နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားခြင်းကို အချိန်မီထိန်း ချုပ်နိုင်စွမ်းမရှိခဲ့လျင် တစ်နိုင်ငံလုံးကို မွဲပြာကျတဲ့အထိဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်ပါသည်။ မည်သည့်နည်းဖြင့် ဆင်းရဲနွမ်းပါးစေခဲ့သလဲဆိုလျင် ကြားခံအဆောက်အအုံ လေးရပ် ယိုယွင်းပျက်စီးခြင်းမှစတင်၍ တစ်ဆင့်ခံပြီး နိုင်ငံ ကို ဆင်းရဲစေခြင်းဖြစ်စေပါသည်။ ထိုကြားခံအဆောက် အအုံများကား စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်ရေး အဆောက်အအုံ၊ နိုင်ငံရေးအဆောက်အအုံနဲ့ လူမှုယဉ် ကျေးမှုအဆောက်အအုံတို့ ဖြစ်ကြပါသည်။
စီးပွားရေးအဆောက်အအုံ ယိုယွင်းပျက်စီးခြင်း
စီးပွားရေးအဆောက်အအုံ၌ အဂတိလိုက်စားမှုများကြောင့် ယိုယွင်းပျက်စီးမှုဖြစ်ခဲ့ပုံများမှာ အလွန်ကျယ်ပြန့်ပါသည်။ ယင်းတို့အနက် အချို့အစိတ်အပိုင်းများမှာ အောက်ပါအ တိုင်းဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာရန်ပုံငွေ အရပိုင်းမှာ ရ သင့်သည်ထက် ရာခိုင်နှုန်းများစွာ လျော့နည်းပြီး ကောက် ခံရရှိခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေအသုံးပိုင်းမှာ ထိုက်တန် သည်ထက် အဆပေါင်းများစွာ ပိုမိုသုံးစွဲကုန်ကျရခြင်း၊ အလုပ်လုပ်ရာတွင် မရေရာမှုများခြင်း၊ မလိုလားအပ်သော အခက်အခဲများဖြစ်ပေါ်စေခြင်း၊ ကုန်ကျစရိတ်များခြင်းနှင့် မျတသော ဈေးကွက်ယှဉ်ပြိုင်မှု မဖြစ်ခြင်းတို့ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံလိုသူများကိုယ်တိုင်ပင် အလုပ်မလုပ်ရဲအောင် ဖြစ် ကြရပါသည်။ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို လည်း ကြိုးနီစနစ်နှင့် လိုလျင်လိုသလို မလိုလျင် မလိုသ လို ချုပ်ချယ်မှုများကြောင့် အလွန်ခက်ခဲ ပင်ပန်းစေပါ သည်။ သူတို့သည် နိုင်ငံတော်၏ အားပေးကူညီမှုများကို လုံလုံလောက်လောက် မခံစားရသည့်အပြင် ခွင့်ပြုချက်၊ လိုင်စင်၊ ရုံးပြင်ကနားစရိတ်စကအတွက် အကုန်အကျများပြီး မယ်မယ်ရရ ဘာမျဖြစ်ထွန်းအောင်မလုပ်နိုင်သေး မီမှာပင်လျင် ကုန်ကျစရိတ်ငွေမြောက်မြားစွာ သုံးစွဲခဲ့ရပါ သည်။ နိုင်ငံတော်၏ အရင်းအမြစ်၊ ရန်ပုံငွေ၊ ပြုပြင် ထိန်းသိမ်းရေးစရိတ်များတွင် အကြီးအကျယ် အလွဲသုံးစား မှုများရှိနေ၍ အများပြည်သူဆိုင်ရာ အခြေခံအဆောက် အအုံများသည် စံချိန်မမီ၊ အရည်အသွေးကျ၊ တာရှည်မခံ၊ တာဝန်ယူမည့်သူမရှိ ဖြစ်ရပါသည်။
နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးသော အမတော်ကြေး၊ ချေးငွေ၊ ထောက်ပံ့ငွေများသည် ရည် မှန်းထားသောနေရာသို့မရောက်ဘဲ အခြားနေရာရောက် သွားခြင်း၊ အမှန်တကယ် အလုပ်လုပ်မည့် ပုဂ္ဂိုလ်များထံ လုံးဝမရောက်ခြင်း၊ သို့မဟုတ် မလုံမလောက် ရောက်ရှိ ခြင်းများဖြစ်စေပါသည်။ အလားတူစီးပွားရေးစီမံကိန်း များသည် နေရာလွဲ၊ အချိန်လွဲ၊ လမ်းကြောင်းလွဲချော်ရ ပါသည်။ တစ်ချိန်တည်းတွင် အဂတိလိုက်စားမှုများ ကြောင့် တရားမဝင်ကုန်သွယ်ရေးနှင့် မှောင်ခိုဈေးကွက် ကြီးထွားလာပြီး အခြေခံလူတန်းစားနှင့် ကျေးလက်နေ ပြည်သူများသည် ပြည်ပမှ အခွန်မဲ့ခိုးဝင်လာသောကုန် ပစ္စည်းများကို မယှဉ်ပြိုင်နိုင်ဘဲနေရင်းထိုင်ရင်း အလုပ် လက်မဲ့ဖြစ်ကုန်ကြရပါသည်။ အဂတိလိုက်စားခြင်းဖြင့် ဖွံ့ဖြိုးလာသော တရားမဝင် စီးပွားရေးလုပ်ငန်းများ ကြောင့် ကြွယ်ဝချမ်းသာလာသူများသည် အခြေခံလူတန်း စားနှင့် ဝင်ငွေကွာဟချက်ကြီးမားသည်ထက် ပိုမိုကြီးမား လာပြီး ဆင်းရဲတွင်းနက်သည်ထက် ပိုနက်လာစေပါ သည်။ ဤသို့ဖြင့် အဂတိလိုက်စားမှု မြင့်မားလေ၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်မှုကျဆင်းလေ၊ ဝင်ငွေကွာဟချက်ကြီး မားလေ၊ ဆင်းရဲနွမ်းပါးမှုကြီးထွားလေ ဖြစ်လာရပါ သည်။
အုပ်ချုပ်ရေးအဆောက်အအုံ ယိုယွင်းပျက်စီးခြင်း
အုပ်ချုပ်ရေးအဆောက်အအုံသည် အဂတိလိုက်စားမှု ကြောင့် ယိုယွင်းပျက်စီးလာပုံမှာလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။ အဂတိလိုက်စားမှုကြောင့် အစိုးရဌာန များအပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာအဖွဲ့အ စည်းများ၊ ဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏စွမ်းဆောင်ရည်၊ ရိုးသားဖြောင့်မတ်မှုနှင့် ကိုယ်ကျင့်သိက္ခာတို့ကို ဆက်တိုက်ကျဆင်းစေပါသည်။ ယင်းသို့ဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ အများ ပြည်သူဆိုင်ရာအကျိုးစီးပွား၊ သို့မဟုတ် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပုဂ္ဂလိကအကျိုးစီးပွားမခွဲခြားတတ် ခြင်းကြောင့် ဖြစ်ပါသည်။ ဘယ်အရာသည် နိုင်ငံတော်၏အကျိုးစီးပွား၊ ဘယ်အရာသည် ပုဂ္ဂလိကအကျိုးစီးပွားဟူ ၍ပင် မခွဲခြားနိုင်တော့သဖြင့် ဤအကျိုးစီးပွားနှစ်ရပ်သည် ရုံးဌာနများတွင် အမြဲတမ်းလိုလို ပဋိပက္ခဖြစ်လာရပါသည်။ ထိုသို့ အကျိုးစီးပွားချင်းပဋိပက္ခ (Conflict of InterESt) ဖြစ်တိုင်း အဂတိလိုက်စားသူသည် ပုဂ္ဂလိက အကျိုးစီးပွား ကို ဦးစားပေးလေ့ရှိပါသည်။
