ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံများ

- အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) မှ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ စီးပွားရေးနှေးကွေးလာမှုကြောင့် အာရှနိုင်ငံများသို့ အနှေးနှင့်အမြန် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားသည်ကို သတိပြုနိုင်ပါသည်။ ထို့ပြင် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းမြင့်ဖွယ်ရှိသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိတ်ချလုံခြုံသောအမေရိကန်၌ ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့် စိန်ခေါ်မှုလည်း ကြုံတွေ့နိုင်ပြန်ပါသည်။

(ရည်ညွှန်း။  ။ ဘန်ကောက်ပို့စ်၊ ၂၃ ၊ စက်တင်ဘာလ ၂၀၁၅)

- ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာကြုံတွေ့ရမည်ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးတည်ငြိမ်ရန်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းသည် လွန်စွာအရေးပါလှပါသည်။

လက်ရှိမြန်မာနိုင်ငံ၏အစိုးရအခြေအနေများကို လေ့လာကြည့်ပါက ထုတ်ကုန်နှင့် သွင်းကုန်ပမာဏ ကွာခြားချက်ကြီးမားခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများအနေဖြင့် စိတ်ချယုံကြည်ရသော ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အားနည်းသဖြင့် မြေကစားခြင်း (Speculation)၊ ဘဏ်များ၏ Non Performing Loan ရာခိုင်နှုန်းမြင့်လာခြင်း၊ တန်ဖိုးဖြည့်ထုတ်ကုန်အမျိုးအစား (Valued Added ExportItem) အားနည်းခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းတို့သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအဖို့ စဉ်းစားရန်အချက်များဖြစ်ပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ လုပ်ထုံးလုပ်နည်းများ အားနည်းနေသည်မှာ အဓိကစဉ်းစားသည့်အချက် ဖြစ်နေပါသေးသည်။

ပတ်ဝန်းကျင်အာဆီယံဒေသရှိ တိုင်းပြည်များ၏စီးပွားရေးသင်ခန်းစာများလည်း သတိပြုဖွယ်ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လမှစ၍ ထိုင်းနိုင်ငံသို့ စတင်ခဲ့သော အာရှစီးပွားရေးကပ်၏ အခြေခံအကြောင်းတရားများမှာ ဘဏ်ချေးငွေများဖြင့် မြေကစားကြခြင်း၊ နိုင်ငံတကာမှ အမေရိကန်ဒေါ်လာများကို အတိုးနှုန်းသက်သာစွာဖြင့် ချေး၍ ရင်းနှီးမြှုပ်နှံကြခြင်းနှင့် ဘဏ်များ၏ Non Performing Loan ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းကျော်ရှိခြင်းနှင့် မူမမှန်သောငွေကြေးချေးငှားမှုများကြောင့် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏စီးပွားရေးတောင့်တင်းခိုင်မာမှသာ လိုအပ်သည့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ နိမ့်ကျလွန်းနေသည့်ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြင့် နောင်အနာဂတ်မျိုးဆက်များအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ပြင်ဆင်ပေးနိုင်မည်ဖြစ်ပါသည်။

မောင်သာ