သင်ဟာ လက်ဆောင်ပေးခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို မသိထားဘူးဆိုရင် သင်ရဲ့ ဖောက်သည်တွေ၊ ဒါမှမဟုတ် စီးပွားရေးဆိုင်ရာ မိတ်ဖက်ပုဂ္ဂိုလ်တွေကို လက်ဆောင်ပေးရာမှာ အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးဆိုင်ရာ မိတ်ဖက်ပုဂ္ဂိုလ်တွေကို လက်ဆောင်ပေးဖို့အတွက် စီစဉ်ရာမှာ သိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ တစ်ဦးချင်းစီအတွက် သီးသန့် လက်ဆောင်ပေးပါ . . .
ဖြစ်နိုင်မယ်ဆိုရင် တစ်ဦးချင်းစီအတွက် သီးသန့်လက်ဆောင်တွေ ပြင်ဆင်ထားတာဟာ လက်ဆောင် လက်ခံမယ့်သူတွေကို အလေးထားရာ ပိုရောက်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တတ်နိုင်တယ်ဆိုရင် ဝန်ထမ်းတွေကို လက်ဆောင်ပေးရာမှာ တခြားပစ္စည်းတွေထက် ငွေသားဆုကြေးတွေပေးတာက သူတို့ကိုပိုပြီး ပျော်ရွှင်စေပါလိမ့်မယ်။ သင့်မှာ ဖောက်သည်အများကြီးကို လက်ဆောင်ပေးရမည်ဆိုရင်တော့ တစ်ဦးချင်းစီအလိုက် စီစဉ်ဖို့မဖြစ်နိုင်ဘူးဆိုရင်တောင် အသုံးဝင်တဲ့ပစ္စည်းတွေဖြစ်အောင် ဂရုတစိုက်ရွေးချယ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သူတို့တွေအတွက် ဈေးပေါတဲ့ ပစ္စည်းမျိုးတွေနဲ့ အသုံးမဝင်နိုင်တဲ့ ပစ္စည်းမျိုးတွေကို မပေးမိဖို့ သတိထားသင့်ပါတယ်။
၂။ ဘယ်လောက်အတိုင်းအတာထိ ငွေကြေးကို သုံးမလဲဆိုတာသိပါစေ . . .
တစ်နှစ်လုံးအတွက် အားလပ်ရက်တွေ၊ ပိတ်ရက်တွေမှာပေးတဲ့ လက်ဆောင်တွေ ဒါမှမဟုတ် တခြားလက်ဆောင်ပေးခြင်းတွေအတွက် သုံးစွဲမယ့်ငွေကြေးပမာဏကို စဉ်းစားရာမှာ ကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာကိုလည်း အဓိကထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ့်အနေနဲ့ ဘတ်ဂျက်အရ ငွေကြေးအများကြီး မတတ်နိုင်ရင်တောင် ခေတ်မီပြီး အသုံးဝင်တဲ့ လက်ဆောင်တွေ၊ ပမာဏနည်းတဲ့ ဈေးဝယ်ခွင့်ကတ်တွေနဲ့ လက်ရေးနဲ့ ရေးထားတဲ့ Card လေးတွေကို လက်ဆောင်ပေးပြီး ကိုယ့်ရဲ့ဂရုစိုက်မှုကို ပြပါ။ ဒါပေမဲ့ လက်ဆောင်ပစ္စည်းတွေအတွက် ငွေအလွန်အကျွံ အကုန်အကျခံတာမျိုးကို ရှောင်သင့်ပါတယ်။
၃။ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ် . . .
ကိုယ်ရဲ့ လုပ်ဖော်ကိုယ်ဖက်တွေနဲ့ ဖောက်သည်တွေအားလုံးဟာ Christmas ပွဲတော်ကို ဆင်နွှဲလိမ့်မယ်လို့ မယူဆပါနဲ့။ Christmas နဲ့ မဆိုင်တဲ့သူတစ်ယောက်ကို Christmas လက်ဆောင်ပေးတာက သင်ရော၊ လက်ဆောင် လက်ခံတဲ့သူကိုပါ အနေရခက်စေပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ဘာသာရေးနဲ့ ယုံကြည်ကိုးကွယ်မှုပိုင်းဆိုင်ရာမှာ သတိထားပြီး အတတ်နိုင်ဆုံး နားလည်ပေးသင့်ပါတယ်။ ဒါကြောင့် ဘာသာရေးဆိုင်ရာ ပွဲတော်မဆင်နွှဲမယ့်သူတစ်ယောက်အပေါ် သင့်ရဲ့အလေးထားမှုကို တခြားနည်းလမ်းတွေနဲ့ ပြသနိုင်ပါတယ်။ လုပ်ငန်းပရောဂျက်တစ်ခု ပြီးသွားတဲ့အခါမှာ ဆုကြေးပေးတာမျိုးတွေနဲ့ နှစ်ကုန်ဆုကြေးငွေ ပေးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။
၄။ ကိုယ်ရပြီးသား လက်ဆောင်ကို ထပ်ဆင့်ပြန်ပေးတာမျိုးကို ရှောင်ပါ . . .
တခြားတစ်ယောက်ဆီက ရထားတဲ့လက်ဆောင်ကို နောက်တစ်ယောက်ကို ထပ်ဆင့်ပြန်ပေးတာမျိုးဟာ ကိုယ်အနေနဲ့ လက်ဆောင်ပေးတဲ့သူရော၊ ကိုယ်ကပြန်ပေးလိုက်တဲ့သူကိုပါ အလေးမထားရာ ရောက်ပါတယ်။ ဒါကြောင့် ကိုယ်ရထားတဲ့လက်ဆောင်ကို ပြန်ပေးတဲ့အခါ လက်ခံတဲ့သူကို ကြိုတင်ပြောထားမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါတယ်။
၅။ တစ်ဦးတစ်ယောက်တည်းအတွက်ပဲ လက်ဆောင်ပေးတာမျိုး မလုပ်ပါနဲ့ . . .
လက်ဆောင်ပေးတဲ့အခါ ကိုယ့်ကိုအားလုံးက အမှတ်ရနေစေဖို့က အရေးကြီးပါတယ်။ အားလုံးကို မဟုတ်ဘဲ တစ်ဖွဲ့တည်းကိုပဲ သီးခြားလက်ဆောင်ပေးတာမျိုးကို အတတ်နိုင်ဆုံးရှောင်ပါ။ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းအချင်းချင်းက ဒီအကြောင်းကို မရည်ရွယ်ပဲ တစ်ယောက်ကိုတစ်ယောက် ပြောမိလိုက်တာမျိုးတွေ ဖြစ်သွားရင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်ဝမ်းကွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လက်ဆောင်တွေ မပေးခင်မှာ ကျန်ခဲ့တာမျိုးမဖြစ်အောင် ပေးမယ့်သူစာရင်းကို သေချာစစ်ဆေးပြီးမှ ပေးသင့်ပါတယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့ပစ္စည်း၊ Card ကလေးတစ်ခုဘဲ ဖြစ်ပါစေ လက်ဆောင်ပေးတာက လက်ခံသူကို အလေးထားရာရောက်တဲ့အတွက် သင့်ရဲ့လုပ်ငန်းအတွက် အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခုလို့ ဆိုချင်ပါတယ်။