပါတယ်။ ကျွန်တော်တို့ အားနည်းနေတာတွေကို နိုင်ငံတကာက တွဲဖက်လုပ်ဆောင်မယ့် လုပ်ငန်းပါတနာဆီကနေ လေ့လာလို့ရပါတယ်။ ဒီအတိုင်း မကြိုးစားဘဲနေရင်တော့ ဘယ်လိုမှ တိုးတက်လာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းတွေက Joint Venture ရနိုင်မယ့် အနေအထားတွေလည်း ဖြစ်ဖို့လိုပါတယ်။
နိုင်ငံခြားသားတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ နောက်တွန့်နေတဲ့ ကိစ္စတစ်ခုက အိမ်ခန်းငှားခဈေးကြီးတာတွေ Property ကိစ္စတွေ ပါတယ်လို့ ကြားနေရပါတယ်။ လတ်တလောမှာ Condominium Law ကလည်း ထွက်ထားပြီးပြီးဆိုတော့ ဒါက Property Developer တစ်ယောက်အတွက်ဆိုရင်၊ နိုင်ငံခြားရင်နှီးမြှုပ်နှံသူတွေအတွက်ဆိုရင် အကျိုးရှိနိုင်ပါသလား . . .
Condominium Law လိုအပ်သလား၊ ရှိတာ ကောင်းလားလို့မေးရင်တော့ ရှိတာကောင်းပါတယ်။ လိုအပ်ပါတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဥပေဒမရှိရင် နာမည်ခံတွေနဲ့ ရောင်းနေဝယ်နေကြတာတွေ အများကြီးရှိမှာပါ။ အဲဒါတွေကို နိုင်ငံအတွက် အခွန်အနေနဲ့ပြောမယ်ဆိုရင်လည်း ဆုံးရှုံးပါတယ်။ ပွင့်လင်းမြင်သာမှု ကြိုတင်မှန်းဆနိုင်မှုမရှိဘဲ Informal Practice တွေနဲ့သွားနေတာပါ။ Condominium Law ရှိလာတော့ ဒါတွေက Formal Practice တွေနဲ့ဖြစ်လာပါမယ်။ ဈေးကွက်လည်း ပိုကျယ်ပြန့်လာပါမယ်။ မရှိခင်တုန်းကတော့ နိုင်ငံတကာကနေ ဒီမှာ ရေရှည်လာရောက်နေထိုင် အလုပ်လုပ်မယ့်သူတွေ ပိုင်ဆိုင်ဝယ်ယူခွင့်မရှိလို့ ငှားရမ်းနေရပါတယ်။ သူတို့မှာ ရွေးချယ်ခွင့်၊ ထိရောက်တဲ့ ရွေးချယ်နိုင်မှု မရှိပါဘူး။ ဒါတွေကလည်း အိမ်ငှားခတွေ ဈေးတက်နေတာမှာလည်း ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ နည်းဥပေဒေရှိလာဖို့က ကျွန်တော်တို့တာဝန်ပါပဲ။ ဈေးကွက်အနေနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေဘက်က ကြည့်မယ်ဆိုရင်လည်း ဈေးကွက်က ပွင့်လင်းမြင်သာမှုရှိပြီး ပိုကျယ်ပြန့်လာလို့ နိုင်ငံအတွက် အကျိုးရှိမယ့်ဥပဒေဖြစ်ပါတယ်။ Law ပြီးရင် သူနဲ့တန်းတူ အရေးကြီးတာကတော့ Rules & Regulations ထွက်ရပါမယ်။ အဲဒါက လက်တွေ့ဆန်တဲ့ လိုက်နာကျင့်သုံးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေဖြစ်ဖို့ လိုပါတယ်။ ဒါက နောက်တစ်ဆင့်အနေနဲ့ ကြိုးစားရမှာပါ။