ဤသို့ဖြင့် အများပြည်သူဆိုင် ရာ အလုပ်ဌာနများ၌ပင် အများပြည် သူဆိုင်ရာအကျိုး စီးပွား၊ သို့မဟုတ် နိုင်ငံတော်အကျိုးစီးပွားသည် ခွေထား ခြင်း၊ ခေါက်ထားခြင်း၊ ဖယ်ထားခြင်း ခံရပါတော့သည်။ ဤနည်းဖြင့် ပြည်သူလူထုက ဝန်ထမ်းများ၏ စွမ်း ဆောင်ရည်အပေါ် ယုံကြည်မှုကင်းမဲ့လာစေပါသည်။ ဝန်ထမ်းဘက်ကကြည့်လျင်လည်း သူကပုဂ္ဂလိက အကျိုး စီးပွားကို ဦးစားပေးခြင်းသည် သူ့အတွက် ပို၍အဓိပ္ပာယ် ရှိစေပါသည်။ ပုဂ္ဂလိက အကျိုးစီးပွားဆိုသည်မှာ မိမိ အတွက်သော်လည်းကောင်း၊ မိမိ၏ဆရာသမား၊ မိမိ၏တပည့်တပန်း၊ မိမိ၏အဖွဲ့အစည်း၊ မိမိ၏ဌာန၊ မိမိ၏အသိုက်အဝန်း၊ မိမိ၏ရပ်ရွာအတွက်သာ ဆောင်ရွက် ခြင်းကို ဆိုလိုပါသည်။ ဝန်ထမ်းသည် ပုဂ္ဂလိက အကျိုး စီးပွားအတွက် အလုပ်လုပ်ခြင်းဖြင့်သာ သူ့ဘဝတက် လမ်း၊ သူ့အနာဂတ်အတွက် အခွင့်အလမ်းနှင့် အသိအ မှတ်ပြုမှုများစွာကို ရရှိနိုင်ပါသည်။ အများပြည်သူအ တွက် သူ၏ဝန်ဆောင်မှုသည် အဂတိလိုက်စားမှုမြင့်မား နေသော နိုင်ငံတစ်နိုင်ငံ၌ သူ့ကိုတစ်ကောင်ကြွက်ဖြစ်စေ ပါလိမ့်မည်။ အစိုးရရုံးဌာနအပါအဝင် အများပြည်သူဆိုင်ရာအဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးအတွက် သူ့ကိုနိုင်ငံတော်မှ ခန့်အပ်ထားပြီး နိုင်ငံတော်မှထောက်ပံ့ထားသည့်အပြင် နိုင်ငံတော်က လုပ်ပိုင်ခွင့်အာဏာများအပ်နှင်းထားသည်ကို ပင်လစာမလုံလောက်မှုကို အကြောင်းပြဆင်ခြေပေးလျက် နိုင်ငံတော်ကပေးထားသော ရုံးဌာနနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး မိမိအကျိုး၊ မိမိဌာနအကျိုး၊ မိမိအဖွဲ့ အစည်းအကျိုး၊ အထက်အရာရှိ အကျိုးအလို့ငှာ ပုဂ္ဂလိက အကျိုးစီးပွားကို ဆောင်ရွက်ခွင့်ရှိသည်ဟူသော မှားယွင်း သည့် အယူအဆကို ဆုပ်ကိုင်ထားလေ့ရှိပါသည်။ အစိုးရ ရုံးဌာနတံဆိပ်၊ အခွင့်အာဏာနှင့် ရုံးသုံးပစ္စည်းများကို အသုံးပြု၍ ပုဂ္ဂလိကအကျိုးစီးပွားအတွက် တရားဝင် ရုံး စာဖြင့် ထုတ်ပြန်မှုများကိုပင် အများပြည်သူအကျိုးစီး ပွားကို ဆန့်ကျင်လျက် ရဲတင်းစွာလုပ်ဆောင်လျက်ရှိနေ ကြသည်ကိုတွေ့နေရပါသည်။ ဤနည်းဖြင့် ရုံးဌာနများ တွင် အများပြည်သူအကျိုးစီးပွားအတွက် အလုပ် လုပ်ရန် ခွဲဝေပေးနိုင်သောအချိန်သည် နည်းသည်ထက် နည်းလာရ ပေသည်။
