Bernard Arnault ဥရောပဒေသ၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် တန်ဖိုးကြီးဇိမ်ခံပစ္စည်းများရောင်းချသော စုပေါင်းကုမ္ပဏီကြီး၏ အဆုံးစွန်ခံနိုင်မှုများအား စမ်းသပ်နေသူဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်က ကမ္ဘာ့အကြီးဆုံး “ အဖိုးတန်ဇိမ်ခံပစ္စည်းများရောင်းချသည့်ကုမ္ပဏီ ” LVMH (Louis Vuitton Moet Hennessy) က“Wall Street ရှိ အစုရှယ်ယာရောင်းဝယ်သူတို့ မိမိတို့၏ မိန်းကလေးမိတ်ဆွေများအားဆွဲဆောင်ရန် အဖိုးတန်လက်ဆောင်ပစ္စည်းများ ဝယ်ယူလေ့ရှိရာ Tiffany & Co” အား လက်လွှဲယူပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းအမေရိကန် ဇိမ်ခံပစ္စည်းကုမ္ပဏီသည် Louis Vuitton ၊ Dior နှင့် Veuve Clicquot Champagne တို့နှင့် အတူပေါင်းစပ်တော့မည့် Parisian Group ၏ ၇၆ ခု မြောက်ပိုင်ဆိုင်မှုတစ်ခု ဖြစ် လာပေတော့မည်။ LVMH ၏ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သူနှင့်ဦးဆောင်သူ Bernard Arnault ၏ ပိုင် ဆိုင်မှုများအတွင်းသို့ နောက်ထပ်ပိုင်ဆိုင်မှုအသစ်များ မည်မျထပ်မံပေါင်းစည်းလာနိုင်ဦးမည်နည်းဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
အရောင်းအဝယ်သဘောတူညီသည့် ဈေးနှုန်းအနေနှင့် LVMH က Tiffany ၏ လေးနှစ်စာရောင်းရငွေနှင့်တူညီသော (အသားတင်အကြွေးအပါအဝင်)ဒေါ်လာ ၁၆.၉ ဘီလီယံပေးချေမှာဖြစ်သည်။ ထိုလက်ပြောင်း လက်လွှဲပြုလုပ်ခြင်းသည်လက်ထပ်ပွဲတစ်ခုအလား စိတ်အားထက်သန်မှုများစွာဖြင့် ကြိုဆိုခြင်းခံခဲ့ရသည်။ တစ်ချိန်ကဥရောပဒေသရှိ မိသားစုလုပ်ငန်းလေးများမှ ကြီးစိုးလည်ပတ်သည့် ဇိမ်ခံပစ္စည်းအရောင်းဆိုင်လေးအဆင့်သာသာရှိသည့် လုပ်ငန်းသည် ယခုအခါ စုပေါင်းလုပ်ငန်းကြီးအချို့၏ ကျွမ်းကျင်ရာလုပ်ငန်းကြီးတစ်ခုဖြစ်လျက်ရှိနေပေပြီ။ မကြာသေးမီက “ကုန်လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လူသိများသောအခြားကုမ္ပဏီ တစ်ခုသည် LVMH ကုမ္ပဏီ၊ သို့မဟုတ် ယင်း၏ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် (အခြားအဖိုးတန် ဇိမ်ခံပစ္စည်းများနှင့်အတူ Gucci နှင့် Balenciaga တို့ကို ထုတ်လုပ်သော) Kering ကုမ္ပဏီ၊ (Cartier နှင့် Montblanc တို့၏ပိုင်ရှင်ဖြစ်သူ) Richemont ကုမ္ပဏီတို့၏လက်တွင်းသို့ မလွဲမသွေကျရောက်ရန်မှာမဖြစ်နိုင်ဟု ထင်မြင်ခဲ့ကြ သည်။
ထိုဝယ်ယူမှုက LVMH ကုမ္ပဏီအား အဖိုးတန်ဇိမ်ခံပစ္စည်းလောကတွင် ထိပ်ဆုံးနေရာ၌ အခိုင်အမာရပ်တည်နေနိုင်စေခဲ့သည်။ လွန်ခဲ့သောနှစ် ၃၀ ကတည်းက လက်ပြောင်းယူခဲ့ခြင်းဖြစ်သောကြောင့် ယင်းဝယ်ယူမှုသည် ကြီးကျယ်ခမ်းနားခဲ့သည်။ ဇန်နဝါရီလမှစတင်၍ ယင်း၏လုပ်ငန်းလည်ပတ်မှု ၆၀ ရာခိုင်နှုန်းအပါအဝင်၊ ငါးနှစ်အတွင်း ယင်း၏အစုရှယ်ယာတန်ဖိုးသည် သုံးဆထိမြင့်တက်သွားခဲ့သည်။ LVMH သည် ယခုအချိန်တွင် Royal Dutch Shell ကုမ္ပဏီနှင့်အပြိုင် ဥရောပတွင်အခြေပြုသည့်ကုမ္ပဏီများအနက် တန်ဖိုးအမြင့်ဆုံးကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိသည်။
အောင်မြင်မှုခရီးလမ်းအစ...