တိုင်းပြည်တစ်ခုမှာ ဥပဒေတစ်ခု ပြဋ္ဌာန်းလိုက်ပြီဆိုရင် သူက ကျောက်သားပြင်ပေါ်မှာ ထုဆစ်ထားတဲ့ ပညတ်တော်ဆယ်ပါးလို မပြင်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရဲ့လိုအပ်ချက်နဲ့အညီ အချိန်အခါနဲ့အညီ ပြောင်းဖို့လိုပါတယ်။ နောက်တစ်ချက်ကလည်း ဒီလိုဥပဒေတွေ ရေးဆွဲတဲ့အခါမှာ လစ်ဟာနေတဲ့အတွက်ကြောင့် ဆောလျင်စွာ အကောင်အထည်ဖော်ရေးဆွဲရတဲ့ ဥပဒေတွေလည်း တော်တော်များများရှိပါတယ်။ အဲဒါတွေကိုလည်း Review လုပ်ပြီး စနစ်တကျတွေးခေါ် ဆွေးနွေးညှိနှိုင်း လေ့လာသုံးသပ်ပြီးတော့ တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိစေမယ့် ဥပဒေတွေ ဖြစ်လာအောင် လုပ်ဖို့လိုပါတယ်။ ဆွဲထားပြီးသားဖြစ်လို့ ဒါကိုမထိရဘူးဆိုတဲ့ အတွေးအခေါ်မဖြစ်ရပါဘူး။ Labour Law ဆိုရင် ပြင်စရာတွေ ရှိတာပါပဲ။ အဲဒီလို တခြား Law တွေလည်း ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေကို လေ့လာမှုတွေ ပြန်လုပ်နေပါတယ်။ Company Act Law ဆိုရင် လွတ်လပ်ရေးမရခင်က အက်ဥပဒေပါ။ ရန်ကုန်စတော့အိတ်ချိန်းလို စတော့ရှယ်ဈေးကွက်က ကောက်ခါငင်ခါထပြီး ဖွင့်လိုက်ရုံနဲ့မပြီးပါဘူး။ ရှေရှည်ဖြစ်တည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် Company Act Law တို့လို အရာတွေကို သွားပြင်ရဖို့တွေရှိပါတယ်။ ဒါတွေလည်း အခုတော့ စတင်လုပ်နေပါပြီ။ နိုင်ငံတော်အစိုးရအသစ်အနေနဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဥပဒေနှစ်ရပ်ဖြစ်တဲ့ ကုမ္ပဏီအက်ဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှုဥပေဒနှစ်ခုကို ဆောလျင်စွာလုပ်ဖို့လိုပါတယ်။ တကယ်တော့ ဥပဒေတင်မဟုတ်ဘဲ စနစ်တွေပါ လုပ်ရမှာပါ။ အများကြီးလုပ်ဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ လွှမ်းခြုံထိခိုက်နိုင်တာတွေအတွက် စနစ်တကျ ကြိုတင်ဆောင်ရွက်ထားဖို့ လိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စဉ်းစားတဲ့အခါ Policy တွေမငြိမ်တာကိုလည်း နိုင်ငံခြားသားတွေက စိုးရိမ်ပါတယ်။ (ဥပမာ - ကားနဲ့ပတ်သက်တာဆိုလည်း ကားတင်သွင်းခွင့်လိုင်စင်)။ ဒါတွေနဲ့ပတ်သက်လို့ အမြင်ကို ပြောပြပေးပါဦး . . .