အုပ်ချုပ်မှုအဆောက်အအုံယိုယွင်းပျက်စီးမှု တွင် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန် ကြားချက်များ လိုလျင် လိုသလို မလိုလျင် မလိုသလိုသုံး စွဲနေကြခြင်းလည်းပါဝင်ပါသည်။ အဆိုပါ ဥပဒေစည်း မျဉ်းစည်းကမ်းများတွင် ရှေ့နောက်မညီညွတ်သောပြ ဋ္ဌာန်းချက်များပါဝင်နေသော်လည်း ပြင်ဆင်ခြင်းမပြု၊ ပယ်ဖျက်ခြင်းလည်းမပြုဘဲ သူ့အတိုင်းသူထားရှိခြင်းသည် အဂတိလိုက်စားမှုမြင့်မားနေသော အခြေအနေတွင် ဝန်ထမ်းများကို တစ်ဦးချင်းကိုယ့်သဘောနှင့်ကိုယ် လိုသလိုအရေးယူဆောင်ရွက်ခွင့် (DISCRETION) ပေးထားသကဲ့သို့ ဖြစ်စေပါသည်။ တူညီသောအကြောင်းကိစ္စတစ်မျိုးတည်းကို တစ်နေရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတစ်ခုနှင့်အညီ ခွင့်ပြုချက်ပေးနိုင်ပြီး အခြားတစ်နေရာတွင် နောက်ထပ်ဥပဒေစည်းမျဉ်း၊ စည်းကမ်းအခြား တစ်ခုနှင့်အညီ တားမြစ်မှုပြုနိုင်ခြင်းသည် အရေးယူခြင်း မခံရဘဲ အဂတိလိုက်စားရန်အတွက် ဆောင်ရွက်နိုင်သော အထူးအခွင့်အရေး၊ သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ခုဖြစ်ပါ သည်။
အုပ်ချုပ်မှုအဆောက်အအုံယိုယွင်းမှုမှာ ပြင်ပအ ကြောင်းတရားများသာမက ဝန်ထမ်းအချင်းချင်းအတွင်း၌ အကျင့်ပျက်ခြစားမှုလည်းပါဝင်ပါသည်။ အလုပ်နေရာရဖို့ မှအစ၊ ရာထူးတိုးရန်ကိစ္စ၊ ပြောင်းရွှေ့ရန်ကိစ္စ၊ အမှုအခင်း ဖြစ်၍ စုံစမ်းစစ်ဆေးမှုခံယူရသောကိစ္စ၊ နိုင်ငံခြားပညာ သင်၊ နိုင်ငံခြားခရီးစဉ်ကဲ့သို့သော အထူးအခွင့်အရေးကိစ္စ များတွင်လည်း လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာရှိနေ ပါသည်။ ဌာနတွင် အဂတိလိုက်စားမှုကြီးထွားလာခြင်းသည် ဆရာမွေး၊ တပည့်မွေးစနစ်ကို ဖြစ်ပေါ်စေပြီး ရုံး ဌာနစည်းမျဉ်း၊ စည်းကမ်းများထက် ရာထူးကြီးမားသော လူပုဂ္ဂိုလ်၏ စိတ်ဆန္ဒများကိုသာမဏ္ဍိုင်ပြု၍ လုပ်ကိုင် သည့်အလေ့အထ ဖြစ်ပေါ်စေပါသည်။ ဤနည်းဖြင့် လိမ်ညာထားသော အစီရင်ခံစာများ၊ သတင်းစကားများ ပေါ်ပေါက်စေပြီး ထိုအစီရင်ခံစာများ၊ ထိုသတင်းစကား များကြောင့်ပင် အများပြည်သူအကျိုးစီးပွားအတွက် ရည် ရွယ်ပြုလုပ်သော ဆုံးဖြတ်ချက်များကို လွဲမှားစေသည်။