LVMH ၏ထက်ဝက်နီးပါးကိုပိုင်ဆိုင်ပြီး အဆုံးအဖြတ် မဲပေးပိုင်ခွင့်အရေအတွက် အခိုင်အမာ ရယူထားသော မိသားစုဝင်ဖြစ်သူ Mr Arnault သည် ဥရောပတွင် အချမ်းသာဆုံးသူတစ်ဦးဖြစ်သည်ဟုဆိုကြသည်။ ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိသော Roubaix မြို့လေး ရှိ ယင်း၏မိသားစုပိုင်ဆောက်လုပ်ရေးလုပ်ငန်းအား အိမ်ခြံမြေလုပ်ငန်းအဖြစ်လည်းကောင်း၊ ထိုလုပ်ငန်းမှတစ်ဖန် အဖိုးတန်ဇိမ်ခံပစ္စည်းများရောင်းဝယ်သည့်လုပ်ငန်းသို့ လည်းကောင်း ပြောင်းလဲခဲ့သည်။ ယင်းသည် ၁၉၈၀ ပြည့်နှစ်များက အဝတ်အထည်လုပ်ငန်းကျဆင်းနေချိန်၊ လုပ်ငန်းပိုင်ဆိုင်မှုများဝယ်ယူစုဆောင်းခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် Dior ကုမ္ပဏီအားဝယ်ယူပြီး၊ LVMH ၏ ထိန်းချုပ်မှုကိုလည်းရယူနိုင်ခဲ့သည်။ အဖိုးတန်ဇိမ်ခံပစ္စည်းလုပ်ငန်းများအား မညှာမတာဝယ်ယူသိမ်းပိုက်လေ့ရှိသောကြောင့်“The Wolf in Cashmere” အဖြစ်နာမည် ကျော်ကြားသော Bernard Arnault သည် Parisian Museum ရှိ Frank Gehry ရေးဆွဲပုံစံထုတ်ခဲ့သည့် Public Art စုစည်းမှုများမှသည်၊ သတင်းစာနှစ်စောင်အပါအဝင် အပြစ်အနာအဆာကင်းမဲ့သည့် အဆင့်အမြင့်ဆုံးချုပ်လုပ်ထားသော Christian Dior ဝတ်စုံများအထိ ဒေါ်လာဘီလီယံတစ်ရာတန်ဖိုးရှိစုဆောင်းမှုများကို ပိုင်ဆိုင်ထားသည်။
LVMH က (နိုင်ငံတကာဆက်သွယ်ရေးနှင့်ကုန် သွယ်မှုမညီမျသောဝင်ငွေတို့ကြောင့် မြှင့်တက်လျက်ရှိသော) ဖွဲ့စည်းမှုပိုင်းကို ဦးစားပေးသည့်ကဏ္ဍတွင် ကြီးစိုးလျက်ရှိသည်ဟု သုတေသနကုမ္ပဏီ Bernstein မှ Lucas Solca ကပြောသည်။ မှန်ကန်သည့်အချိန်တွင်၊ မှန်ကန်သည့်အရွယ်အစား (ကြီးမားသည့်အရွယ်အစား) ရှိသော လုပ်ငန်းပမာဏကယင်း၏အောင်မြင်မှုအကြောင်းရင်းဖြစ်သည်။
အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Bain ၏အဆိုအရ၊ လက်ကိုင်အိတ်များ၊ အကောင်းစားတန်ဖိုးကြီးနာရီများနှင့် Hermès လည်စည်းနှင့် ခေါင်းစည်းပဝါများ စသည့်ဇိမ်ခံပစ္စည်းများ ရောင်းချခြင်းဖြင့် စတင်ခဲ့သည့် လုပ်ငန်းသည်ပျမ်းမျတစ်နှစ်လျင် ၆ ရာခိုင်နှုန်း