အဂတိပယ်ခွာပြည်သာယာ (၁၂)

မင်းဗထူး

လူငယ်နှင့် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှု

မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုတစ်ရပ်ပြန်လည် အခြေတည်မိလာစေရေးကို အမှန်တကယ်လိုလားမှုရှိကြပါလျှင် မိမိတို့သည် လူငယ်တို့၏ အခန်းကဏ္ဍကိုသာအခြေခံပြီး စဉ်းစားကြရမည်ဖြစ်သည်။ လူငယ်ထုကိုအခြေမခံဘဲ ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုကိုထူထောင်ရန်မှာ ဖြစ်နိုင်စရာအကြောင်း အလွန်နည်းပါးပါသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်တို့သည် နိုးကြားမှု၊ ချိတ်ဆက်မှု၊ ပေးဆပ်လိုမှု ပိုမိုအားကောင်းသည့်အပြင် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားဆိုင်ရာတွင် အစွန်းအထင်းနည်းပါးသောကြောင့်လည်းဖြစ်ပါ သည်။

သို့သော်ငြားလည်း လက်ရှိလူငယ်တို့သည် ဖြောင့်မတ်တည်ကြည်မှုစံနှုန်းနိမ့်ကျသော ယဉ်ကျေးမှုအောက်တွင် ပေါက်ဖွားကြီးပြင်းလာခဲ့ရသူများဖြစ်ရာ၊ သူတို့ကိုယ်တိုင်ဖြောင့်မတ်တည်ကြည်မှုနှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတတွင် အားနည်းချက်ရှိနိုင်ပါသည်။ ထို့ကြောင့် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုဖြစ်ထွန်းလာစေရန် ဆန္ဒရှိနေကြသောလူကြီးများက သူတို့အားဖြောင့်မတ်တည်ကြည်မှုဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးရမည့်အပြင် အဂတိလိုက်စားမှုသဘောသဘာဝကို သိရှိနားလည်ပြီးခိုင်မြဲစွာဆန့်ကျင်နိုင်စေရေးအတွက် သူတို့၏ စွမ်းရည်များကို မြှင့်တင်ပေးသွားရပါမည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ မူဝါဒဖွံ့ဖြိုးတိုးတက်စေရာတွင်လည်းကောင်း သူတို့သည် တစ်ထောင့်တစ်နေရာမှဆုံးဖြတ်လုပ်ကိုင်နိုင်သူများအဖြစ် ပါဝင်နိုင်စေရမည်ဖြစ် ပါသည်။

ထို့ကြောင့် နိုင်ငံတော်အဆင့်တာဝန်ရှိသူများအနေဖြင့် အခြားအလုပ်များမြောက်မြားစွာရှိနေကြသော်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွင် လူငယ်အဖွဲ့အစည်းများပါဝင်ရေး၊ လူငယ်ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ကွန်ယက်များဖွဲ့စည်းရေး၊ ပညာရေးနယ်ပယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးလုပ်ငန်းများ ခိုင်မာအားကောင်းလာစေရေး၊ လူငယ်များကိုယ်တိုင် လူငယ်ထုအတွက်လည်းကောင်း၊ ကျောင်းများနှင့် တက္ကသိုလ်များအတွက်လည်းကောင်း ကျင့်ဝတ်ရေးဆွဲခြင်း၊ အဂတိလိုက်စားသူများ သို့မဟုတ် အကျင့်ဖောက်ပြန်သူများနှင့်ပတ်သက်၍ ထုတ်ဖော်တိုင်ကြားခြင်းနှင့် တိုင်ကြားသူများအကာအကွယ်ပေးရေးအစရှိသည့် လုပ်ငန်းများအတွက် ထောက်ခံအားပေးခြင်းတို့ကို ပြုလုပ်သွားရန် လိုအပ်ပါ သည်။

