မင်းဗထူး
လူတို့၏အပြုအမူနှင့် အင်စတီကျူးရှင်းများအပေါ် လေ့လာခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာတစ်ရပ်ကိုရေးဆွဲရာတွင်မိမိတို့နိုင်ငံတွင် မှီတင်းနေထိုင်လျှက်ရှိကြသော အများပြည်သူတို့၏ အပြုအမူ၊ အနေအထိုင်၊ သဘောထားအယူအဆ၊ အချင်းချင်းဆက်ဆံရေး၊ စည်းလုံးညီညွတ်မှုနှင့် ဗဟိဒ္ဓအခြေအနေတစ်ရပ်ရပ်၏ ရိုက်ခတ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ချက်တို့ကိုလည်း စိစစ်လေ့လာသုံးသပ်သင့်ပါသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ ကင်ဆာရောဂါဖြစ်ပေါ်နေသောနေရာနှင့် ပျံ့နှံ့မှုကိုယေဘုယျသိရှိနိုင်ရန် သက်ဆိုင်ရာ ကိုယ်ခန္ဓာအစိတ်အပိုင်းများနှင့် တုံ့ပြန်သောအပြုအမူတို့ကို စစ်ဆေးခြင်း၊ ကိုယ်တွင်းခံစားနေရမှုများကို မေးမြန်းခြင်းပြုရသကဲ့သို့ ပင်ဖြစ်ပါသည်။
အဂတိလိုက်စားမှုနှင့်ပတ်သက်လျှင်နိုင်ငံရေးသမားများ၊ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ပိုင်ခွင့်အာဏာရှိသူနိုင်ငံ့ဝန်ထမ်းများ၊ ပညာရှင်များ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများသာမက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ထဲရွာထဲတွင် ဦးစီးခေါင်းဆောင်လုပ်နေကြသော ပုဂ္ဂိုလ်များ၏ဖြောင့်မတ်တည်ကြည်မှုအဆင့်အတန်း၊ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းလိုက်နာဆောင်ရွက်မှု အဆင့်အတန်းသာမက ယင်းတို့အသီးသီးက မိမိနှင့်မိမိအဖွဲ့အစည်းပြင်ပမှ ရိုက်ခတ်လာသော ဗဟိဒ္ဓသက်ရောက်မှုများကို မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ကြသလဲဟူသောလုပ်ငန်းဆောင်ရွက်မှု အဆင့်အတန်းတို့ကိုပါ ထည့်သွင်းစဉ်းစားပြီး လေ့လာသုံးသပ်သွားသင့်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းမြင့်မားနေသည်ဟုဆိုလျှင် ထိုနိုင်ငံတွင် အနည်းဆုံး "တစ်နိုင်ငံလုံး၌ ပျံ့နှံ့ဖြစ်ပေါ်နေသောအဂတိလိုက်စားမှုအမျိုးအစား"မရှိသည့် အကြောင်းကို ရှင်းပြစရာမလိုဘဲသိရှိနိုင်ပါသည်။ နိုင်ငံရေးသမားများ၊ တရားသူကြီးများ၊ လုပ်ပိုင်ခွင့်အာဏာမြင့်မားသော အရာရှိကြီးများသည် ကျင့်ဝတ်စည်းကမ်းလိုက်နာ စောင့်ထိန်းမှုအဆင့်မြင့်လေအောက်ခြေတွင် အသေးအဖွဲအဂတိလိုက်စားမှုများနည်းပါးလေဖြစ်ကြောင်းကိုလည်းသုတေသနပညာရှင်များက တွေ့ရှိထားကြပါသည်။
ပြောင်းပြန်သဘောအရဆိုရသော် အောက်ခြေ၌အသေးအဖွဲအဂတိလိုက်စားမှုများနေခြင်းသည် အထက်ပိုင်းကတာဝန်ရှိသူများ၏ကျင့်ဝတ်၊ စည်းကမ်းလိုက်နာစောင့် ထိန်းမှု အဆင့်အတန်းနိမ့်ကျသောကြောင့်ဖြစ်ရသည်ဟုအဖြေထွက်ပါသည်။ ကြီးမားသော အဂတိလိုက်စားမှု အမျိုးအစားသည်လည်း အထက်ပိုင်းလူကြီးများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်နေသည်ကိုလည်း ငြင်းပယ်နိုင်သောအကြောင်းပြချက်မရှိပါ။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုအရွယ်အစားနှင့် အမျိုးအစားများပြားစုံလင်စွာရှိနေပါကြောင်း ယခင်က ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ရာ ယခုအခါအထက်ပါကျိုးကြောင်းဆင်ခြင်တုံတရားအရအဂတိလိုက်စားမှုကင်ဆာရောဂါ၏ ပင်မဇစ်မြစ်နေရာတစ်ခုကို ကားခပ်ရေးရေးမြင်တွေ့လာရပြီဖြစ်ပါသည်။ အထက်ပိုင်းကတာဝန်ရှိသူများ၏ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာစောင့်ထိန်းမှုအဆင့်အတန်းပြန်လည်မြှင့်တင်ရေးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဓိကကျသောလုပ်ငန်းတစ်ရပ်ဖြစ်လာ နိုင်ဖွယ်ရှိပေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၈ ခုနှစ်အတွက် ဆောင်ပုဒ်မှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုယ်ကျင့်သိက္ခာမြှင့်တင်ပေး"ဟူ၍ ဖြစ်ခဲ့ပါသည်။
