မင်းဗထူး
ဖွဲ့စည်းတည်ဆောက်ပုံလေ့လာခြင်း
အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်ရသော ဆိုးကျိုးသက်ရောက်မှုများကို မိမိတို့အတော်အသင့်ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ အဂတိလိုက်စားမှုအရွယ်အစားများနှင့် အမျိုးအစားများကိုလည်း ယေဘုယျခွဲခြားသုံးသပ်တင်ပြခဲ့ ပြီးပါပြီ။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အဂတိလိုက် စားမှုအခြေအနေမှာ အရွယ်အစားသာမကအမျိုးအစားပါများပြားစုံလင်လှပါသည်။ အချို့အဂတိလိုက်စားမှုများမှာ ကြီးမားကျယ်ပြန့်စွာပျံ့နှံ့နိုင်သည့် အလားအလာများရှိသကဲ့သို့၊ အချို့အဂတိလိုက်စားမှုများမှာ အရွယ်အစားသေးငယ်သော်လည်း လူတို့၏နိစ္စဓူဝလုပ်ငန်းများတွင်လုပ်ရိုးလုပ်စဉ်တစ်ရပ်ကဲ့သို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက် မှုရှိနေသည်ကိုလည်း တွေ့နေရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေကို တစ်နိုင်ငံ လုံးပျံနှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) ဟု ကျွမ်းကျင်သူပညာရှင်များက သဘောထားကြခြင်းဖြစ်ပါသည်။
အဆိုပါ အဂတိလိုက်စားမှုအမျိုးအစားကို ကမ္ဘာတစ်လွှား၌ "ကင်ဆာ" ရောဂါနှင့်နှိုင်းယှဉ်စဉ်းစားကြပါသည်။ တစ်နိုင်ငံလုံးအဂတိလိုက်စားမှုဖြစ်နေသော နိုင်ငံကိုလည်း ကင်ဆာရောဂါသည်အဖြစ်ရှုမြင်ကြပါသည်။ဤဝေါဟာရကိုရွေးချယ်သုံးစွဲခြင်းက ဤကဲ့သို့သော အဂတိလိုက်စားမှုပြဿနာသည် သာမန်ကိစ္စသဖွယ်အလွယ်တကူဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ကြောင်း၊လူအဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်သောလူမှုဆိုင်ရာ မကျန်းမာမှုပြဿနာဖြစ်သည့်အပြင် နောက်ထပ်အခြားကလပ်စည်းများသို့ လျင်မြန်စွာဆက်လက်ပျံ့နှံ့နိုင်ခြေ ရှိသော အခြေအနေရှိကြောင်းထင်ရှားစေလို၍ဖြစ်ပါသည်။ ဤတင်စားမှုဥပစာသည် အဂတိလိုက်စားမှုတိုက် ဖျက်လိုသူများအတွက်အလွန်အရေးကြီးသော သတိပေး ချက်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်မည့် အဖွဲ့ သည် မိမိတို့ကိုယ်မိမိတို့သေလုမျောပါးဖြစ်နေသော လူနာကိုကုသပေးရမည့် ဆေးဆရာတစ်ဦးကဲ့သို့ဖြစ်သည်ဟု ခံယူနိုင်ရန်လိုပါသည်။ ဆေးဆရာသည် လူနာနှင့်တူသော မိမိတို့လူ့အဖွဲ့အစည်းအကြောင်း ကောင်းစွာနားလည်မှုရှိရမည့်အပြင် ဤလူ့အဖွဲ့အစည်း၏ပြဿနာများဖြေရှင်းရေးနှင့်ပတ်သက်သော အတွေ့အကြုံကောင်းကောင်းရှိပြီးဖြစ်ရန်လည်း လိုပါသည်။ သို့မှသာ သင့်တော်မှန်ကန်သောကုထုံးကို သေသေချာချာ ရွေးချယ် နိုင်ပါမည်။ ကင်ဆာကဲ့သို့သော ရောဂါမျိုးကိုကုသရာတွင်လူကြိုက်များကောင်းများမည့် တစ်ပွဲထိုးကုထုံးမျိုးကိုကား မသုံးအပ်ပါ။ တွက်ချက်မှုများစွာ၊ ချိန်ဆမှုများစွာပြုလုပ်၍လူနာနှင့်ဆေး တည့်အောင်ပေးနိုင်ရန်လိုပါသည်။
