အင်ဒိုနီးရှားစီးပွားရေး ပြုပြင်ပြောင်းလဲမှုအား လေ့လာခြင်း

indonesia-01နိုင်ငံတစ်ခုတွင် နိုင်ငံရေးနှင့် စီးပွားရေးတို့သည် အပြန်အလှန်ချိတ်ဆက်တည်မီနေကြသည်။ နိုင်ငံရေးဘောဂဗေဒအမြင်အရ စီးပွားရေးသည် နိုင်ငံ၏အခြေခံအုတ်မြစ် အဆောက်အုံဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ စီးပွားရေးအခြေခံပေါ်တွင် တည်ဆောက်ထားသော အပေါ်လွှာအဆောက်အအုံဖြစ်သည်။ စီးပွားရေးအင်အားကောင်းမွန်ခိုင် မာခြင်းသည် နိုင်ငံ၏ကဏ္ဍပေါင်းစုံကို စွမ်းရည်ဖြည့်တင်းပေးနိုင်သည်။ စီးပွားရေးကောင်းမှ နိုင်ငံရေးတည်ငြိမ်သည်။ နိုင်ငံကို လုံခြုံအောင်ကာကွယ်နိုင်သည်။ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည်။ လူသားအရင်းအမြစ်များကို ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်သည်။ နိုင်ငံတကာ၌ ပွဲလယ်တင့်၍ မျက်နှာပွင့်သည်။ တစ်ဘက်တွင်လည်း နိုင်ငံရေးတည်ငြိမ်ပြီး လုံခြုံမှုရှိမှ စီးပွားရေးကို အေးအေးချမ်းချမ်း လွတ်လပ်စွာလုပ်ကိုင်နိုင်သည်။ လူသားအရင်းအမြစ်နှင့် လူမှုရေးဖွံ့ဖြိုးမှ ရေရှည်စီးပွားရေးတိုးတက်နိုင်သည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် နိုင်ငံရေးသာမက စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုပါ ထည့်သွင်းဆောင်ရွက်ရလေ့ရှိသည်။

          ဤနေရာတွင် နိုင်ငံအသီးသီး၌ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပုံစံ (Model) အမျိုးမျိုးရှိကြသည်။ ရှေ့နောက်အစီအစဉ် (Sqquence) အရပြောမည်ဆိုလျှင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အလျင်စတင်ဆောင်ရွက်ပြီးမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို နောက်မှလိုက်၍ ဆောင်ရွက်သည့်ပုံစံ။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှစ်ခုစလုံးကို တစ်ပြိုင်တည်းဆောင်ရွက်သည့်ပုံစံ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်စတင်ဦးစားပေးဆောင်ရွက်ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အထူးသတိကြီးစွာထားသည့် နိုင်ငံဟူ၍ လေးမျိုးခန့်တွေ့ရပါ၏။

          ပထမအမျိုးအစားဖြစ်သည့် စီးပွားရေးပြုပြင် ပြောင်းလဲမှုကို အလျင်စတင်ပြီးမှ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုက နောက်မှလိုက်၍ ဆောင်ရွက်သည့် နိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ကိုရီးယားတို့ပါဝင်သည်။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှစ်ခုစလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်သည့်ပုံစံတွင် အရှေ့အုပ်စုဟောင်း အရှေ့ ဥရောပနိုင်ငံများပါဝင်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဦးဆောင်စတင်ပြီးမှ စီးပွားရေးပြုပြင်ပြောင်းလဲမှု နောက်မှလိုက်သည့်ပုံစံတွင် သမ္မတဂေါ်ဘာချော့ဗ်လက် ထက် ဆိုဗီယက်ပြည်ထောင်စု၏ နှောင်းပိုင်းကာလကို တွေ့ရသည်။ (ဂလပ်စ်နော့ခေါ် ပွင့်လင်းမှုမူဝါဒက ရှေ့ မှလာ၍ ပဲရက်စ်စထရိုအီကာခေါ် စီးပွားရေးပြုပြင်ပြောင်း လဲမှုက နောက်မှလိုက်ခဲ့သည်။) ဆိုခဲ့သည့်အတိုင်း စီးပွား ရေးသည် နိုင်ငံ၏အခြေခံအုတ်မြစ်ဖြစ်လေရာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အောင်အောင်မြင်မြင် စတင်လုပ် ဆောင်ကာ အခြေခိုင်သွားသည့် နိုင်ငံများတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ကိုင်ပါက နိုင်ငံရေးရှော့ခ် (Shock) ကြောင် နိုင်ငံထိခိုက်မှုမပြင်းထန်လှဘဲ လွယ်လွယ်ကူကူ နာလန်ပြန်ထူ၍ တိုးတက်မှုအရှိန်အဟုန် မြင့်မားလေ့ရှိ သည်ကို တွေ့ရသည်။

          နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်နှစ်ခုစလုံးတွင် တစ်ချိန်တည်းတစ်ပြိုင်တည်းပြုပြင်ပြောင်းလဲမှုလုပ်ကိုင် ရသည့် နိုင်ငံများမှာမူ စီးပွားရေးအခြေခိုင်ပြီးသည့် နိုင်ငံ များထက် မရေရာမှုနှင့် စွန့်စားရမှု ပို၍များလှသည်။ စီးပွားရေးအခြေမခိုင်သေးပါဘဲလျက် ပွင့်လင်းလွတ်လပ် သည့် နိုင်ငံရေးစနစ်ကို စတင်ကျင့်သုံးသည့် နိုင်ငံများမှာ မူ ပြည်သူတို့၏ ဆင်းရဲမှုမှ မျိုသိပ်ထားရသည့် ဒေါသ များကို လွတ်လပ်စွာပေါက်ကွဲခွင့်ပေးလိုက်သည့်နှယ် ဖြစ် သွားကာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေး၌ပါ ဒုက္ခရောက်သွားရတတ်သည်လည်း ရှိသည်။

          ထို့အပြင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ချိန်တွင် ဖြစ်ပေါ်တည်ရှိနေသည့် နိုင်ငံတကာအနေအထား၊ ပတ်ဝန်းကျင်အခြေအနေ၊ ကမ္ဘာ့စီးပွားရေးရာသီဥတု စသည့် ကာလ၊ ဒေသ၊ ပယောဂ ပြင်ပသက်ရောက်မှုများ ကလည်း အရေးပါလှသည်။

          ထိုသို့သော အကြောင်းအချက်များကို အခြေခံကာ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို နိုင်ငံရေးဘောဂဗေဒနှင့် ပထဝီနိုင်ငံရေးအမြင် တို့မှ သုံးသပ်ဆွေးနွေးလိုခြင်းဖြစ်ပါသည်။

နောက်ခံအခြေအနေ

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို နိုင်ငံ၏ဒုတိယမြောက်သမ္မတဖြစ်သည့် ဆူဟာတိုလက် ထက် ၁၉၆၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းတွင် စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ တွင် လူဦးရေအများဆုံးနှင့် နယ်မြေစာကျယ်ဆုံးဖြစ်သော  အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်းနှစ်သောင်းကျော်နှင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်သည်။ ကျွန်းပေါင်းများ စွာရှိသော်လည်း လူမနေသော ကျွန်းများက အများအပြား ရှိနေပြီး ဆုမတြ၊ ဂျာဗား စသော ကျွန်းကြီးများတွင်သာ လူဦးရေအများစုက ြွပတ်သိပ်၍နေထိုင်ကြသည်။ သမိုင်း ကြောင်းနှင့် ပထဝီအနေအထားအရ လူမျိုးစွဲကွဲပြားမှုများ ပြားသလို ဘာသာရေးတွင်လည်း ဘာလီကျွန်းတွင် ဟိန္ဒူ၊ ဆူလာဝီစီနှင့် အနောက်တီမောတို့တွင် ခရစ်ယာန် နှင့် ကျန်ဒေသများတွင် မွတ်စလင်ဟူ၍ အမျိုးမျိုးကွဲပြား ကြသည်။

          ၁၉၄၉ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ လွတ် လပ်ရေးရရှိခဲ့သည်။ အင်ဒိုနီးရှားသမ္မတနိုင်ငံထူထောင် ချိန်တွင် ယခင်က ဒတ်ချ်လက်အောက်သို့ ကောင်းစွာမ ကျရောက်ခဲ့ဖူးသည့် ဆုမတြားကျွန်း မြောက်ပိုင်းအာချေး ဒေသကိုပါ နိုင်ငံအတွင်း ပေါင်းစည်းနိုင်ခဲ့သကဲ့သို့ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ပေါ်တူဂီတို့ အာရှဒေသမှ ဆုတ်ခွာသည့်အခါ ပေါ်တူဂီကိုလိုနီဟောင်းဖြစ်သော အရှေ့တီမောကိုလည်း အင်ဒိုနီးရှားနိုင်ငံထဲသို့ ၁၉၇၅ ခုနှစ်တွင် သွတ်သွင်းခဲ့သည်။ အင်ဒိုနီးရှားတို့က “ကာလီမန်တန်” ဟုခေါ်သော ဘော်နီယိုကျွန်းမှာလည်း ၁၉၅၀ ပြည့်လွန်နှစ်များတွင် မလေးရှားနှင့် ခွဲခြမ်းကာရယူခဲ့ပြီး၊ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဘရူနိုင်းဆော်ဘွားနယ်က ဘရူးနိုင်းဒါရုဆလမ်အမည်ဖြင့် နိုင်ငံထူထောင်လိုက်သ ဖြင့် သုံးနိုင်ငံခွဲခြမ်းရယူထားရာ နယ်မြေဖြစ်လာခဲ့သည်။

          ဤသို့သော အခြေအနေများကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးသည် အင်ဒိုနီးရှားနိုင်ငံအတွက် အ ဓိကအလေးထားရမည့် အရေးကိစ္စဖြစ်သည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံကို စတင်ထူထောင်သည့် ခေါင်းဆောင်များက အချက်နှစ်ချက်ကို အလေးထားဖော်ဆောင်ခဲ့သည်။

ပထမအချက်မှာ လူမျိုးဘာသာကွဲပြားမှုများသော်လည်း နိုင်ငံ၏ဖွဲ့စည်းပုံကို တစ်ပြည်ထောင် (Unitary) စနစ်ဖြင့် သာ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ဒေသအလိုက်ဘာသာစကားကွဲပြားမှုများပြားသော်လည်း နိုင်ငံ၏ ရုံးသုံးဘာသာစကားသက်သက်တီထွင်ကာ “ဘဟာ ဆာအင်ဒိုနီးရှား” ဟုခေါ်တွင်စေပြီး တစ်နိုင်ငံလုံးမသင် မနေရ သင်ကြားသုံးစွဲစေခဲ့ခြင်းဖြစ်သည်။

