အရှေ့တောင်အာရှ၏ အကြီးမားဆုံးအငှားယာဉ်ကုမ္ပဏီအုပ်စု Grab သည် ယင်း၏လုပ်ငန်းများအား ဒေသအတွင်း တိုးချဲ့လာသည့်အလျောက် Mobile Payment Service အား ကမ္ဘေဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် စတင်အသုံးပြုရန် စီစဉ်နေပြီဖြစ်သည်ဟု အထက်တန်းအမှုဆောင်အရာရှိတစ်ဦး၏အဆိုအရသိရသည်။
စင်ကာပူနိုင်ငံအခြေစိုက်သော Grab ကုမ္ပဏီ၏ ငွေကြေးပိုင်းကဏ္ဍတွင် စီနီယာမန်နေးဂျင်းဒါရိုက်တာဖြစ်သူ Reuben Lai က ထိုနှစ်နိုင်ငံအား သူ၏စာရင်းပေါ်ရှိနောက်ထပ်အစီအစဉ်အဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ Grab ၏ တက္ကစီခေါ်ယူသည့်ပရိုဂရမ် (Ride hailing app) အား ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့နှင့် အတူ တခြားသော အာစီယံအဖွဲ့ဝင် ၆ နိုင်ငံတို့တွင် အသုံးပြုနေပြီဖြစ်သည်။
ယင်းတက္ကစီခေါ်ယူသည့် ပရိုဂရမ်ဝန်ဆောင်မှုမှာ ယခုအချိန်တွင် အရှေ့တောင်အာရှဒေသအတွင်းသာလျှင်ရှိနေပြီး ဒေသ၏အပြင်ဘက်သို့ ထွက်၍တိုးချဲ့ရန် အစီအစဉ်မရှိသေး။ သို့သော်လည်း ဂရပ်ဘ်သည် မိုဘိုင်းဖုန်း Keyboard ပေါ်တွင် နှိပ်လိုက်ရုံဖြင့် ပြုလုပ်နိုင်သော ငွေပေးချေစနစ်ကို စုစုပေါင်းလူဦးရေသန်း ၆၅၀ ရှိသည့် အရှေ့တောင်အာရှဒေသတွင် စတင်တော့မည်ဖြစ်သည်။ အမှန်တကယ်တော့ ယင်းလူဦးရေ၏ ကြီးမားသော ရာခိုင်နှုန်း၊ ဒါမှမဟုတ် အများအပြားသောလူများမှာ ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုကြသေးပါ။ ထိုငွေပေးချေမှုစနစ်မှာ ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်စားသုံးသူဝန်ဆောင်မှုများ (Digital Consumer Services) တွင် အခရာ ကျလာပြီဖြစ်သည်။ Grab သည် ဥရောပမှလာသည့် အူဘာ (Uber Technologies) နှင့် ယခုနှစ် ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ပူးပေါင်းထားပြီး အစားအစာပို့ဆောင်သည့်ဝန်ဆောင်မှု (Food Delivery Service) ကိုလည်း တိုးချဲ့လုပ်ကိုင်လာ သည်။
အာရှတိုက်အတွင်းယှဉ်ပြိုင်မှုများပြင်းထန်လာသည့်အလျောက် Grab သည်လည်း ဤငွေပေးချေစနစ်သစ်ကို အာရုံစူးစိုက်ဖို့ အခြေအနေဖြစ်ပေါ်လာသည်။ Chat App တစ်ခုဖြစ်သော Line ကလည်း ငွေပေးချေခြင်း ဝန်ဆောင်မှုများအား တွန်းအားပေးသည့် အခြေအနေဖြစ်လာသည်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Amazon.com ကလည်း ဒစ်ဂျစ်တယ်ငွေပေးချေခြင်းဝန်ဆောင်မှုကို ကျင့်သုံးရန် ၂၀၁၈ ခုနှစ် ဆောင်းဦးရာသီတွင် ဂျပန်နိုင်ငံအားရွေးချယ်လိုက်သည်။ Grab ၏ ပြိုင်ဘက် ဖြစ်သောအင်ဒိုနီးရှားနိုင်ငံမှ Go Jek ကလည်း ယင်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် e-payments သည် အဓိကကျသည်ဟု စဉ်းစားလာသည်။ အိန္ဒိယနိုင်ငံတွင် Paytm သည် ၂၀၁၈ ခုနှစ် နွေရာသီတွင် Warren Buffett ကုမ္ပဏီ၏ Berkshire Hathaway မှ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၄၃၆ သန်းရရှိပြီးဖြစ်သည်။ အကြမ်းအားဖြင့် Paytm ကို အသုံးပြုသူသန်း ၃၅၀ ခန့် ရှိသည်။
Grab သည် ယင်း၏ GrabPay အသုံးပြုသူများ အရေအတွက် ထုတ်ဖော်မပြော။ ငွေပေးချေလုပ်ငန်း၏ အသေးစိတ်အချက်အလက်များကိုလည်း မဖော်ပြ။ ယင်း အစားငွေပေးချေလုပ်ငန်း၏ ထူးခြားသောအနာဂတ်အလားအလာလမ်းကြောင်းကိုသာ ပြောဆိုသည်။
Grab သည် ဘဏ်ငွေစာရင်းမရှိသော၊ ငွေကြေးစနစ်တွင် မမြင်နိုင်သောသန်းနှင့်ချီ၍ရှိသည့် အာ ဆီယံအသုံးပြုသူများအတွင်းသို့ ထိုးဖောက်ရန် ရည်ရွယ်ကြောင်း မစ္စတာလိုင်က ဆိုလေသည်။ “ကျွန်တော်တို့ကသူတို့ကိုငွေကြေးစနစ်ထဲကို ဆွဲခေါ်မယ်။ သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာ Products တွေကိုရယူအသုံးပြုစေမယ်။ ဒီအချက်ဟာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာအောင် မြင်ဖို့အတွက် အဓိကကျပါတယ်။” ဟုလည်း ဆိုသည်။ ကမ္ဘာ့ဘဏ်၏ Global Findex Database အရ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအသက် ၁၅ နှစ်နှင့် အထက် လူဦးရေ၏ ၄၈ ရာခိုင်နှုန်း လောက်မှာ ဘဏ်ငွေစာရင်းများ ရှိကြသည်ဟု သိရသည်။ အလားတူရာခိုင်နှုန်းများမှာ ဖိလစ်ပိုင်နိုင်ငံတွင် ၃၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်တွင် ၃၀ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။ Grab ၏ ရည်ရွယ်ချက်မှာ ထိုနိုင်ငံများ၊ တခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးလာစေရန်ဖြစ်သည်။
“ငွေကြေးဝန်ဆောင်မှုတွေ အသုံးပြုလာဖို့ အခြေအနေကတော့ အရမ်းကောင်းပါတယ်။” ဟု မစ္စတာလိုင်က မှတ်ချက်ချသည်။ အခက်အခဲမှာကား နိုင်ငံ ၁၀ နိုင်ငံ၊ စည်းမျဉ်း ၁၀ မျိုးနှင့် ငွေကြေး ၁၀ မျိုးတို့ ကွဲ ပြားနေခြင်းဖြစ်သည်ဟု ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလလယ် ဖိုရမ်တစ်ခုတွင် ပြောခဲ့သည်။ ဂရပ်ဘ်အဖို့ စီးပွားရေးဖွံ့ ဖြိုးမှုမတူညီသောနိုင်ငံများ၊ ဘာသာရေးယုံကြည်မှု မတူညီသော နိုင်ငံများအကြား ဖြတ်သန်းသွားရမည်ဖြစ်သည်။ ဘာသာရေးမတူညီမှုများကြောင့် အကြမ်းဖက်မှုများပင် ဖြစ်ကြသည်။ Grab သည် တရုတ်၏ဒေသတွင်းဩဇာ လွှမ်းမိုးလာမှုကြောင့် ကွဲပြဲမှုများအကြား ဖြတ်သန်းသွားရမည်ဖြစ်သည်။