ခြေချော်လက်ချော် အမှားအယွင်းအဖြစ်မခံနိုင်ပါ။ သို့သော် လူနာရှင်အနေနှင့်လည်းကောင်း၊ လူနာကိုယ်တိုင်ကလည်း ကောင်းလျင်မြန်စွာသက်သာပျောက်ကင်းမှုကို အလိုရှိကြမည်ဖြစ်၍ လူနာ၏ခံနိုင်ရည်ကိုကြည့်၍ ဘက်ပေါင်းစုံမှ ဟန်ချက်ညီသောချိန်ဆမှုဖြင့် ကုသပေးနေသော ဆေးဆရာကို တဖြည်းဖြည်းမချင့်မရဲဖြစ်လာရာမှနောက်ပိုင်းတွင် မယုံမကြည်ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ ဆေးဆရာသည် လူနာတစ်ယောက်၏ ရောဂါဝေဒနာကို ကုသပေးရန်တာဝန်ယူပြီးနောက် လူနာနှင့်လူနာရှင်၏အကြိုက်ကိုချည်းလိုက်နေ၍မဖြစ်ပါ။ လူနာ၏ရောဂါဝေဒနာ သက်သာပျောက်ကင်းရေးသည်သာအဓိကဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းချမှတ်ပြီး တတ်စွမ်းသမျှ ဉာဏ်ပညာဖြင့် အစွမ်းကုန်ကြိုးစားကုသပေးရမည်ဖြစ်ပါ သည်။ လူနာရှင် သို့မဟုတ် လူနာကိုမိမိကျင့်သုံးမည့်ကုထုံးနှင့်ပတ်သက်၍ ကြိုတင်၍အသေးစိတ်ရှင်းလင်းတင်ပြပြီး အရေးကြီးသောကိစ္စများအတွက် ရွေးချယ်ခွင့်ပေးထားရမည်ဖြစ်ပါသည်။
အလားတူပါပဲ၊ အဂတိလိုက်စားမှုတိုက်ဖျက်နေသူများအနေဖြင့် အနာဂတ်မျှော်မှန်းချက်၊ မဟာဗျူဟာရည်မှန်းချက်နှင့် လုပ်ဆောင်သွားမည့်စီမံချက်တို့ကို အများပြည်သူသိရှိထားနိုင်ရန်အတွက် ကြိုတင်တင်ပြထားရပါသည်။ အများပြည်သူ၏ မျှော်လင့်ချက်နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်မှန်းချက်ကို နီးကပ်နိုင်သမျှနီးကပ်မှုရှိစေရန် ကြိုးစားအားထုတ်ရပါသည်။ နှစ်စဉ်လက်တွေ့အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေများကိုလည်း တတိယအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက် စစ်တမ်းများနှင့်တကွအများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ပေးရပါသည်။ ထို့အတူပင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က မဟာဗျူဟာကို မည်ကဲ့သို့စဉ်းစားတွေးခေါ်ပြီး ရေးဆွဲခဲ့သည်ကိုလည်း အများပြည်သူလူထုသိရှိနိုင်စေရန်၊ ဝေဖန်နိုင်စေရန် အခွင့်အရေးပေးသင့်သည်ဟု ယူဆပါသည်။ ဆေးဆရာသည် လူနာရှင်အားမိမိ၏ကုထုံးကို ဘာကြောင့်ယုံကြည်အားကိုးထိုက်ကြောင်းရှင်း ပြရန်တာဝန်ရှိသကဲ့သို့ပင်ဖြစ်ပါသည်။
ကင်ဆာရောဂါကို ကုသရန် ခက်ခဲစေသကဲ့သို့ပင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်ခက်ခဲစေသည့် ပထမဦးဆုံးအကြောင်းတစ်ရပ်မှာ အဂတိ၏ဇစ်မြစ်ကိုပိုင်းခြားဆုံးဖြတ်ရန် ခက်ခဲခြင်းဖြစ်၏။ အဂတိလိုက်စားမှု အများစုသည် ဘယ်နေရာကိုအခြေခံသည်၊ ဘယ်လိုစတင် ဖြစ်ပေါ်ခဲ့သည်ဆိုသည့် ပင်ရင်းအရင်းအမြစ်ကို မတွေ့မမြင်ရအောင် ဖုံးကွယ်ထားလေ့ရှိကြသည်။ တစ်ခါတရံတွင် မရှုပ်ရှုပ်အောင်လမ်းကြောင်း လွှဲထားသော၊ ရေလိုက်လွဲခြင်းြ ဖစ်စေနိုင်သော မှားယွင်းသော သဲလွန်စအများအပြား ကို တွေ့ရှိနိုင်ပါသည်။ အဆိုပါ မှားယွင်းသောသဲလွန်စ တစ်ခုခုကို ကောက်ကိုင်လိုက်မိသည်နှင့် တကယ့်ပင်ရင်းနေရာ၌ဖြစ်ပေါ်နေသော ကြီးမားသောအဂတိလိုက်စားမှုများကို မတွေ့မမြင်နိုင်တော့ဘဲ အလိုအလျောက်လွတ်ကင်းသွားစေမည်ဖြစ်၏။
ထို့ကြောင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးမဟာဗျူဟာတစ်ရပ်ကို ရေးဆွဲရာတွင် စစ်မှန်သော၊ ပင်ရင်းဖြစ်သော အရင်းအမြစ်နေရာကို တိုက်ခိုက်နိုင်ရန်အရေးကြီးသည့်အတွက် ကျွနု်ပ်တို့သည် မှားယွင်းသော သဲလွန်စအများအပြားကြားမှ ကုန်းရုန်းထွက်ပြီးလူ့အဖွဲ့အစည်းအတွင်း၌ ဖျက်ဆီးမှုစွမ်းအားကြီးမားနေ သော အဂတိလိုက်စားမှု ပင်ရင်းနေရာဌာနအမှန်ကို တိတိ ကျကျကို ဖော်ထုတ်နိုင်ရန် အရေးကြီးပါသည်။ ထိုသို့ ဖော်ထုတ်ရာတွင် နိုင်ငံတစ်ဝန်းလုံး၏ အခြေအနေကိုခြုံငုံ၍ အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်နိုင်ရပါမည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် အဂတိလိုက်စားမှုနှင့် ဆက်စပ်ပတ်သက်သော လူမှုဖွဲ့စည်းတည်ဆောက်ပုံ (Structuralism) ကိုလေ့လာခြင်း၊ လူတို့၏အပြုအမူအပေါ် ဗဟိဒ္ဓ ဖန်တီးမှုက မည်ကဲ့သို့သက်ရောက်နေသည် (Behaviourism) ကိုလေ့လာခြင်း၊ လူ့အဖွဲ့အစည်းဥပဒေ၊ စည်း မျဉ်း၊ စည်းကမ်း၊ ဓလေ့ထုံးတမ်းတို့၏ အတည်တကျ ဖြစ်မှုအခြေအနေ (Institutionalism) ကို လေ့လာခြင်းနှင့် လူမှုယဉ်ကျေးမှုဘဝကြီးတစ်ခုလုံးအပေါ် လေ့လာခြင်း (Culturalism)ဟူ၍ အနည်းဆုံးရှုထောင့်လေးခုမှကြည့်ရန် လိုအပ်မည် ဖြစ်ကြောင်း ရို့သမ်ဘတ်တက္ကသိုလ်ပါမောက္ခဘိုရော့စတိန်း (Culturalism) က၂၀၁၇ ခုနှစ်၊ ဒီဇင် ဘာလ၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးနေ့အခမ်းအနားတွင် ဖြန့်ဝေခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်စာစောင်၌ ရေးသားဖော်ပြထားခဲ့ပါသည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ လ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်နိုင်ခဲ့ပါ သည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအတွက် အချက်အလက်ရှာဖွေ့သည့်အခါတွင် ကံအားလျော်စွာ ဘိုရော့စတိန်း၏ အထက်ပါစိတ်ကူးလေးချက်ကို အခန့်သင့်ဖတ်ရှုလေ့လာခဲ့ရပြီး မဟာဗျူဟာရေးဆွဲရာတွင် ထည့် သွင်းစဉ်းစားသင့်သည်ဟု သဘောထားခဲ့ပါသည်။ နိုင်ငံ တစ်ခု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခု၏ လူမှုဖွဲ့စည်းတည်ဆောက်ပုံကို ဆန်းစစ်လေ့လာရာတွင် အဂတိလိုက် စားမှုတစ်နည်းအားဖြင့် ကိုယ်ကျင့်တရားပျက်ယွင်းမှု