          အင်ဒိုနီးရှားလွတ်လပ်ရေးရရှိချိန်တွင် ပထမဆုံး သမ္မတဆူကာနိုသည် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှား မှု၏ ခေါင်းဆောင်အဖြစ် နိုင်ငံရေးအရ ဩဇာတိက္ကမကြီးမားခဲ့သည်။ အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံး နိုင်ငံဖြစ်လာသည့်အတွက် ဒေသတွင်း၌ ဦးဆောင်နိုင်ငံအဖြစ် နေရာယူနိုင်ရန်နှင့် ကမ္ဘာ့နိုင်ငံရေးတွင်ပါ အရေးပါလာစေရန် နိုင်ငံရေးရည်မှန်းချက်ကြီးမားသော ဆူကာနို က ကြိုးပမ်းခဲ့သည်။ ထိုကာလတွင် ကမ္ဘာပေါ်၌ စစ်အေး တိုက်ပွဲအရှိန်အဟုန်မြင့်မားနေခဲ့ပြီး အရှေ့အုပ်စုနှင့် အ နောက်အုပ်စုတို့ အပြင်းအထန်အားပြိုင်နေခဲ့ရာ သမ္မတဆူ ကာနိုသည် အင်ဒိုနီးရှားကို အခြားဖွံ့ဖြိုးဆဲတတိယကမ္ဘာ နိုင်ငံများနည်းတူဘက်မလိုက်လှုပ်ရှားမှုတွင် ပါဝင်စေခဲ့ ပြီး မည်သည့်ဘက်သို့မျှ မလိုက်ပါဘဲ ရပ်တည်ခဲ့သည်။ ဘက်မလိုက်လှုပ်ရှားမှု၏ အာရှဒေသဦးဆောင်နိုင်ငံတစ်ခု အဖြင့် ၁၉၅၅ ခုနှစ်တွင် ဘန်ဒေါင်းမြို့၌ ကမ္ဘာ့ဘက်မ လိုက်လှုပ်ရှားမှုညီလာခံကို လက်ခံကျင်းပခဲ့သည်။

          ဒေသတွင်းနိုင်ငံရေးတွင် ထိုစဉ်က နိုင်ငံဖြစ် တည်စ မလေးဖက်ဒရေးရှင်းနှင့် ဘော်နီယိုကျွန်း၊ နယ်မြေ အငြင်းပွားမှုကို အကြောင်းပြု၍ တင်းမာမှုများမြင့်မားခဲ့ သည်။ သမ္မတဆူကာနိုက မလေးရှားနှင့် ထိပ်တိုက်ရင် ဆိုင်မှုလမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး၊ “မလေးရှားကို ချေမှုန်း ကြ” (Crash Malaysia) ဟု ကြွေးကြော်ခဲ့သည်။

          ဤသို့ဖြင့် လွတ်လပ်ပြီးစ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံရေးကိစ္စများကသာ အဓိကလွှမ်းမိုးနေခဲ့ပြီး၊ တိုင်းပြည်အတွက် အရေးပါသော ဓနဥစ္စာအရင်းအမြစ်များမှာ  နိုင်ငံရေးအရပုံရိပ်မြှင့်တင်နိုင်သည့် လုပ်ငန်းများ (ဥပမာ- ကမ္ဘာ့ဘက်မလိုက်လှုပ်ရှားမှုညီလာခံကြီးကို ဘန်ဒေါင်းတွင် ကျင်းပခြင်း၊ ယင်းညီလာခံအတွက် အခြေခံ အဆောက်အဦးလေဆိပ်၊ ဟိုတယ်စသည်များကို အကုန်အကျခံဆောက်လုပ်ရခြင်း၊ ဒေသတွင်းအားကစားပြိုင်ပွဲများကို ဖိတ်ခေါ်ကျင်းပခြင်း) တွင် သုံးစွဲမှုများပြားခဲ့သည်။ လွတ်လပ်ပြီးစပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် နိုင်ငံရေးအာဏာနှင့် ငွေရေးကြေးရေးကိစ္စတို့ ရှုပ်ထွေးပတ်သက်နေခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှု ကြီးမားကျယ်ပြန့်လှခြင်းတို့ကြောင့်လည်း အင်ဒိုနီးရှား စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခဲ့သည်။ ထိုကာလတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍအား နည်းမှုကြောင့်လည်း စားနပ်ရိက္ခာဖူလုံမှုမရှိ၍ အဓိကစား ကုန်ဖြစ်သော ဆန်ကိုပင် ပြည်ပမှ တင်သွင်းနေခဲ့ရသည်။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း သမ္မတဆူကာနိုက နိုင်ငံ တော်အာဏာကို ထိန်းချုပ်၍ Guided Democracy ခေါ် လမ်းညွှန်ဒီမိုကရေစီကို ကျင့်သုံးခဲ့ရာတွင် စီးပွားရေးကိစ္စများ၌ အစိုးရ၏ ကိုင်တွယ်ပုံမကျွမ်းကျင်မှုကြောင့် စီးပွားရေးကျဆင်းခဲ့သည်။