လုပ်ထုံးလုပ်နည်းတို့၊ နည်းဥပဒေတို့ မထုတ်ခင်မှာ ပထမဆုံးရှိရမှာက Policy ပါ။ ဥပမာ - ကျွန်တော်တို့ UMFCCI က ပြီးမြောက်အောင် လုပ်ပြီးသွားတာ တစ်ခုရှိပါတယ်။ အဲဒါက Automobile Policy ပါ။ မိမိတို့နိုင်ငံအတွက် အရေးပါတဲ့ Automoible ကဏ္ဍအတွက် ဘယ်လို Policy မျိုး ချမှတ်သင့်တယ်ဆိုတာအတွက် State Holder Dialogue ကို ကျွန်တော်တို့ UMFCCI က ဦးဆောင်ပြီးတော့ အဖွဲ့ဖွဲ့ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအခါ State Holder တစ်ယောက်နဲ့တစ်ယောက်ရဲ့ အမြင်မတူပါဘူး။ ဒါကို Comprehensive ဖြစ်အောင် ကျွန်တော်တို့ ဆွေးနွေးစေပါတယ်။ နောက်တစ်ခါ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာပညာရှင်တွေနဲ့လည်း ဆွေးနွေးစေပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတာတွေကိုလည်း လေ့လာခဲ့ပါတယ်။ ဥပမာ - ကျွန်တော်တို့ နိုင်ငံရဲ့အနေအထားကို ပြောရမယ်ဆိုရင် တကယ့်ကို Policy ကောင်းတွေ ချမှတ်ပြီးပြီဆိုရင် ကျွန်တော်တို့ဆီကို Automoible Industry ရောက်လာရပါမယ်။ Short Term ၊ Medium Term ၊ Long Term Plan တွေဟာ ဒီ Policy မှာ အခြေခံပြီးတော့ ရှိရပါမယ်။ အဲဒီ Plan တွေကို အခြေခံပြီး လုပ်ထုံးလုပ်နည်းတို့၊ လိုအပ်ရင် နည်းဥပဒေတို့ ထွက်ရပါမယ်။ အဲဒီတော့ အရင်ဦးဆုံး Vision ရှိဖို့ လိုအပ်ပါမယ်။ အဲဒီ Vision ကို ကိုယ့်ရဲ့တိုင်းပြည်အတွက် ထားရှိသင့်သလားဆိုတာ၊ ထားရှိလောက်အောင် ကျွန်တော်တို့ရဲ့ တိုင်းပြည်အခြေအနေရှိလား၊ ထားရှိလောက်တဲ့ Environment ရှိရဲ့လားဆိုတာကို ကြည့်ရပါမယ်။ ဥပမာ - ကျွန်တော်တို့နိုင်ငံရဲ့ Geographically အနေအထားအရ ကျွန်တော်တို့မှာ လုံလောက်တဲ့ လူဦးရေရှိတယ်၊ ပထဝီအနေအထားအရလည်း ကျွန်တော်တို့က တကယ့်ကို Strategic အခြေအနေမှာရှိနေတယ်။ ဒါကိုလည်း အဆင့်ဆင့်လုပ်ခဲ့ရတာပေါ့။ ပထမ SND (Semi Nominal Development) လုပ်မယ် ၊ ဒုတိယ Complete Nominal Development လုပ်မယ်။ ပြီးရင် Industry တစ်ခုအနေနဲ့ ကားထုတ်လုပ်တဲ့အနေအထားကို သွားရပါမယ်။ အဲဒီလောက်အထိ ကျွန်တော်တို့ရေးဆွဲထားပါတယ်။ ဒါပေမဲ့ အဲဒီ Goal ကိုရောက်ဖို့ အဆင့်ဆင့် လုပ်သွားရမှာပါ။ ဒါကြောင့် ဘယ်လိုအဆင့်ဆင့်လုပ်ရမယ်ဆိုတာကိုလည်း Recommendation အနေနဲ့ Policy စာအုပ်ထုတ်ထားပါတယ်။ နိုင်ငံတော်အစိုးရအသစ်အနေနဲ့လည်း ဒါကို လုံးဝလက်ခံရမယ် မဟုတ်ပါဘူး။ ဒါကိုသုံးသပ်ပြီးမှ လက်ခံသင့်တဲ့ အနေအထားရှိတယ်ဆိုရင်လက်ခံပါ။ ဒီလိုသာ ဆောင်ရွက်သွားမယ်ဆိုရင် အခုနကပြောတဲ့ မကြာခဏ ပြင်ဆင်နေရတာမျိုး မရှိတော့ပါဘူး။ ဒါ ကြောင့် အနာကိုသိမှ ဆေးရှိပါမယ်။ အနာကို မသိဘဲနဲ့ လုပ်ထုံးလုပ်နည်းတွေ အမျိုးမျိုးပြောင်းနေမယ်ဆိုရင် မထိရောက်တော့ပါဘူး။
AEC စလာပြီးတဲ့အခါမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းလိုနိုင်ငံမှာတောင် နိုင်ငံတကာနဲ့ ပြိုင်နိုင်တဲ့ကုမ္ပဏီတွေလည်း များပါတယ်။ AEC မှာ မြန်မာ Brand တွေ တက်လာအောင်လုပ်ဖို့ မြန်မာစီးပွားရေးသမားတွေအနေနဲ့ ဘာတွေလိုအပ်နေပါသလဲ . . .