အရောင်းတက်ခဲ့သည်။ ယခုနှစ်ကုန်တွင်လုပ်ငန်းတန်ဖိုး ယူရို ၁၂၁ ဘီလီယံရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ၂၀၀၀ ပြည့်နှစ်က မြင်တွေ့ခြင်းမရှိခဲ့သည့် တရုတ်လူမျိုး ဈေးဝယ်သူတို့သည် ယခုအခါရောင်းချမှုစုစုပေါင်း၏ သုံးပုံတစ်ပုံပါဝင်နေပြီး၊ အရောင်းအဝယ်အတော်များများတွင် ယင်းတို့ပါဝင်လျက်ရှိသည်။
အရောင်းပမာဏက ပိုမိုအကျိုးဖြစ်စေခဲ့သည်။ ဈေးကွက်အတွင်း မြင့်မားသည့် ပုံသေကုန်ကျမှုစရိတ်အပြင် ခမ်းနားထည်ဝါသည့် ပတ်ဝန်းကျင်နှင့်နေရာထိုင်ခင်းတို့ကြောင့် အလွန်ကြီးမားသည့် ဆိုင်ခန်းငှားရမ်းခပေးဆောင်နေရသည့် လုပ်ငန်းတစ်ခုတွင် ရောင်းအားကောင်းမှသာလျင် အမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။ LVMH ကုမ္ပဏီသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း လုပ်ငန်းကြီးထွားမှုနှုန်း နှစ်ဆခန့်မြှင့်တင်နိုင်ခဲ့ပြီး၊ လွန်ခဲ့သည့်နှစ်က“အတားအဆီးမဲ့သုံးစွဲမှုတို့မှ” ယူရိုငွေ ၄၆ဘီလီယံဖိုးရောင်းချခဲ့ရသည်။ ထိုပမာဏမှာ ယင်း၏ အနီးစပ်ဆုံးပြိုင်ဘက်များဖြစ်သော Kering နှင့် Richemont ကုမ္ပဏီတို့ရောင်းအား၏သုံးဆကျော်ရှိပေသည်။
တစ်စိတ်တစ်ပိုင်းအားဖြင့် သာမန်အငယ်စား ရောင်းဝယ်သူများဝယ်ယူနိုင်မှုမရှိခြင်းဆိုသည့်၊ အချိုးအ စားကွာဟမှု၏ အားသာချက်ကြောင့် Mr Arnault onf Tiffany ကုမ္ပဏီကိုဝယ်ရန် အဖြစ်နိုင်ဆုံးပုဂ္ဂိုလ်အဖြစ် ထွက်ပေါ်ခဲ့သည်။ ကနဦးပိုင်းတွင် အဆင်မပြေလှသည့် ပုံဖြစ်နေခဲ့သည်။ သေးငယ်သောလုပ်ငန်းများနှင့် နှိုင်း ယှဉ်ပါက အဖိုးတန်ဇိမ်ခံပစ္စည်းရောင်းချသည့်လုပ်ငန်းတွင် လုပ်ငန်းပေါင်းစပ်ခြင်းသည် ကုန်ကျစရိတ်လျော့ချခြင်း၊ သို့မဟုတ် ပိုမိုတောင့်တင်းအောင်ပေါင်းစည်းခြင်းတို့အတွက် အခွင့်အရေးရစေနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် Tiffany ကုမ္ပဏီ၏ လက်ပတ်နာရီများအား Louis Vuitton အရောင်းဆိုင်များတွင် ရောင်းချလိမ့်မည်ဟုမည်သူမှ မျော်လင့်ထားမည်မဟုတ်ပေ။