Indonesia_Export_Treemap          ထိုကာလတွင် ဒေသတွင်း နိုင်ငံရေးမှာလည်း တရုတ်နိုင်ငံတွင် စတင်ခဲ့သည့် မဟာပစ္စည်းမဲ့ယဉ်ကျေး မှုတော်လှန်ရေးကြီး၏ ဂယက်မှာ အရှေ့တောင်အာရှနိုင်ငံများသို့ သက်ရောက်လာခဲ့ပြီး၊ ဒေသတွင်းနိုင်ငံများ၏ ကွန်မြူစနစ်သူပုန်များမှာလည်း တရုတ်ကွန်မြူပါတီ၏ ထောက်ပံ့အားပေးမှုဖြင့် ပိုမိုတက်ကြွလှုပ်ရှားလာရာ အင် ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) လည်း အပါအဝင်ဖြစ်၏။ နိုင်ငံတွင် လူမှုစီးပွားရေးကွာဟချက်ကြီးမားနေပြီး ဆင်း ရဲနွမ်းပါးသူများပြားနေခြင်းက PKI ကို အားပေးနေသကဲ့ သို့ဖြစ်ပြီး၊ သမ္မတဆူကာနိုကိုယ်တိုင်ပင် ကွန်မြူနစ်တို့ကို အလေးပေးနေရသည့်ဘဝသို့ ရောက်ရှိလာသည်။ ၁၉၆၅ ခုနှစ်တွင် ကွန်မြူနစ်တို့ ကျောထောက်နောက်ခံ ပြုထားသည့် စစ်ဘက်အရာရှိကြီးအချို့က အာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့သော်လည်း ထိုစဉ်က ကြည်း တပ်အရာရှိကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်သူဟာတိုက ဦးဆောင်၍ တွန်းလှန်နိုင်ခဲ့ပြီး ထိုကာလမှစ၍ ဆူကာနို၏ ဩဇာကျဆင်းလာကာ သမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဆူဟာတိုက လွှဲပြောင်းဆက်ခံခဲ့သည်။ ဤသို့ဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတို၏ ခေတ်သစ် New Order ပုံစံသစ် စတင်ခဲ့သည်။

New Order ခေတ် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ

ဆူဟာတို၏ New Order ပုံစံသစ်တွင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို အဓိကတည်ဆောက်ခဲ့သည်။ လုံခြုံရေးအတွက် အင်ဒိုနီးရှားကွန်မြူနစ်ပါတီ ကို စစ်ရေးအရ ပြင်းပြင်းထန်ထန် ချေမှုန်းခဲ့ရာ ကွန်မြူနစ်သူပုန်နှင့် ယင်းတို့ကို ထောက်ခံသူများ သိန်းနှင့်ချီ၍ သုတ်သင်ခြင်းခံခဲ့ရသည်။ နိုင်ငံရေးတည်ငြိမ်မှုအတွက် နိုင်ငံရေးပါတီချင်းငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ပဉ္စသီလမှုကို ကျင့်သုံးခဲ့ပြီး စစ်ဘက်ကထောက်ခံအား ပေးသည့် ဂိုလ်ကာပါတီက အဓိကပါတီအဖြစ် နိုင်ငံရေးဦး ဆောင်မှုရယူထားခဲ့သည်။

          ထိုကာလတွင် ဆူကာနိုလက်ထက် နောက်ပိုင်း စီးပွားရေးအခြေအနေမှာ များစွာယိုယွင်းကျဆင်းနေခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ ၁၀ဝ၀ ရာခိုင်နှုန်းခန့်အထိရှိခဲ့သည်။ ဆူကာနိုသည် ဘတ်ဂျက်လိုငွေပြမှုများကို နိုင်ငံခြားချေးငွေ၊ ဗဟိုဘဏ်ချေးငွေ၊ ငွေစက္ကူရိုက်နှိပ်ခြင်းများဖြင့် လက်ပူတိုက်ဆေးမြီတိုများ အသုံးပြုဖြေရှင်းခဲ့မှုကြောင့် အခြေအနေဆိုးရွာနေခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေကို ဆက်ခံရသော ဗိုလ်ချုပ်ကြီးဆူဟာတိုသည် စင်စစ်၌ စီးပွားရေးပညာကို နားလည်သူမဟုတ်ပေ။ ဒတ်ချ်ကိုလိုနီခေတ်က ခုနစ်တန်းအထိသာပညာသင်ကြားခဲ့ရပြီး ဒတ်ချ်တို့ဖွဲ့စည်းထားသည့် ပုလိပ်တပ်ဖွဲ့တွင် ဝင်ရောက်အမှုထမ်းကာ ရဲတပ်ကြပ်အဆင့်ရရှိခဲ့ပြီး ဂျပန်ခေတ်အင် ဒိုနီးရှားတပ်မတော်တွင် ဗိုလ်သင်တန်းတက်ခွင့်ရ၍ စစ်ဗိုလ်ဖြစ်လာသူဖြစ်သည်။ နောက်ပိုင်းတွင် ဂျပန်တော် လှန်ရေး၌ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီး၍ ဒတ်ချ်တို့ပြန်ဝင်လာသောအခါ၌ ဒတ်ချ်တို့ကို ပြန်လည် တော်လှန်ရာ၌လည်း ဦးဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် စစ်ရေးစစ်ရာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း စီးပွားရေးနှင့်ပတ်သက်လျှင် လူပြိန်းအဆင့်သာရှိသည်။