မိမိကိုယ်ကို မိမိတည်ဆောက်ရမှာပါပဲ။ ဒါထက်ပိုပြီး ထိရောက်တဲ့ကျင့်စဉ် မရှိပါဘူး။ တည်ဆောက်တဲ့နေရာမှာ ကိုယ်တိုင်တည်ဆောက်ဖို့ အခြေအနေ ကိုယ့်မှာရှိတယ်ဆိုရင် ကိုယ်တိုင်တည်ဆောက်ပါ။ မရှိရင်တော့ ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ နိုင်ငံတကာမှာ ကြည့်လိုက်ရင် ဥပမာ - ထိုင်းနိုင်ငံမှာဆိုရင် CP လို ကုမ္ပဏီကြီးတွေ၊ Siam လုပ်ငန်းစုတွေဆိုရင် မိသားစုလုပ်ငန်းတွေကနေ တဖြည်းဖြည်း Coporation တွေဖြစ်အောင် တည်ဆောက်ခဲ့တာပါပဲ။ ဒါကြောင့် စီးပွားရေးလုပ်ကိုင်နိုင်မှု အခွင့်အလမ်းတွေ ဖြစ်တည်နေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေရဲ့ အရည်အသွေးတွေ တိုးတက်လာဖို့ လေ့လာဆောင်ရွက်ရပါမယ်။ ကိုယ်တစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုရင်လည်း ကိုယ်ရည်မှန်းတဲ့ပြည့်စုံတဲ့ စီးပွားရေးအသိုက်အမြုံတစ်ခု တည်ဆောက်ဖို့ ကိုယ့်ပြည်တွင်းလုပ်ငန်းအချင်းချင်း ပူးပေါင်းတည်ဆောက်ရမယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်။ အဲဒီနေရာမှာ ကိုယ့်အားသာချက်၊ အားနည်းချက်ပေါ် မူတည်ပြီး ဖက်စပ်ဆောင်ရွက်တဲ့နေရာမှာ ကျိုးကြောင်းဆီလျော်တဲ့ ဆောင်ရွက်ချက်မျိုး လိုပါတယ်။ ကိုယ်က Majority Share လိုချင်တာမျိုး တွေးထားတာ ရှိတတ်ပါတယ်။ ကိုယ့်မှာအားနည်းနေရင် အားသာတဲ့အစုကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာကို တောင်းဆိုရင် ကိုယ်ပဲအခွင့်အလမ်း ဆုံးရှုံးသွားမှာပါ။ ဒါတွေကိုလည်း စဉ်းစဉ်းစားစားနဲ့ ကိုယ့်အနေအထားကို သိရှိဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် Joint Venture တွေမှာ ဟိုဘက်က ဘယ်လောက်ပဲ လာလုပ်ချင်သည့်တိုင်အောင် ကိုယ့်ဆီမှာရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ အရည်အသွေး၊ မျှော်မှန်းချက်တွေပေါ်မှာ မူတည်ပြီးပဲ ဖြစ်လာမှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွင်းမှာ Tourism ပိုင်းတော်တော်တက်လာမယ်လို့ မြင်ပါသလား . . .