ထို့အပြင် ငွေကြေးဝန်ဆောင်မှုပိုင်းတွင် အခြေတည်နေပြီဖြစ်သော ကုမ္ပဏီများလည်းရှိနေပြီးဖြစ်သည်။ Alibaba Group Holdings ၏ Alipay နှင့် Tencent Holdings ၏ WeChat Pay တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်မြင့်မားလာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းတွင် ကျော်ကြားလူသိများလာကြသည်။ Grab သည် ငွေပေးချေခြင်း ဝန်ဆောင်မှု လုပ်ငန်းကို ချဲ့ထွင်ရာတွင် အထက်ဖော်ပြပါ တရုတ်ပြိုင်ဘက်များနှင့် မတူဘဲ ဒေသတွင်းပါတနာများကိုသာမှီခိုသည်။ Grab သည် နောင်နှစ်အစောပိုင်းတွင် ဆဋ္ဌမမြောက် နိုင်ငံ ထိုင်းနိုင်ငံတွင် ယင်း၏ Payment App ကို စတင်အသုံးပြုမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ငွေထုတ်ချေးသူကာစီကွန်ဘဏ် (Kasikornbank) က လိုအပ်သည့်လိုင်စင်ကို ထုတ်ပေး မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် GrabPay ကို စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် အသုံးပြုနေကြသည်။ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ပြည်တွင်းပါတနာများနှင့် ပူးပေါင်းလုပ်ကိုင်နေကြသည်။ အာဆီယံနိုင်ငံများတွင် အစုစပ် (Partnership) လုပ်ကိုင် သည်မှာ Grab တစ်ဦးတည်းမဟုတ်။ ၂၀၁၈ ခုနှစ်၊ နိုဝင် ဘာလလယ်တွင် အင်ဒိုနီးရှား၏ Go Jek သည် စင်ကာပူ၏ အကြီးမားဆုံးသောဘဏ်ဖြစ်သည် DBS Group Holdings နှင့် အစုစပ်လုပ်ကိုင်မည်ဟု ကြေညာခဲ့သည်။ Go Jek နှင့် DBS တို့သည် စင်ကာပူနိုင်ငံတွင် ယာဉ်မောင်းများနှင့် Customer များအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးမည်ဖြစ်သည်။ ထို့အပြင် တခြားအ လားအလာကောင်းများကိုလည်း ရှာဖွေကြမည်ဖြစ်ကြောင်း DBS ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Nikkei Asian Review သို့ ပြောပြသည်။
ထို့အပြင် ဒေသ၏ အကြီးမားဆုံးဆက်သွယ်ရေး ကုမ္ပဏီ “ Singapore Telecommunications ” က စင်ကာပူနိုင်ငံတွင် ပေးမည်ဟု ကမ်းလှမ်းထားပြီး အရှေ့တောင်အာရှတစ်ဝန်း E-Payment အစုစပ်လုပ်ငန်းများတိုးချဲ့ရန် စီမံထားသည်။ “မြန်မာနဲ့ ကမ္ဘောဒီယားအပါအဝင် ကျန်တဲ့ ၄ နိုင်ငံမှာ ဆက်လက်လုပ်ကိုင်နိုင်ရအောင် ကျွန်တော်တို့က အခုအာဆီယံ ၆ နိုင်ငံ အစီအစဉ် (ASEAN) မှာလည်း အောင်မြင်မှုရဖို့မျှော်လင့်ထားပါတယ်။” ဟု မစ္စတာလိုင်က သူ၏သဘောထားကို ဖွင့်ဟပြောလိုက်သည်။”
Ref : Driven to diversity
ရဲညွန့် (မဟာဝိဇ္ဇာ၊ နိုင်-ဆက်)
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)