          ထို့ကြောင့် စီးပွားရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူပညာရှင်များကို ဆူဟာတိုက ရှာဖွေခဲ့သည်။ ထိုစဉ်က အင်ဒိုနီးရှားစစ်ဦးစီးတက္ကသိုလ်တွင် အမေရိကန် နိုင်ငံကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) မှ စီးပွားရေးဘွဲ့ ရအင်ဒိုနီးရှားပညာရှင်များက စီးပွားရေးပညာရပ်ဌာနကြီး၏ ကထိကများအဖြစ်ရှိနေကြသည်။ ၁၉၆၆ ခုနှစ်တွင် နိုင်ငံကို တာဝန်ယူထားရသော်လည်း တရားဝင် သမ္မတမဖြစ်သေးသည့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် ကြီးဆူဟာတိုက နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်သည့် နှီးနှောဖလှယ်ပွဲတစ်ခုကို စစ်ဦးစီးတက္ကသိုလ်၌ ပြုလုပ်ခဲ့ရာ ယင်းပညာရှင်များက သူတို့၏ အမြင်များနှင့် ပြုပြင်ပြောင်းလဲသင့်သည့် နည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့မှုအပေါ် ဆူဟာတိုက သဘောကျပြီး ယင်းပညာရှင်များကို စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် ဦးဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။ နောင်တွင် ဆူဟာတိုသမ္မတဖြစ်လာသောအခါ ယင်းအုပ်စုဝင်များကို နိုင်ငံစီးပွားရေးအတွက် အရေးပါသည့် ဝန်ကြီးဌာနများတွင် တာဝန်ပေးအပ်ခဲ့ပြီး နောင်တွင် “ဘာကလေ မာဖီးယား” ဟု ထင်ရှားသူများဖြစ်လာခဲ့ကြသည်။

          ဘာကလေမာဖီးယားအုပ်စု စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စတင်တာဝန်ယူရချိန်တွင် နိုင်ငံတကာနှင့်   ဒေသတွင်းအခြေအနေကာလဒေသပယောဂတို့ကလည်း  ရေကန်အသင့် ကြာအသင့်ဆိုသည့်နှယ် အဆင်ပြေခဲ့သည်။ ၁၉၆၇ ခုနှစ် အာရပ်၊ အစ္စရေးစစ်ပွဲနောက်ပိုင်း အာရပ်ရေနံနိုင်ငံများက ရေနံကိုလက်နက်သဖွယ်အသုံး ပြုမှုကြောင့် ကမ္ဘာ့ရေနံဈေးမြင့်တက်လာချိန်နှင့် အင်ဒိုနီးရှားနိုင်ငံပိုင် ပါတာမီနာရေနံကုမ္ပဏီ၏ ကမ်းလွန်ရေနံ တွင်းများမှ ရေနံလှိုင်လှိုင်ထွက်ရှိမှုနှင့် တိုက်ဆိုင်နေခဲ့ရာ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်သော ဘဏ္ဍာငွေကို ရေ နံဝင်ငွေမှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ယင်းရေနံအကြပ်အတည်းကြောင့် ဆီစားသက်သာသော ဂျပန်ကားများ အရောင်းသွက်ကာ ဂျပန်နိုင်ငံလည်း စီးပွားတက်လာခဲ့ရာ အရင်းအနှီးကြီးထွားလာသည့် ဂျပန်သည်လုပ်အားခ သက်သာသော အရှေ့တောင်အာရှဒေသသို့ (ထိုစဉ်က ဝန်ကြီးချုပ် ဖူကူဒါ၏မူဝါဒအရ) ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လာခဲ့ရာ ကွန်မြူနစ်အန္တရာယ်မှ လွတ်မြောက်ကာ အေးချမ်းတည်ငြိမ်နေပြီး လူဦးရေများပြားကာ လုပ်အားခဈေးချိုသည့် အင်ဒိုနီးရှားနိုင်ငံသို့ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လှိမ့်ဝင်လာခဲ့သည်။

          အကျိုးဆက်အားဖြင့် ဘာကလေမာဖီးယားတို့၏ ဘဏ္ဍာရေးစည်းမျဉ်းများ တင်းကြပ်ဆောင်ရွက်မှုကြောင့် ငွေကြေးဖောင်းပွမှု သည် ၁၉၆၆ ခုနှစ်တွင် ၆၅၀ ရာခိုင်နှုန်းရှိခဲ့ရာ မှ ၁၉၆၉ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ရေနံဈေးနှုန်းမြင့်မားနေချိန်တွင် အဓိကရေနံဝင်ငွေကြောင့် ၁၉၆၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း နှစ်စဉ်ပျှမ်းမျှရရှိခဲ့သည်။ ရေနံဈေးပြန်လည်ကျဆင်းသွားချိန်တွင် စီးပွားရေးတိုး တက်မှု အတန်ငယ်နှေးကွေးသွားခဲ့သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် ထုတ်ကုန်တိုး တက်လာချိန်တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ် အကြား စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်း ကျော် ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၆၀ ပြည့် လွန်နှစ်များမှ အရှေ့တောင်အာရှစီးပွားရေးအ ကြပ်အတည်းဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တိုင် အောင် အင်ဒိုနီးရှားစီးပွားရေးမှာ နှစ်စဉ်ပျှမ်းမျှ ၆.၅ ရာခိုင်နှုန်းရှိခဲ့ရာ ဆူဟာတို၏ နြတ ဥမိနမ ခေတ်တွင် စီးပွားရေးအခြေခိုင်လာခဲ့သည်ဟု ဆိုနိုင်သည်။