သို့သော် လေ့လာဆန်းစစ်သူများက နာမည်ကြီးအမှတ်တံဆိပ်ပစ္စည်းများအား ဖက်စပ်ကုမ္ပဏီကြီးများအတွင်း အပြန်အလှန်ပြောင်းလဲရောင်းချခြင်းသည် ရလဒ် ပိုမိုကောင်းမွန်နိုင်သည်ဟုထင်မြင်ယူဆကြသည်။ ဦးစွာTiffany ကုမ္ပဏီအား ဥပမာအဖြစ်ကြည့်မည်ဆိုလျင် ယင်း၏အစုရှယ်ယာရှင်များက ရောင်းအားကို အလျင်အမြန်မြှင့်တင်ပြီး အမြတ်အစွန်းတိုးစေရန် စီမံအုပ်ချုပ်သူများအား ထပ်ခါတလဲလဲတိုက်တွန်းကြသည်။ ထိုအဖြစ်က ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရန် ကြိုးစားအားထုတ်မှုအား လိုအပ်သည်ထက်ပို၍ထိခိုက်စေခဲ့သည်။ LVMH က Tiffany ကို (ဆိုင်ခန်းများပြင်ဆင်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးအတွက်) လိုအပ်သည့်ငွေကြေးနှင့် အချိန်ကိုခွင့်ပြုခဲ့သည်။ ရတနာပစ္စည်းများရောင်းချသည့် အီတလီကုမ္ပဏီ Bulgari ကိုလည်း အလားတူအခွင့် အရေးမျိုးပေးခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ယင်းကုမ္ပဏီများအား LVMH မှလက်လွှဲရယူပြီးချိန်မှစ၍ အမြတ်အစွန်း ငါးဆတက်လာခဲ့ကြောင်းMr Arnault ကပြောကြားခဲ့သည်။ ထိုအဖွဲ့သည် ပစ္စည်းအမှတ်တံဆိပ်တစ်ခုစီ၏ အခြေအနေကို ဖွင့်ဟပြောပြခြင်းမရှိဘဲ (ယင်း၏နှစ်ပတ်လည် အစီရင်ခံစာတွင် အသေးစိတ်ငွေကြေးအစီရင်ခံမှုအစား ရတနာပစ္စည်းများညွတ်နေအောင်ဆင်ယင်ထားသည့် မော်ဒယ်များ၏ ဓာတ်ပုံများဖြင့်သာပြည့်နှက်နေခဲ့သည်။) သုံးလပတ်ရည်မှန်းချက် ပြည့်မီရေးနှင့်ပတ်သက်၍ တီထွင်ဆန်းသစ်သူများအား ဖိအားပေးခြင်းမှ သက်သာစေခဲ့သည်။
လုပ်ငန်းပမာဏအချိုးအစားကွာဟမှုတွင် သာမန်၊ သမားရိုးကျအားသာမှုများစွာလည်း ရှိပေသေးသည်။ ညှိနှိုင်းဆွေးနွေးရာတွင် စုပေါင်းဖက်စပ်လုပ်ငန်းကြီးများက ပိုမိုအားသာလေ့ရှိသည်။ ဥပမာအားဖြင့် တရုတ်ပြည်ရှိ ဈေးရုံတန်းအသစ်၏ပိုင်ရှင်များကိုကြည့်လျင် ယင်းတို့ သည် ကြော်ငြာခနှုန်းထားများနှင့်ပတ်သက်၍ မဂ္ဂဇင်းများအပေါ် အသာစီးရကြကြောင်းတွေ့ရမည်ဖြစ်သည်။ e-commerce Site များတည်ဆောက်ခြင်း၏များပြား သောကုန်ကျစရိတ်ကို မျဝေခံနိုင်သောကြောင့်ဖြစ်သည်။