အစိုးရများက ပြည်သူလူထုကို အများပြည်သူဝန် ဆောင်မှုများ ထိထိရောက်ရောက်လုပ်ပေးရမည့် တာဝန် များ ရှိပါသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ်အရေးကိစ္စများ၌ အဂတိမကင်း လျင် အများပြည်သူဝန်ဆောင်မှုအတွက် ဖြန့်ဝေမှုမညီ မညာဖြစ်စေပါသည်။ ထိုအခါ အဆိုပါဝန်ဆောင်မှုများကို အားကိုးနေရသော ဆင်းရဲသားများ အများဆုံးထိခိုက်ကြ ရပါသည်။ လုပ်ပိုင်ခွင့်အာဏာရှိသူများနှင့် အလယ် အလတ်မှ ပါးနပ်သူများက တရားမဝင်နည်းလမ်းများ အသုံးပြုပြီး ဆင်းရဲသားများအတွက် ရည်ရွယ်ထားသော ဝေစုအများစုကို ဖဲ့ယူသွားကြပါသည်။
အဂတိလိုက်စားမှုမြင့်မားသော နိုင်ငံများတွင် လုပ်ပိုင်ခွင့်အာဏာရှိသူများသည် တာဝန်ယူမှုမရှိသ လောက် နည်းပါးပါသည်။ အုပ်ချုပ်ရေးဌာနချုပ်အတွက် သော်လည်းကောင်း၊ ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်အတွက်သော် လည်းကောင်း၊ တာဝန်ယူမည့်သူမရှိပါ။ ဝန်ထမ်းများ သည် ကိုယ်ရကိုယ်ယူကိုယ်ဖြစ်ကိုယ်ခံစနစ်ကိုသာ အလို အလျောက်ကျင့်သုံးမိလျက်သား ဖြစ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းတစ်ဦးသည် လုပ်ပိုင်ခွင့် ရှိသောနေရာတစ်ခုရရှိရန်အတွက် တံစိုးလက်ဆောင်၊ သို့မဟုတ် အရင်းအနှီးတစ်စုံတစ်ရာပေးကမ်းခဲ့ရသည်။ ထိုအရင်းအနှီးကျေရန်နှင့် သူ့အတွက် ထိုသို့ရင်းနှီးရကျိုး နပ်စေရန် ထိုနေရာတွင် ရရှိထားသော အခွင့်အာဏာကို အသုံးချ၍ အဂတိလိုက်စားမှုပြုသည်။ ထိုသို့ပြုခြင်းကိုသူ့အထက်အရာရှိက မတားမြစ်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် သူသည်ခွဲတမ်းတစ်စုံတစ်ရာကို ကြိုတင်၍ ဖြစ်စေ၊ နောက်ပိုင်းတွင်ဖြစ်စေ၊ ရရှိနေသောကြောင့် ဖြစ်သည်။ အဂတိလိုက်စားခြင်းကြောင့်ရရှိသည့် တံစိုး လက်ဆောင်သည် ေ>မဆိပ်တက်သကဲ့သို့ ခြေထောက်မှ တဖြည်းဖြည်းကျောက်ကပ်၊ နှလုံး၊ ဦးနှောက်အထိ ဆန် တက်သကဲ့သို့ အမြဲတမ်းအထက်သို့ ဆန်တက်နေသည်ဖြစ် ရာ အထက်မှ တာဝန်ယူရသူသည် ရာထူးအားဖြင့်သာ တာဝန်ယူရသည့် ရာထူးနေရာရောက်နေသော်လည်း အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လက်အောက်ဝန်ထမ်း များကို မထိန်းကျောင်းနိုင်၊ အမှန်တကယ် တာဝန်မယူ နိုင်ပါ။ ထိုသို့ တာဝန်ယူနိုင်စွမ်းမရှိသော အထက်အရာ ရှိသည် တစ်ချိန်ချိန်တွင် မိမိအတွက်ထိခိုက်လာနိုင်မည့် အရေးကို