          သို့သော် စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အကျင့်ပျက်ခြစားမှုကလည်း ကြီးထွားလာခဲ့သည်။ ငယ်စဉ်က မိဘမဲ့ဖြစ်ကာ အဒေါ်ထံတွင် မှီခိုနေခဲ့ရသည့် ဆူဟာတိုသည် သူ၏သားသမီးများကို အထူးအလိုလိုက်ခဲ့ရာ ယင်းသားသမီးများအရွယ်ရောက်လာသောအခါ ပမာဏကြီးမားသော နိုင်ငံပိုင်လုပ်ငန်းများကို လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး အထူးကြွယ်ဝချမ်းသာ လာခဲ့ကြသည့်အတွက် လူထု၏မျက်စေ့စူးဖွယ် ဖြစ်လာခဲ့သည်။ တစ်ဦးကျဝင်ငွေတိုးတက်လာပြီး၊ ပညာတတ်လူလတ်တန်းစား ဦးရေများပြားလာခဲ့ရာ နိုင်ငံရေးလွတ်လပ်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်များကို ပိုမိုတောင်းဆိုလာခဲ့ကြသည်။

၁၉၉၇ ခုနှစ် အရှေ့တောင်အာရှငွေကြေးအကြပ်အတည်း နှင့် ၁၉၉၈ ခုနှစ် ခေတ်ပြောင်းကာလ

အင်ဒိုနီးရှားနိုင်ငံ၏ ကံကြမ္မာမှာ ၁၉၉၇ ခုနှစ်တွင် အဆိုးဘက်သို့ ရုတ်တရက်ရှောက်ရှိသွားခဲ့သည်။ ထိုနှစ်တွင် အယ်လံနီသို့ ရာသီဥတုကြောင့် မိုးခေါင် ၍ တောနေလယ်သမားများ၊ စီးပွားပျက်ကာရရာ အလုပ်လုပ်ကိုင်ရန် မြို့ပေါ်သို့ တက်လာခဲ့ကြသည်။ သို့သော် အရှေ့တောင်အာရှမှ ငွေကြေးအကျပ်အတည်းကြောင့် မြို့ပေါ်ရှိ ဘဏ်များ စက်မှုနှင့် စီးပွား ရေးလုပ်ငန်းများပြိုလဲကာ ဒေဝါလီခံသွားကြရသော ကြောင့် မြို့ပေါ်၌လည်း အလုပ်လက်မဲ့များက ဖောင်းပွနေသဖြင့် တောင်မင်းကို မြောက်မင်းမကယ်နိုင်ဖြစ်ခဲ့သည်။ မတတ်သာသည့်အတွက် အစိုးရ IMF ထံ အကူအညီတောင်းရာ IMF ၏ စည်းကမ်းချက်အရ ယခင်က ဈေးလျှော့အရှုံးခံရောင်းချထားသည့် စက်သုံးဆီဈေးများကို မြှင့်တင်လိုက်ရသည်။ ယင်းအတွက် ရေနံဆီမီးဖိုနှင့် ဘတ်စ်ကားကို အား ပြုနေရသည့် အောက်ခြေလူတန်းစားများအထိနာခဲ့ ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာကာ ဆန္ဒပြမှုများ၊ အဓိကရုဏ်းများ၊ ကျယ်ပြန့်လာပြီး ၁၉၉၈ ခုနှစ်တွင် ဘူဟာကို နှုတ်ထွက်သွားခဲ့သည်။ ဤသို့ ဖြင့် ၁၉၉၈ ခုနှစ်မှစ၍ “Reformasi”  ခေါ် နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုဖြင့် ခေတ်ပြောင်းကာလ စတင်ခဲ့ပြန်သည်။