မှန်ပါတယ်။ သူက အတက်မြန်တဲ့ Industry ဖြစ်နေတာကြောင့်ပါ။ ဥပမာ - Manufacturing Industry တစ်ခု စမယ်ဆိုရင် ဒါကြီးကိုတည်ဆောက်ရတာကိုက လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး နှစ်နှစ်၊ နှစ်နှစ်ခွဲ ဝန်းကျင်လောက် အချိန်ယူတည်ဆောက်ရပါတယ်။ ချက်ချင်း Impact ရမှာကတော့ ခရီးသွားလုပ်ငန်းပါ။ အဲဒါတောင် ခရီးသွားတွေဝင်လာတဲ့ အနေအထားနဲ့ ကိုယ့်ဘက်က ခရီးသွားတွေနဲ့ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေရှိဖို့ လိုသေးပါတယ်။ အခုအနေအထားကတော့ ကျွန်တော်ကပဲ Optimistic ဖြစ်လို့ အခြေအနေကောင်းတွေရှိတယ်လို့ မြင်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေကောင်းတဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်တည်လာနေပါတယ်။
Myanmar Fruit & Vegetable Producers Association ကိုလည်း ဥက္ကဋ္ဌအဖြစ် စတင်တည်ထောင်လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် အာဆီယံမှာလည်း စိုက်ပျိုးရေးနဲ့ ဇောက်ချလုပ်ကိုင်သင့်တယ်လို့ ကြိုတင်မှန်းဆထားတာတွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ Organic Product တွေအပေါ်မှာ စတင်လုပ်ကိုင်သင့်သလားဆိုတာကိုလည်း သုံးသပ်ပေးပါဦး . . .
Organic Firm အနေနဲ့ ကျွန်တော်ကိုယ်တိုင်လည်း စိုက်ပျိုးနေတာရှိပါတယ်။ တကယ်တမ်း နိုင်ငံ့စီးပွားရေးအတွက် Organic Market တည်ဆောက်ဖို့ဆိုတာက ထင်သလောက်မရိုးစင်းပါဘူး။ အများကြီး လုပ်ရပါဦးမယ်။ တကယ့် Organic သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ထုတ်ဖို့ဆိုရင် မထုတ်ခင်မှာ ပထမဆုံး လိုအပ်တာကတော့ Good Agriculture Practice (GAP) ဖြစ်ပါတယ်။ ရေမီးလိုအပ်ချက်တွေအပြင် ကောင်းမွန်တဲ့စိုက်ပျိုးမှု ဆောင်ရွက်ချက်ကို ပထမဆုံးဆောင်ရွက်ရမှာပါ။ တခြားနိုင်ငံတွေမှာ ကြည့်မယ်ဆိုရင်လည်း Organic ဆိုတာက Premium ပါ။ အဲဒီ Premium အဆင့်မရောက်ခင်မှာ ဈေးကွက်ရရှိဖို့ အနေအထားနဲ့ နည်းပညာရရှိမှုအနေအထား ရှိပါသေးတယ်။
ဒါပေမဲ့ တကယ့်တိုင်းပြည်လိုအပ်တဲ့ စားသောက်ကုန်အတွက်ရော၊ နိုင်ငံတကာတင်ပို့နိုင်ဖို့အတွက်ရော ကြည့်မယ်ဆိုရင် GAP နဲ့အညီ စိုက်ပျိုးရေးမှာ Traceability ရှိရပါမယ်။ စားသုံးသူရဲ့လက်ထဲရောက်တဲ့အထိ ဒါကိုဘယ်မှာစိုက်ပျိုးသလဲ၊ ဘယ်လိုစိုက်ပျိုးသလဲ၊ ဘယ်လို Process လုပ်ထားသလဲ၊ Value-added Process ရှိသလားဆိုတာတွေလည်း ပြန်လည်စစ်ဆေးနိုင်ဖို့ အရေးကြီပါတယ်။