မဟာဗျူဟာရည်မှန်းချက်များ ရွေးချယ်ရာတွင် လူမှုဖွဲ့စည်းတည်ဆောက်ပုံနှင့် လူတို့၏အပြုအမူအပြင် နောက်ထပ်စဉ်းစားရမည့်ကိစ္စမှာ အင်စတီကျူးရှင်းများအခြေအနေလေ့လာသုံးသပ်ရန်ပင်ဖြစ်ပါသည်။ အင်စတီကျူးရှင်းဆိုသည်မှာ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဓလေ့ထုံးတမ်းများအားလုံးကို ခြုံငုံ၍ဖော်ပြထားသော စကားလုံးဖြစ်သည်ဟု ပြောနိုင်ပါသည်။ အင်စတီကျူးရှင်းနှင့်ပတ်သက်၍ မိမိတို့အားလုံးသိရှိနားလည်ထားသင့်သည့်အချက်မှာ ယင်းကိုတည်ဆောက်ယူ၍ရသည်၊ ပြန်လည်ပုံဖော်၍ရသည်၊ တစ်ခါတရံတွင်ဖျက်ဆီးခံရသည်လည်းရှိသည်။
ထို့ကြောင့် အင်စတီကျူးရှင်းကို မထိရဲမတို့ရဲဖြစ်နေစရာမလိုပါ။ လက်ရှိအင်စတီကျူးရှင်းက ပုံဖော်ပေးသည့်အတိုင်း မူဝါဒက လိုက်နာလက်ခံရခြင်းမဟုတ်ပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတော်အစိုးရ၏ မူဝါဒတစ်ရပ်ဖြစ်သည်။ ဤမူဝါဒနှင့်အညီသာ အင်စတီကျူးရှင်းသည်လိုက်ပါ ပြောင်းလဲနိုင်စွမ်းရှိရပါမည်။ တစ်နည်းအားဖြင့် "အင်စတီကျူးရှင်းဆိုသည်မှာ မူဝါဒဆွဲဆောင်ရာသို့ လိုက်ပါပြောင်းလဲရန်အရန်သင့်ရှိနေရသော အထင်အရှားတည်ရှိသည့် အဆောက်အအုံ"ဟု မူအားဖြင့် မှတ်ယူနိုင်ပါသည်။ ထို့အပြင် အင်စတီကျူးရှင်း၌ ပုံစံကျဖြစ်သောအရာများပါဝင်နိုင်သကဲ့သို့ ပုံစံကျမဟုတ်သောအရာများလည်း ပါဝင်နိုင်ပါသည်။ လူ့အသိုက်အဝန်း၊ နေရပ်ဒေသအခြေအနေပေါ်မူတည်၍ စည်းမျဉ်း၊ စည်းကမ်းအမျိုးမျိုး ကို ဆီလျော်သလို ပြောင်းလဲကျင့်သုံးကြသည်ကိုလည်းတွေ့ရှိနိုင်ပါသည်။
မိမိတို့သည် အဂတိလိုက်စားမှုလျော့ချနိုင်ရန်အတွက် မည်ကဲ့သို့သော အင်စတီကျူးရှင်းများကို မည်ကဲ့သို့ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို သိရှိရန်အရေးကြီးပါသည်။ ဤနေရာတွင် သုတေသနပညာရှင်များ၏ထောက်ပြချက်မှာ မိမိတို့သည် ပုံစံကျဖြစ်သော အင်စတီကျူးရှင်းများကို လိုအပ်သည်ထက်ပိုမိုအားမကိုးကြရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်း လုပ်ထုံးလုပ်နည်းအမိန့်ညွှန်ကြားချက်များသည်ပုံစံကျအင်စတီကျူးရှင်းများဖြစ်ကြပြီး ၄င်းတို့ကိုလိုအပ်သလိုပြုပြင်ပြောင်းလဲ ညွှန်ကြားလိုက်သည်နှင့် ရည်ရွယ်ချက်ပြီးမြောက်ပြီဟု မမှတ်ယူရန်ဖြစ်ပါသည်။
မိမိတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်နိုင်ရန်အတွက် ထိရောက်ပြင်းထန်သော ဥပဒေတစ်ရပ်ရှိရန်လို အပ်သည်ဟု ယူဆကြသည်။ ဤယူဆချက်သည် မမှားပါ။ သို့သော် အပြည့်အဝမမှန်ပါ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အတင်းအကျပ်ဆုံးထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းရှိသည့် နိုင်ငံတချို့သည်အဂတိ လိုက်စားမှုစံနှုန်းမြင့်မားနေဆဲဖြစ်နေသည်ကို တွေ့ရှိရသောကြောင့်ဖြစ်ပါသည်။ တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ကွဲပြားခြားနားသော ဓလေ့ထုံးတမ်းရှိသော ဒေသအချို့တွင်ပုံစံကျထုတ်ပြန်ထားသော ဥပဒေတစ်ရပ်၏ သက်ရောက်မှုသည် တစ်နေရာနှင့်တစ်နေရာမတူ ကွဲပြားခြားနားနေသည်ကိုလည်းတွေ့ရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာ၌ မူဝါဒဆွဲဆောင်ရာနောက်သို့ လိုက်ပါတတ်သော အင်စတီကျူးရှင်း၏ ပြောင်းလဲနိုင်စွမ်းရှိမှုကို အားကိုးအားထားပြု၍ ပုံစံကျထုတ်ပြန်သော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များ၏သက်ရောက်မှုနှင့် လူ့အသိုက်အဝန်းအသီးသီး၏ ပုံစံကျမဟုတ်သောမတူကွဲပြားသော ဓလေ့ထုံးတမ်းများ၏ သက်ရောက်မှုများကိုပါ သဟဇာတညီညွတ်မျှတစွာလားရာတူ ရွှေ့ပြောင်းနိုင်ရေးအတွက် ကျယ်ပြန့်သောပညာပေးရေး နည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်သွားရန်အရေးကြီးပါကြောင်း ဖော်ပြအပ်ပါသည်။