          ၁၉၉၈ ခုနှစ်မှ ၂၀ဝ၄ ခုနှစ်အထိ ကာလမှာ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံရေးအကူးအပြောင်း ကြောင့် လှိုင်းကြီးလေထန်ကာလများဖြစ်ခဲ့သလို စီးပွားရေးမှာလည်း ပြိုလဲခဲ့ရာမှ ပြန်လည်ရုန်းကန် နိုးထခဲ့ရသည့်ကာလဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် အရှေ့တီမောဒေသခွဲထွက်သွားခဲ့သလို အာချေးပြည်နယ်တွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုကို စစ်ရေးအရ အပြင်းအထန်တိုက်ပွဲဝင်နေခဲ့ရသည်။ ထိုကာလအတွင်း သမ္မတရှင်များဖြစ်ခဲ့ကြသည့် ဟာဘီဘီ၊ အဗ္ဗဒူ ဝါဟစ်နှင့် မီဂါဝတီတို့မှာလည်း နိုင်ငံကိုထိရောက်စွာ ဦးဆောင်နိုင်စွမ်းမရှိခဲ့ပေ။ ၂၀ဝ၄ ခုနှစ်တွင် လွတ်လပ်၍ အေးချမ်းသော ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးယူဒိုယိုနိုအနိုင်ရခဲ့သည်။ ယူဒိုယိုနိုလက်ထက်တွင် ၂၀ဝ၇ ခုနှစ် ဆူနာမီသဘာဝဘေး ၂၀ဝ၉ ခုနှစ် ကမ္ဘာ့စီးပွားရေးအကြပ်အတည်းတို့ကို ရင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံကို ကောင်းစွာထိန်းသိမ်းဦးဆောင်နိုင်ခဲ့သည်။ ယင်း၏လက်ထက်တွင် အာချေးခွဲထွက်ရေးသူပုန် တို့နှင့် ငြိမ်းချမ်းရေးရရှိခဲ့သလို အင်ဒိုနီးရှားတပ်မတော် သည်လည်း နိုင်ငံရေးကဏ္ဍ၌ ပါဝင်မှုအား အဆုံးသတ်ခဲ့သည်။ နိုင်ငံပိုင်သယံဇာတများအား သယံဇာတအ မျိုးသားရေးဝါဒဖြင့် နိုင်ငံစတင်က  ပြန်လည်ထိန်းသိမ်း ကိုင်တွယ်ခဲ့ပြီ။ နိုင်ငံစီးပွားရေးကိုလည်း နှစ်စဉ်တိုးတက်မှု ၅ ရာခိုင်နှုန်းကျော်ရောက်ရှိအောင် ပြန်လည်မြှင့်တင်နိုင်ခဲ့သည်။ ငွေဖောင်းပွမှုနှင့် အလုပ်လက်မဲ့နှုန်းထားကိုလည်း လျှော့ချနိုင်ခဲ့သလို ဘတ်ဂျတ်လိုငွေပြမှုကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

          ၂၀၁၄ ခုနှစ်တွင် သမ္မတအဖြစ် ဂျာကာတာမြို့ တော်ဝန် ဂျိုကိုဝီဒိုဒိုရွေးကောက်တင်မြှောက်ခံရပြီး ယခင် သမ္မတယူဒိုယိုနို၏ စီးပွားရေးမူဝါဒများကိုပင် ယေဘူယျ ဆက်ခံ၍ ဆောင်ရွက်လျှက်ရှိသည်။ ယခုအခါ အင်ဒိုနီး ရှားနိုင်ငံ၏ နှစ်အလိုက်တစ်ဦးကျဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၄,ဝဝဝ ကျော်ခန့်ရှိနေပြီ။ နိုင်ငံ၏ ဂျီဒီပီမှာ ဒေါ် လာ ၁.ဝ၇၅ ထရီလီယံရှိ၍ ကမ္ဘာပေါ်တွင် ၁၁ နိုင်ငံ မြောက်စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံဖြစ်သည်။ ပြဿနာနှင့် စိန်ခေါ်မှုများမကင်းသေးသော်လည်း ဈေးကွက်စီးပွားရေးလမ်းကြောင်းပေါ်၌ ပုံမှန်မောင်းနှင်နေ ဆဲရှိသည်ဟု သုံးသပ်မိပါသည်။

နိဂုံးချုပ်သုံးသပ်ချက်

ကျွန်တော်သည် အင်ဒိုနီးရှားနိုင်ငံသို့ အကြိမ်များစွာ ရောက်ဖူးခဲ့ပါသည်။ အင်ဒိုနီးရှား ဒုသမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးမှစ၍ အစိုးရအရာရှိကြီးများ၊ လွှတ်တော်အမတ် များ၊ ဘာကလေမာဖီးယားအပါအဝင် ပညာရှင်များ၊ သမ္မတ၏ အကြံပေးကောင်စီဥက္ကဋ္ဌ၊ သတင်းစာဆရာများ၊ နိုင်ငံရေးတက်ြွကလှုပ်ရှားသူများ၊ အငြိမ်းစား စစ်ဗိုလ် ချုပ်များမှသည် အာချေး ခွဲထွက်ရေး သူပုန်ဟောင်းများ အထိ တွေ့ဆုံးဆွေးနွေးခဲ့ဖူးပါသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းကြောင်း၊ နိုင်ငံရေးစီးပွားရေးနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စာအုပ်စာတမ်းများလည်း အ တော်အတန် ဖတ်ရှုလေ့လာခဲ့ဖူးပါသည်။ ဤသို့ တွေ့ဆုံ ဆွေးနွေးလေ့လာချက်များအရ ကောက်ချက်ချရပါလျှင် အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးတွင် အဓိကအကျဆုံးအလှည့်အပြောင်းမှာ ဆူဟာတို၏ New Order ခေတ်စီးပွား ရေးပြုပြင်ပြောင်းလဲမှုပင်ဖြစ်သည်ဟု ယူဆမိပါသည်။ ၁၉၉၈ ခုနှစ်  Reformasi ခေတ်ပြောင်းကာလမှာ ၁၉၉၇ ခုနှစ်၊ အရှေ့တောင်အာရှငွေကြေး အကြပ်အတည်းနှင့် တွေ့ကြုံခဲ့ရသဖြင့် စီးပွားရေးအခြေအနေအတော်ပင်ဆိုးရွားခဲ့သော်လည်း ဆူဟာတိုခေတ်စီးပွားရေးအခြေခံများ ကျန်နေခဲ့သောကြောင့် လျင်မြန်စွာပြန်လည်နလန်ထလာ နိုင်ခြင်းဖြစ်ကြောင်း သူတို့၏စီးပွားရေးပညာရှင်များ ကိုယ်တိုင်ဝန်ခံခဲ့ကြပါသည်။