GAP ကို စနစ်တကျဖြစ်တည်လာဖို့ ဆောင်ရွက်တာက တိုင်းပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာဖို့အတွက် ပိုပြီးတော့အကျိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ပြောကြရင် ထိုင်းနိုင်ငံကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ထိုင်းမှာ GAP ကို သေသေချာချာ ကြိုးစားဆောင်ရွက်လို့ သူ့ရဲ့အသီးအနှံတွေက စားသုံးဖို့စိတ်ချရတယ်။ ဓာတ်ကြွင်းပါဝင်မှုတွေ မရှိဘူးဆိုတဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။ ဥပမာ -တရုတ်နိုင်ငံကထွက်တဲ့ အစားအသောက်တွေထဲက ပြဿနာဖြစ်နေတယ်ဆိုတဲ့ စားသောက်ကုန်တွေက GAP ကို မလိုက်နာခဲ့လိုပါပဲ။ ဒါက Agriculture Practice ပဲရှိပါသေးတယ်။ GAP အပြင်ကို GMP ဆိုတဲ့ Good Manufacturing Practice လည်း ရှိပါသေးတယ်။ ဒါတွေကလည်း ကျွန်တော်တို့ တိုင်းပြည်က လုပ်ငန်းရှင်တွေအနေနဲ့ အရေးကြီးပါတယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍအတွက်ဆိုရင် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ Policy တွေ လိုအပ်ပါသေးတယ်။
ယေဘုယျအားဖြင့် ၂၀၁၆ ခုနှစ်မှာ Sector အလိုက် တက်လာဖို့ အနေအထားရှိပါသလား . . .
မှန်ပါတယ်။ ကျွန်တော်တို့ကတော့ ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့အနေအထားက နိုင်ငံတော်အစိုးရအသစ်အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်မယ်။ အရည်အသွေးရှိတဲ့ အကြံပေးပုဂ္ဂိုလ်တွေ ဝန်းရံပြီးတော့ ဆောင်ရွက်မယ်။ ပြည်သူတွေရဲ့ အသံကိုလည်း အမြဲတမ်းအလေးထားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားမယ်၊ စနစ်ကျတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါဆိုရင် အောင်မြင်မှာပါ။ တစ်ချက်က ကျွန်တော်တို့ ပြည်သူတွေလိုလားတဲ့စံတွေက အင်မတန်မြင့်မားပါတယ်။ အဲဒီမြင့်မားတဲ့ မျှော်မှန်းချက်တွေကို သူတို့မျှော်မှန်းတဲ့အချိန်နဲ့ တပြေးညီ ဆောင်ရွက်နိုင်တာတွေလည်း ရှိမှာပါ။
ဆောင်ရွက်နိုင်ဖို့ အခြေခံအနေအထားတွေ အရန်သင့်ဖြစ်နေဖို့ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီလိုမရှိရင်လည်း အဲဒီမျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေ သိရအောင်လို့ သတင်းစကားပေးဖို့ လိုပါတယ်။ အဲဒီလိုသိမှသာလျှင် သူတို့အနေနဲ့လည်း ဆန္ဒစောစွာ မျှော်မှန်းမှုတွေကိုလည်း သတိပြုမိပြီး လက်တွေ့ဆန်တဲ့ မျှော်မှန်းချက်တွေ ထားရှိမယ့်အနေအထား ဖြစ်လာဖို့လိုပါတယ်။ ဒါမှသာ တိုင်းပြည်တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အချိန်နဲ့တစ်ပြေးညီ အဆင့်အလိုက် ဆောင်ရွက်သွားနိုင်မှာပါ။
အယ်ဒီတာအဖွဲ့