အရင်းအမြစ်ရှိနေသလား၊ မရှိဘူးလား၊ ရှိလျှင်ဘယ် နေရာမှာ ဘယ်လောက်ပမာဏနဲ့ ဘယ်လောက်ကြာကြာ အမြစ်တွယ်နေခဲ့သလဲဆိုသည့်အချက်ကို စူးစမ်းရမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှု ရေချိန်အနည်းအများ၊ အနိမ့် အမြင့်ဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုသည့် အချက်အလက် များကိုလည်း ဇယားသွင်းပြီး နှိုင်းယှဉ်လေ့လာသင့်သည်။ဘာသာရေးအဆုံးအမတစ်ခုတည်းအပေါ် ယုံကြည်လက် ခံခြင်း၊ ပထဝီနယ်နိမိတ်အကျယ်အဝန်းသေးငယ်ခြင်း၊ ကိုလိုနီအုပ်ချုပ်ရေးနှင့် ကိုလိုနီစီးပွားရေးလောင်းရိပ် အောက်တွင် အမြတ်ထုတ်ခံခဲ့ရဘူးသည့် သမိုင်းမရှိခြင်း၊ လူမျိုးရေးအရတစ်မျိုးတည်းကဲ့သို့ သမမျှတစွာရှိနေခြင်း အစရှိသည့်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် လူ့အဖွဲ့အစည်း များသည် အခြားလူ့အဖွဲ့အစည်းများနှင့် နှိုင်းစာလျှင် အဂတိလိုက်စားမှု (တစ်နည်း) ကိုယ်ကျင့်တရားပျက်ယွင်း မှုနည်းသည်ဟု ဆိုပါသည်။ သူ၏သုတေသနပြုတွေ့ ရှိချက်သည် တန်ဖိုးရှိသည်မှန်သော်လည်း ယုံကြည်မှုအ မျိုးမျိုးရှိပြီး ပထဝီအကျယ်အဝန်းအတန်အသင့်ရှိသည့်အပြင် ကိုလိုနီခေတ်အုပ်ချုပ်ရေးနှင့် စီးပွားရေးအမျိုးမျိုး၏လွှမ်းမိုးချယ်လှယ်မှုအောက်တွင် နှစ်ပေါင်းများစွာခံစားခဲ့ ရဘူးသော အတွေ့အကြုံရရှိထားသည့် လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ လက်နက်ကိုင်ပဋိပက္ခများ အပါ အဝင် ပဋိပက္ခပေါင်းစုံဖြင့် ဆူဆူညံညံ ဖွဲ့စည်းတည် ဆောက်ထားသော မြန်မာနိုင်ငံအတွက်မူ မည်သို့စဉ်းစား သင့်ပါသနည်း။
ကင်ဆာရောဂါသည်တစ်ဦးက ဘယ်လောက်ပဲ အကုန်အကျများပါစေ၊ ရောဂါကင်းစင်ရန် ဖြစ်နိုင်ခြေရှိ သော နည်းလမ်းများလမ်းညွှန်ပေးပါရန်အတွက် ပါရဂူတစ်ဦးထံ အကြံတောင်းခံရာ၌ မိဘမျိုးရိုးကိုပြောင်းလဲပစ်မှသာ သင်၏ကင်ဆာရောဂါကို ကုသရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟုဆိုလာခဲ့သော် ရောဂါရှင်သည်မည်သို့ခံစားရပါမည်နည်း။ အလားတူပင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ အလားအလာအပေါ် လူမှုဖွဲ့စည်းတည်ဆောက်ပုံရှုထောင့်က ကြည့်မည်ဆိုလျှင် အောင်မြင်ရန် မျှော်လင့်ချက်ရရေး၊ သို့မဟုတ် အောင်မြင်ရန်အလွန်ခက်ခဲသည်ဟုပြောရပါမည်။ သို့သော် ဤအခြေအနေကို လူတိုင်းကနားလည်လက်ခံနိုင်ကြရန်အရေးက အမှန်တကယ်တိုက်ဖျက်ရခြင်းထက်ပို၍ အရေးကြီးသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်လျှင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ပြီးခေတ်ဆယ်စုနှစ်များစွာအစဉ်အလာအရ မိမိတို့၏ ဘိုးဘွားမိဘများ၏မျိုးရိုးသည် အဂတိလိုက်စားမှုနှင့် မကင်းခဲ့ကြကြောင်း တွေ့ရမည်ဖြစ်သောကြောင့်ပါတည်း။