          New Order ခေတ်စီးပွားရေးပြုပြင်ပြောင်းလဲ မှု၏ အောင်မြင်မှုသော့ချက်ကို ရှာဖွေလေ့လာပါက-

၁။       သမ္မတဆူဟာတို၏ ခိုင်မာသောခေါင်းဆောင်မှု ဘာကလေမာဖီးယားအုပ်စုအပေါ် ယုံကြည်စွာတာဝန်ပေး ၍ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးခဲ့မှု တာဝန်ယူတာဝန်ခံမှု။

၂။       တိုင်းပြည်ကို တကယ်ချစ်၍ နိုင်ငံအကျိုးလိုလားပြီး နိုင်ငံတကာအဆင့်အသိအမြင် ဗဟုသုတရှိသော ဘာကလေမာဖီးယားကဲ့သို့ နိုင်ငံသားပညာရှင်များ ၏ စည်းလုံးညီညွတ်စွာ တက်တက်ကြွကြွဆောင်ရွက်မှု။

၃။       ထိုစဉ်က နိုင်ငံတကာအခြေအနေအရ ရေနံဈေး နှုန်းမြင့်မားမှုကြောင့် နိုင်ငံဝင်ငွေတိုးပွားလာကာပြုပြင် ပြောင်းလဲရေးအတွက် လိုအပ်သော ဒို့တစွမ်းပကား Take off Power အတွက် ဘဏ္ဍာအရင်းအမြစ်ဖူလုံခဲ့မှု။

၄။       ဂျပန်နိုင်ငံ၏ ဖူကူဒါလမ်းစဉ်ကြောင့် ပြည်ပမှ နိုင်ငံခြားတိုက်ခိုက်ရင်းနှီးမြှပ်နှံမှုများ အသုံးအရင်းဖြင့် ဝင်ရောက်ခဲ့မှု။

၅။       ဆူဟာတို၏ ကွန်မြူနစ်ဆန့်ကျင်ရေးစစ်ဆင်မှု ကြောင့် နိုင်ငံတည်ငြိမ်အေးချမ်း၍ စီးပွားရေးလုပ် ကွက်ကောင်းမွန်ပြီး အနောက်နိုင်ငံအစိုးရနှင့် နိုင်ငံ တကာငွေကြေးအဖွဲ့အစည်းများ၏ အထောက်အကူ ရရှိခဲ့မှုတို့က အဓိကပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း တွေ့ ရှိရပါသည်။

          သို့သော် မည်သည့်စနစ်၊ မည်သည့်ခေတ်မျှ ထာဝရကောင်းမွန်မှန်ကန်နေခြင်း မရှိသလို မည်သည့် နိုင်ငံမျှလည်း တစ်သမတ်တည်း တိုးတက်နေသည် မဟုတ်သဖြင့် အင်ဒိုနီးရှားနိုင်ငံသည်လည်း ခေါက်ရှာငှက်ပျံလောကဓံကို ခံစားခဲ့ရကြောင်း တွေ့ရမည်ဖြစ်ပါသည်။

          အမျိုးသားရေးစရိုက်လက္ခဏာအရကြည့်လျှင် အင်ဒိုနီးရှားလူမျိုးတို့သည် ဂျပန်၊ တရုတ်၊ ကိုရီးယား လူမျိုးတို့ကဲ့သို့ အလုပ်ကို ရူးသွပ်၍ ဝီရိယအားကြီးလွန်း သူများမဟုတ်ကြသလို ထိုင်းနှင့်ဗီယက်နမ်လူမျိုးတို့ကဲ့သို့ စီးပွားအရှာကောင်းသူများလည်း မဟုတ်ကြပါ။ ပျော်ပျော်ပါးပါးနေတတ်ကြ၍ အနုပညာကို ခုံခင်ကြသည်။ စင်ကာပူတို့ကဲ့သို့ စည်းကမ်းကြီးလှခြင်းလည်းမရှိဘဲ လာဘ်ပေးလာဘ်ယူကင်းရှင်းသူများလည်း မဟုတ်ကြပါ။ ဆိုရပါလျှင် အရှေ့တောင်အာရှမှ လူအများစုပုံစံ အတိုင်းသာမန်မျှသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထူးခြားသည့်အချက်များမှာ ကွဲပြားမှုများကို ဆွေးနွေးညှိ နှိုင်းအဖြေရှာ၍ သဘောတူညီချက်ရယူနိုင်သည့် ယဉ်ကျေးမှုစရိုက်လက္ခဏာရှိခြင်းနှင့် ထူးချွန်သူများကို လူမျိုး၊ ဘာသာ၊ အုပ်စုမခွဲခြားဘဲ နေရာပေးအလေးထား ခြင်းတို့ဖြစ်ကြောင်း တွေ့ရပါသည်။ ဤအချက်တို့ကြောင့် ပင် အင်ဒိုနီးရှားတွင် စည်းလုံးညီညွတ်သည့် အမျိုးသား တည်ဆောက်မှု Nation Building  မှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပြီး၊ အခြေအနေပေးသည်နှင့် အမျှ၊ ခေါင်းဆောင်ကောင်းရရှိသည့်အခါ နိုင်ငံတည် ဆောက်မှု State Building နှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။ 

 

ကိုကိုလှိုင်

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)