နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ ဦးဆောင်သူ၏အတွေးအခေါ် အမြော်အမြင် ရည်မှန်းချက် (Vision) သည် အရေးအကြီးဆုံးဖြစ်လေသည်။ သို့သော်လည်း မည်မျှပြည့်စုံ ကောင်းမွန်သောရည်မှန်းချက် ဖြစ်နေစေကာမူ လက်တွေ့လုပ်ဆောင်ရမည့် ရေတိုရေရှည် မဟာဗျူဟာနည်းဗျူဟာတို့သည်လည်း အရေးပါလှပေသည်။ ဤတွင်လည်း လက်တွေ့အကောင်အထည်ဖော်ရမည့် အထောက်အကူပြုအဖွဲ့များ (Teams) နှင့် ရေရှည်အထိ အသုံးဝင် အသုံးပြုနိုင်သည့် လုပ်ထုံးလုပ်နည်းအဆောက်အအုံ (Infrastructure) တို့၏အခန်းကဏ္ဍကို မေ့လျော့၍မရနိုင်ပေ။
ယနေ့ IT နှင့် စက်မှုနည်းပညာ တိုးတက်သောခေတ်ကာလတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း ခေါင်းဆောင်ပုံစံဖြင့် အခြေအနေများ ပြောင်းလဲရန်နှင့် ရင်ဆိုင်ပြိုင်ဆိုင်ရန် ခက်ခဲလှပေသည်။ ခေါင်းဆောင်တိုင်း၏ဆန္ဒတွင် မိမိဦးဆောင်ရသည့်အချိန်ကာလအတွင်း အကောင်းဆုံး လုပ်ကိုင်ပြသလိုစိတ် ရှိကြစမြဲဖြစ်ပါသည်။ ရံဖန်ရံခါ စိုးရိမ်စိတ်ဖြင့် လူအများစုကြိုက် ပေါ်လစီများ ချမှတ်ဆောင်ရွက်တတ်ကြပါသေးသည်။ ဤသို့ဆောင်ရွက်ခြင်းသည် ရေရှည်တွင် အနုတ်လက္ခဏာအကျိုးတရားများ ရတတ်ပြီး မိမိ၏သမိုင်းကြောင်း (Legacy) ကို ထိခိုက်နိုင်ပါသည်။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် မိမိ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်မည့် အထောက်အကူပြုအဖွဲ့များ (Teams) ကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ရန် အရေးကြီးပါသည်။ ထိုအဖွဲ့များကို သတ်မှတ်ထားသောနည်းဗျူဟာများကို အကောင်အထည်ဖော်နိုင်ရန်၊ မိမိတို့ သဘောတူညီသည့် လုပ်ထုံးလုပ်နည်းများချမှတ်၍ လွတ်လပ်စွာ တာဝန်ယူလုပ်ဆောင်စေရမည်ဖြစ်ပါသည်။ ထိုအဖွဲ့များတွင် သက်ဆိုင်ရာလုပ်ငန်းကိစ္စများ ထိုးထိုးဖောက်ဖောက် သိနားလည်သည့်ပညာရှင်များ၊ အတွေ့အကြုံရှိသူများ၊ ကျွမ်းကျင်သူများ ပါဝင်ရန် လိုအပ်ပါသည်။
ထိုအဖွဲ့များ (Teams) မှတစ်ဆင့် ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများကို ချမှတ်ခြင်းဖြင့် နောင်လက်ရှိခေါင်းဆောင်ရှိရှိ မရှိရှိ လုပ်ဆောင်သွားနိုင်မည့် လုပ်ထုံးလုပ်နည်းများကို တစ်ပြိုင်နက်တည်း ပြုစုပျိုးထောင်ရန်ဖြစ်ပါသည်။
အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ ခေါင်းဆောင်အနေဖြင့် လက်ရှိအခြေအနေ စိန်ခေါ်မှုများကို ရေတိုရေရှည်ဖြေရှင်းရန် ကြိုးစားရင်း မျိုးဆက်သစ်ခေါင်းဆောင်များကို ပြုစုပျိုးထောင်ခြင်း (Succession Plan) ကို ပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။
ထို့ကြောင့် ခေါင်းဆောင်တစ်ယောက်အနေဖြင့် မိမိဦးဆောင်ရသည့်ကာလတွင် လုပ်သင့်သည့်ကိစ္စများ လုပ်ဆောင်ရင်း အခြေခံကောင်းများ၊ မျိုးစေ့ကောင်းများ ချသွားရန် လိုပါကြောင်း။
မောင်သာ