ထိုကဲ့သို့သောအားသာချက်များက ပေါင်းစည်းမှုများပိုမိုဖြစ်ပေါ်စေသည်။ သို့သော် LVMH နှင့် အခြားကုမ္ပဏီများအတွက်ကား၊ ဘောင်ခတ်မှုများရှိနေပေသည်။ ယင်းတို့အနက် တစ်ခုမှာလိုအပ်ချက်များ ဖြည့်ဆည်းမှုဖြစ်သည်။ စုပေါင်းလုပ်ငန်းကြီးများ အထူးတောင့်တသည့် အချိန်မရွေးထာဝရနာမည်ကြီးနေသော အမှတ်တံဆိပ်ပစ္စည်းများသည် စင်စစ်ယင်းပစ္စည်းနှင့်ပတ်သက်သော ရှည်လျားသည့် ရာဇဝင်ဖြစ်စဉ်ရှိရန်လိုအပ်ပြီး၊ ထိုပစ္စည်း များမှာလည်းရှားပါးလှပေသည်။ Chanel နှင့် Rolex တို့ကဲ့သို့ သီးသန့်ရပ်တည်ကျန်ရစ်သည့် ပစ္စည်းများမှာလည်း ယင်းတို့၏ အဆင့်အတန်းကို အထူးကြိုးစားထိန်းသိမ်းထားကြသည်။ Mr Arnault က ဤအချက်ကို (ဥပမာအားဖြင့် ဤအဖိုးတန်ပစ္စည်းများအား ဟော်တယ်များသို့ ဖြန့်ချိခြင်းဖြင့်) သိမ်မွေ့စွာကိုင်တွယ် ထိန်းချုပ်ထားသည်။
(အထူးသဖြင့် LVMH အတွက်) ကန့်သတ်ချက် နောက်တစ်ခုမှာ မတူညီသောလုပ်ငန်းများစွာကို ကိုင်တွယ်လည်ပတ်နိုင်မည့် အခြားလုပ်ငန်းအဖွဲ့အစည်းများ ရှိမရှိဆိုသည့်အချက်ဖြစ်သည်။ အခြားလုပ်ငန်းများနှင့်သက်ဆိုင်သော စုပေါင်းလုပ်ငန်းအဖွဲ့ကြီးများမှာ ခေတ်မမီတော့ဘဲ ကြီးမားလွန်းသည့်ဖွဲ့စည်းမှုကြောင့် ပြောင်းလဲလုပ်ကိုင်ရန် အခက်အခဲရှိသည်ဟု သတ်မှတ်ကြသည်။ ပြီးခဲ့သောနှစ်တွင် Kering ကုမ္ပဏီက ယင်း၏အဖွဲ့အစည်းထဲမှ အားကစားပစ္စည်းနှင့် ဝတ်စုံများထုတ်လုပ်သည့် Puma အားထုတ်ပယ်လိုက်ခြင်းအားဖြင့် အဖွဲ့၏ပမာဏကို ချုံ့ခဲ့သည်။ လက်ရှိအခြေအနေထိ ယင်းတို့ကိုဖျက်သိမ်းပစ်ရန်မဟုတ်ဘဲ လုပ်ငန်းချဲ့ထွင်ရန်ဖြစ်သည်။ အချို့ကမိမိတို့အနာဂတ် တိုးတက်မှုအထောက်အကူဖြစ်ရေးအတွက် Richemont နှင့် Kering ကုမ္ပဏီတို့ ပူးပေါင်းလိမ့်မည်လောဆိုသည်ကို တွေးတောလျက်ရှိကြသည်။
LVMH ကုမ္ပဏီအနေနှင့်လည်း အခက်အခဲနှင့်ကင်းလွတ်သည်တော့ မဟုတ်ပေ။ အဖိုးတန်ဇိမ်ခံပစ္စည်းများရောင်းဝယ်မှုကဏ္ဍ၏ အနာဂတ်သည်မရေရာလှပေ။ တရုတ်နိုင်ငံ၏ စီပွားရေးတိုးတက်မှုက ထာဝရတည်ရှိနေမည်မဟုတ်ပါ။ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေမည်ဆိုလျင်ဖြစ်သည်။ အဖိုးတန်ရှန်ပိန်သောက်သည့် လူတန်းစားများပင် စီးပွားရေးကျပ်တည်းမှု၏ အငွေ့အသက်ကို ခံစားကြရသည်။ Instagram ဆက်လက် ရပ်တည်နိုင်စွမ်းရှိမှု စသည်တို့အား အလေးထားဂရုပြုကြသည့် ၂၁ ရာစု ခေတ်လူငယ်များအား ဆွဲဆောင်လိုသည်ဆိုလျင် ဈေးကွက်နည်းဗျူဟာများ အစဉ်တစိုက်တိုးတက်နေရန် လိုအပ်ပေသည်။ ပစ္စည်းဝယ်ယူမှုများ အများဆုံးသည် Amazon နှင့် Alibaba တို့ကဲ့သို့သော ဝယ်ယူသူအားများလှည့်ပတ်ရှာဖွေနေသည့် ကုမ္ပဏီကြီးများရှိရာ Online ပေါ်တွင် ဖြစ်ပျက်လျက်ရှိနေပေသည်။
အမြတ်အစွန်းများ၏ ထက်ဝက်ကို တစ်ခုတည်းသော အမှတ်တံဆိပ်ဖြစ်သည့် Louis Vuitton မှရရှိနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ Mr Arnault က LVMH သည် မိသားစုစီးပွားရေးလုပ်ငန်းဖြစ်ပြီး၊ ယင်း၏နေရာကို ယင်း၏သားသမီးများထဲမှ တစ်ဦးဦးကဆက်ခံရမည်(ယင်း၏သားသမီးများထဲမှလေးဦးသည် လုပ်ငန်းထဲတွင် လုပ်ကိုင်လျက်ရှိသည်) ဖြစ်ကြောင်းကို ရှင်းလင်းပြတ်သားစွာပြောပြထားပြီးဖြစ်သည်။ သို့သော် အချိန်ကာလရွေ့လျားလာသည်နှင့်အမျ “ယင်း၏သားသမီးများသည် ယင်းပိုင်ဆိုင်ထားသော (အလိုရှိသည့်အရာများကို မရရအောင်ယူနိုင်သည့် အရည်အချင်း) အား လက်ဆင့်ကမ်းရယူထားနိုင်ကြပါသလား” ဆိုသည့်မေးခွန်းက လူအများစိတ်ဝင်စားစရာ ဖြစ်လာပေလိမ့်မည်။
အဖိုးတန်ဇိမ်ခံပစ္စည်းများအား လူအများထံပိုမိုရောင်းချနိုင်သည့်ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါမည်လား။ လက်ရှိအချိန်ထိ ထိန်းသိမ်းနိုင်ဆဲဖြစ်သည်။ သို့သော် Mr Arnault ကူညီပျိုးထောင်ပေးခဲ့သည့် လုပ်ငန်းသည်(ပွင့်လင်းစွာထုတ်ဖော်ရန်ကြိုးစားနေသော ထာဝရအရည်အသွေးကို ပိုင်ဆိုင်ထားသည့်တိုင်) နုနယ်သည့်အခြေအနေတွင်ပင် ရှိနေပေသေးသည်။ LVMH သည် လူအများအား ယင်းတို့အတွက် မလိုအပ်သည့် ရင်းနှီးမှုမရှိသေးသော ပစ္စည်းအလှအပများအား ဝယ်ယူရန်ဆွဲဆောင်ရေးအတွက် များပြားသော ငွေကြေးပမာဏကို သုံးစွဲခြင်းဖြင့် ကြီးထွားလာခဲ့သည်။ အချိန်အခါလိုက် ထူးခြားသည့် ဝိသေသရှိသော စီးပွားရေးလုပ်နည်းပုံစံတစ်ခုဖြစ်သော်လည်း၊ အချိန်အခါပြောင်းလဲသွားခဲ့သော် မည်သို့ဖြစ်လာမည်နည်းဆိုသည်ကိုတော့ စောင့်ကြည့်ရန်သာရှိတော့သည်။
LVMH ကုမ္ပဏီ...