တွေးတော၍ လိုအပ်သောအကာအကွယ်များကို အထပ်ထပ်တည်ဆောက်ရပါတော့သည်။ ဆုံးဖြတ်ချက် တစ်ရပ်ရပ်အတွက် အထောက်အထားအမျိုးမျိုး၊ အစီရင် ခံစာအမျိုးမျိုး၊ထောက်ခံချက်များနှင့် လက်မှတ်အမျိုးမျိုး ကို ရယူစုဆောင်းထားရန်အားထုတ်ရ၏။ ထိုအခါ ပိုမို ကြီးကျယ်သော ကြိုးနီစနစ်အသစ်တစ်ခု ထပ်မံပေါ်ပေါက် လာပြီး၊ အများပြည်သူအတွက် အခက်အခဲပို၍ ဖြစ်စေလေ တော့သည်။ ထို့အပြင် သဘာဝမကျသော စည်းမျဉ်း၊ စည်းကမ်းအသစ်များသည် လူကြိုက်နည်းပြီး ထိရောက် မှုမရှိဘဲဖြစ်နိုင်သည့်အပြင် ပြည်သူလူထု၏ယုံကြည်မှုမရှိတော့သလောက် ဆုံးရှုံးကုန်သည်ဖြစ်၍ အုပ်ချုပ်ရေး စနစ်ကို ပျက်ပြားစေပါသည်။
ဆယ်စုနှစ်များစွာ အဂတိလိုက်စားမှုကြီးထွားခဲ့ ရသောနိုင်ငံတွင် အုပ်ချုပ်မှုယိုယွင်းပျက်စီးရသည့် နောက် ထပ်အကြောင်းတစ်ချက်မှာ လူတော်လူကောင်းများ ရှား ပါးသွားသည့် ကိစ္စဖြစ်သည်။ မည်သည့်အများပြည်သူဆိုင် ရာ အဖွဲ့အစည်းတွင်မဆို ကိုယ်ရည်ကိုယ်သွေးကောင်းမွန် သူများကို မကြာခဏစုဆောင်းမိတတ်ပါသည်။ ထိုသူတို့ သည် သူတို့၏ဘဝတိုးတက်ရေးအတွက် အာမခံချက်ရှိ သော အလုပ်ဌာနများကို ရှာဖွေနေခဲ့ကြသူများဖြစ်သည်။ ဌာနတွင်းသို့ရောက်ရှိပြီးနောက် သူတို့၏ စွမ်းရည်များ သည် ပုဂ္ဂလိကအကျိုးစီးပွားကိုသာ ဦးစားပေးသော အထက်အရာရှိများ၏ လက်အောက်၌ တပည့်တစ်ဦးအဖြစ် ရောက်ရှိသွားသောအခါ ရိုးသားကြိုးစားမှုဖြင့် အများပြည် သူအကျိုးစီးပွားကို ထက်ထက်မြက်မြက် ဆောင်ရွက် ပေးလိုသော ပင်ကိုဆန္ဒရှိသော်လည်း ယင်းသို့ဆောင် ရွက်ခြင်းဖြင့် မိမိ၏ ဘဝတိုးတက်ရေးအတွက် မဖြစ်နိုင် မှန်းရိပ်မိလာသောကြောင့် ဆရာမွေး၊ တပည့်မွေးစနစ် အတွင်း၌သာ ရှင်သန်တိုးတက်ရန် ကြိုးစားရပါတော့ သည်။ သူတို့၏ကိုယ်ရည်ကိုယ်သွေးနှင့် ရိုးသားဖြောင့် မတ်မှုတို့သည် နိုင်ငံတော်အကျိုးစီးပွားအတွက် ဖြစ်မလာ တော့ဘဲပုဂ္ဂလိကအကျိုးစီးပွားအတွက်သာ အလုပ်အ ကျွေးပြုရပါသည်။ ဤသို့ဖြင့် အဂတိလိုက်စားမှုကြီးထွား သောနိုင်ငံတို့တွင် အုပ်ချုပ်မှုစွမ်းရည်ကျဆင်းခြင်း၊ ကျင့် ဝတ်ကျင့်စဉ်များ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ ဌာနတွင်း အကျင့်ပျက်ခြစားနေကြခြင်းတို့ကြောင့် အုပ်ချုပ်မှုအ ဆောက်အအုံတစ်ခုလုံး ယိုယွင်းပျက်စီးခြင်းဖြစ်လာရပါသည်။
မင်းဗထူး