လူငယ်များစွာသည် လက်ရှိမိမိတို့ရောက်ရှိနေသည့် လောကကြီးကိုပြုပြင်ပြောင်းလဲရန် စိတ်ဆန္ဒပြင်းပြမှုရှိတတ်ကြသလို အမှန်တကယ်လည်း စွန့်လွှတ်စွန့်စားလုပ်နိုင်သည့်စွမ်းရည်များ ရှိနေကြပါသည်။ သူတို့သည် ဆယ်စုနှစ်များစွာအကျင့်ပျက်ခြစားထားခြင်းခံခဲ့ရသည့် မိမိတို့၏လူနေမှုဘဝများအစား အဂတိကင်းရှင်းသော အနာဂတ်ဘဝသစ်ကိုထူထောင်လိုသောအပြုသဘောစိတ် နေစိတ်ထားများစွာရှိနေကြပါသည်။ ထို့ကြောင့် မိမိတို့သည် မျိုးဆက်သစ်နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းတွင် တက်ြွကစွာပါဝင်လှုပ်ရှားနေသူလူငယ်များကို အားပေးမြှောက်စားခြင်းဖြင့် မိမိတို့ လူ့အဖွဲ့အစည်းအဆင့်တိုင်းအတွက် ဖြောင့်မတ်တည် ကြည်သောယဉ်ကျေးမှုအသစ်များဖြစ်ထွန်းလာအောင် သူတို့ကိုယ်တိုင်သူတို့ဘာသာ တည်ဆောက်သွားနိုင်ကြမှာဖြစ်ပါသည်။ သို့ရာတွင် အထက်တွင်တင်ပြခဲ့သည့်အတိုင်း သူတို့တွင်လည်း အားနည်းချက်များရှိနေကြသေးသည်ဖြစ်ရာ ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုသို့ ပြုပြင်ပြောင်းလဲရေးလိုလားသော ရှေ့လူကြီးများနှင့် ကျွမ်းကျင်သူပညာရှင်များက လမ်းကြောင်းမှန်ကို ညွှန်ကြားပြသပေးရန် တာဝန်ယူကြရမည်ဖြစ်ပါသည်။ တက်ကြွလှုပ်ရှားသောလူငယ်နှင့် ဝါရင့်ကျွမ်းကျင်သူပုဂ္ဂိုလ်တို့၏သတင်းအချက်အလက်အတွေ့အကြုံ၊ အတွေးအမြင်ဖလှယ်ခြင်းများကို အလုပ်ရုံဆွေးနွေးပွဲများတွင် ကောင်းစွာပြုလုပ်ပေးနိုင်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများသည် ရည်ရွယ်ချက်အတိုင်း သေသေချာချာထိထိရောက်ရောက် လုပ်ပေးနိုင်ခဲ့လျှင် မျိုးဆက်သစ်လူငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှုတည်ဆောက်ရေးတွင် ပါဝင်လာအောင် ကောင်းစွာပြုလုပ်ပေးနိုင်ပါသည်။ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ယက်များထူထောင်ပြီး နှစ်ပေါင်းများ စွာတာရှည်ခံမည့် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတည်ဆောက်ရေးယန္တရားကို သူတို့ကိုယ်တိုင်မောင်းနှင် သွားနိုင်ကြမည်ဖြစ်ပါသည်။

မကြာမီကာလက အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ကြီးက လူငယ်များအတွက် အလွန်အသုံးဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလက်သုံးကိရိယာ ၁၅ မျိုးကိုချပြခဲ့ပြီး အစီအစဉ်ရေးဆွဲခြင်းအဆင့်မှ လက်တွေ့အကောင်အထည်ဖော်သောအဆင့်အထိ တစ်ဆင့်ပြီး တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားရမည့် နည်းလမ်းများကို အကြံပေးခဲ့ပါသည်။ အဆိုပါအကြံပေးချက်တွင် အပိုင်း ကြီးလေးပိုင်းပါရှိပြီး၄င်းတို့မှာ

၁။ အများပြည်သူဆိုင်ရာ အရင်းအမြစ်များကို စောင့် ကြည့်ခြင်း (ငွေကြေးနှင့် သယံဇာတ၊ ပစ္စည်း ထောက်ပံ့ရေးများကို စောင့်ကြည့်ရေတွက်ခြင်း၊ အစီရင်ခံခြင်းစသည်)။

၂။ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလှုပ်ရှားမှုများကို တီထွင်ဖန်တီးခြင်း (ရုပ်ပြဇာတ်လမ်းတို၊ ကာ တွန်း၊ အဆို၊ အက၊ ပြဇာတ်၊ အိုင်တီဂိမ်းများ၊ အားကစားစသည်)။

၃။ လူ့အသိုက်အဝန်းကို စေ့ဆော်စည်းရုံးခြင်း (ဖြောင့် မတ်တည်ကြည်မှုလူငယ်စခန်း၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများ၊ လာဘ်မပေး ရေး ဆန္ဒဖော်ထုတ်ခြင်း)။

၄။ ရွေးကောက်ပွဲစောင့်ကြည့်ခြင်းဟူ၍ ဖြစ်ပါသည်။

အမှန်တော့ ဖြောင့်မတ်တည်ကြည်သောယဉ်ကျေးမှုဆိုသည်မှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင် နဂိုကတည်းကတည်ရှိနေရမည်ဖြစ်သော စံနှုန်းတစ်ခုဖြစ်ပါသည်။ အချိန်ကာလကြာမြင့်စွာ နိုင်ငံရေးအယူဝါဒ၊ ပုဂ္ဂိုလ်ရေးအတွေးအမြင်၊ ခံယူချက်တို့ အရည်အသွေးမမှီဖြစ်လာသောအခါ အထက်ပါစံနှုန်းမှ တဖြည်းဖြည်းလမ်းလွဲသွေဖည်လာခြင်း၊ စံနှုန်းလျော့ကျလာခြင်းတို့ဖြင့် အုပ် စုကွဲ၊ ဂိုဏ်းဂဏကွဲများဖြစ်လာကြပြီး ကိုယ့်လူကိုယ်ဘက် ကိုယ့်ဆွေမျိုးသားချင်းကောင်းစားရေးမူဝါဒ၊ မျက်နှာသာပေးရေးမူဝါဒတို့ ကြီးထွားလာကာ မလျော်ဩဇာတိက္ကမလွှမ်းမိုးကြီးစိုးလာမှုနှင့်အတူ အဂတိလိုက်စားမှုပုံစံအမျိုး မျိုးဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ခြင်းသည်ပင်လျှင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ခြင်းဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။