LVMH ကုမ္ပဏီသည် အဖိုးတန်ဇိမ်ခံပစ္စည်းများ လက်လီရောင်းဝယ်မှုတွင် ကမ္ဘာ့ရှေ့ဆောင်စုပေါင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ အဆင့်အတန်းမြင့်၊ ထင်ရှားကျော်ကြားလူသိများသော ပစ္စည်းအမှတ်တံဆိပ်အမျိုးပေါင်း ၇၅ မျိုးအား ကမ္ဘာတစ်ဝန်းဆိုင်ပေါင်း ၄,၅၀၀ ကျော်မှ တစ်ဆင့် လက်လီဖြန့်ချိလျက်ရှိသည်။
လုပ်ငန်းစုတစ်ခုလုံးတွင် ဝန်ထမ်းပေါင်း ၁၅၆,၀၀၀ (တစ်သိန်းငါးသောင်းကျော်) ရှိပြီး၊ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေ ယူရို ၄၆.၈ ဘီလီယံရှိခဲ့သည်။ Louis Vuitton Moet Hennessy တစ်နည်းအားဖြင့် လူအများသိကြသည့် LVMH သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ရုံးစိုက်ပြီး၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားသည့်ဇိမ်ခံပစ္စည်းများ ရောင်းချလျက်ရှိသော ပြင်သစ်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ “Louis Vuitton ဖက်ရှင်လုပ်ငန်း” နှင့် (ရှန်ပိန်ထုတ်လုပ်သည့် Moet ကုမ္ပဏီ၊ ကော့ညက်ထုတ်လုပ်သည့် Chandon and Hennessy ကုမ္ပဏီတို့ ၁၉၇၁ ခုနှစ် က ပူးပေါင်းထားသည့်) “Moet Hennessy” တို့ ၁၉၈၇ ခုနှစ်က ပူးပေါင်းဖွဲ့စည်းလိုက်သည့် ကုမ္ပဏီလည်းဖြစ်သည်။ LVMH ကိုင်တွယ်ရောင်းချနေသော ပစ္စည်းများအနက် ရှေးအကျဆုံးအမှတ်တံဆိပ်မှာ ဝိုင်ထုတ်လုပ်သည့် Chateau ဖြစ်ပြီး ၁၅၉၃ ခုနှစ်က စတင်ခဲ့သည့်လုပ်ငန်းဖြစ်သည်။
Christian Dior SE သည် LVMH ၏ အစုရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်ပြီး အစုရှယ်ယာစုစုပေါင်း၏ ၄၀.၉ ရာခိုင်နှုန်းနှင့် မဲပေးပိုင်ခွင့်စုစုပေါင်း၏ ၅၉.၀၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ Christian Dior ၏ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူ Bernard Arnault သည် LVMH နှင့် Christian Dior ကုမ္ပဏီနှစ်ခုလုံး၏ Chairman နှင့် CEO လည်းဖြစ်သည်။
ကျော်ကြားထင်ရှားသည့် ဇိမ်ခံပစ္စည်းအမှတ်တံဆိပ်မျိုးစုံကို တစ်ခုတည်းသော လုပ်ငန်းစုကြီးအောက်သို့ ပေါင်းစည်းနိုင်ခဲ့သည့် Arnault ၏ အောင်မြင်မှုကို အခြားဇိမ်ခံပစ္စည်းရောင်းချသည့် ကုမ္ပဏီများမှလည်း အလားတူလုပ်ဆောင်ရန်အားကျခဲ့ကြသည်။ ထို့ကြောင့် ပြင်သစ်စုပေါင်းလုပ်ငန်းကုမ္ပဏီ Kering နှင့် Swiss နိုင်ငံ အခြေပြု Richemont ကုမ္ပဏီတို့ကလည်း ဇိမ်ခံပစ္စည်းအမှတ် တံဆိပ်မျိုးစုံထပ်မံစုစည်းရောင်းချသည့် ဝန်ဆောင်မှုကို ဖန်တီးတည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီသည် Euro Stoxx 50 Stock Market Index တွင် ပါဝင်လျက်ရှိသည်။
အစုရှယ်ယာရှင်များ...
၂၀၁၇ နှစ်ကုန်တွင် LVMH ကုမ္ပဏီ၏တစ်ဦးတည်းသော အဓိကအစုရှယ်ယာရှင်မှာ Bernard Arnault ၏ ဦးပိုင်ကုမ္ပဏီဖြစ်သော Arnault Family Group ဖြစ်သည်။ ယင်းအဖွဲ့သည် LVMH အစုရှယ်ယာများ၏ ၄၆.၈၄ ရာ ခိုင်နှုန်းကို ကိုင်တွယ်ထိန်းသိမ်းလျက်ရှိပြီး မဲပေးဆုံး ဖြတ်ပိုင်ခွင့်၏ ၆၃.၁၃ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။
LVMH သည် ယမကာဌာနခွဲ Moet Hennessy ၏ ၆၆ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီး၊ ကျန် ၃၄ ရာခိုင်နှုန်းကို Diageo ကုမ္ပဏီကပိုင်ဆိုင်သည်။
LVMH သည် ယင်း၏၂၀၁၇ ခုနှစ်တစ်နှစ်စာရောင်းအားမှာ စံချိန်တင်ယူရို ၄၂.၆ ဘီလီယံဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကြေညာခဲ့သည်။ ဌာနခွဲအားလုံး၏ ဝန်ဆောင်မှုစွမ်းရည်မြင့်မားခြင်းကြောင့် ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်းတက်လာခြင်းဖြစ်ပြီး၊ ထိုနှစ်အတွက် အသားတင်အမြတ်ငွေ ၂၉ ရာခိုင်နှုန်း တိးလာခဲ့သည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်ကအဆိုတော် Rihanna က FENTY ဆိုသည့် စတိုင်လ်ဖြင့်တီထွင်ဖန်တီးသော ဖက်ရှင်အသုံးအဆောင်များရောင်းချသည့် Fenty Fashion House အား ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းသည် LVMH ၏ ၃၂ နှစ်အတွင်းဖွင့်လှစ်သည့် ပထမဦးဆုံးဖက်ရှင်ပစ္စည်းများ ရောင်းချသည့်ဆိုင်ဖြစ်ပြီး၊ Rihanna သည်လည်း LVMH လက်အောက်ရှိ အမှတ်တံဆိပ်တစ်ခုကိုဦးဆောင်သည့် ပထမဦးဆုံးလူဖြူမဟုတ်သောအမျိုးသမီးတစ်ဦးဖြစ်လာသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင်၊ Whispering Angel ဆိုသည့်အမှတ်တံဆိပ်ကြောင့် လူသိများခဲ့သောထုတ်လုပ်သူ Chateau d’Esclans ၏ ပိုင်ဆိုင် မှု ၅၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ကြောင်း LVMH က ကြေညာခဲ့သည်။ ထိုဝယ်ယူမှုက လူအများကြိုက်နှစ် သက်ကြသည့် အဆင့်မြင့် Rose Wine များအား စုစည်း ရောင်းချနိုင်ခွင့်နှင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံ ရောက်ရှိနိုင်ရေးအတွက် ကြိုးစားအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ LVMH ၏သတင်းထုတ်ပြန်မှုတစ်ခုတွင် Moet Hennessy ၏ CEO ဖြစ်သူ Philippe Schaus က “Sacha Lichine သည် Provence Rose Wine လောကနှင့် ယင်း၏ နိုင်ငံတကာတိုးတက်မှုဖြစ်စဉ်များကိုတော်လှန်ပြောင်းလဲမှာဖြစ်ပြီး၊ Moet Hennessy အနေနှင့် မိမိတို့၏ကမ္ဘာတစ်ဝန်းရှိအင်အားစုများက Sacha Lichine ၏ အံ့မခန်းစွန့်စားအားထုတ်မှုကို အပြည့်အဝပံ့ပိုးပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
E-commerce (Online ကုန်သွယ်မှု)
၂၀၁၈ ခုနှစ်၊ မေလက LVMH သည်၊ Online မှ ဖက်ရှင်များရှာဖွေသည့်လုပ်ငန်း Lyst အား ကမ္ဘာ့အကြီးဆုံးဇိမ်ခံပစ္စည်းအမှတ်တံဆိပ်များ စုစည်းရာလုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဖြင့် (မိမိတို့၏လုပ်ငန်းအား Online တွင်တိုးချဲ့ပြီး လူငယ်သုံးစွဲသူများအားဆွဲဆောင်ရန်) Online ကုန်သွယ်မှုလုပ်ငန်းကိုစတင်ခဲ့သည်။ LVMH ဦးဆောင်သည့် Lyst လုပ်ငန်းသို့ ဒေါ်လာသန်း ၆၀ ကျော်အား၊ LVMH မှ ၄၅ ရာခိုင်နှုန်းပါဝင်လျက် ရင်းနှီးမြှုပ်နှံထည့်ဝင်ခဲ့သည်။
ဟေဘလု (လေးမိုင်)