HMS Turbulent nuclear submarine မှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Ryan Ramsey က တစ်ခါကဆိုရေအောက်ထဲ နေရောင်မမြင်ရဘဲ ရက်ပေါင်း ၂၈၆ ရက်အထိ နေထိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိ အင်္ဂလန်နိုင်ငံ Gosport မြို့မှာနေထိုင်လျက်ရှိတဲ့ သူက နေရာခပ်သေးသေးမှာ အချိန်အကြာကြီးနေရခြင်းနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးရလာတဲ့ အဓိက အချက် ၅ ချက်ကို ဝေမျှပေးခဲ့ပါတယ်။
HMS Turbulent က ၈၄ မီတာအလျားရှိတဲ့ steel tube တစ်ခုဖြစ်ပြီး အဲဒီထဲမှာ လူပေါင်း ၁၃၀ လောက်ရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်နေရာဆိုတာက တကယ့်ကိုမည်ကာမတ္တပဲရတာပါ။ အောက်မှာဖော်ပြထားတာကတော့ self-isolation ကာလတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ့် အချက်တွေပဲဖြစ်ပါတယ် …
၁။ ပုံမှန်ုလုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်
ကိုယ့်နေ့စဉ်ဘဝအတွက် လုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်ရှိတာသေချာအောင်လုပ်ရပါမယ်။ ပြီးတော့ အဲဒီလုပ်ငန်းစဉ် ကို တစ်ဆင့်ချင်းစီ မပျက်မယွင်းပုံမှန်လုပ်ကိုင်ပါ။ ဒီလို နေ့စဉ်လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်အတိုင်း လုပ်မယ်ဆိုရင် ရက်ကနေ သီတင်းပတ်၊ လနဲ့ချီပြီး အချိန်အကြာကြီးကို ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။
၂။ သန့်စင်ရှင်းလင်းခြင်း
ဒုတိယအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်အသုံးအဆောင်တွေကိုပါ သန့်ရှင်းအောင် စံသတ်မှတ်ချက်နဲ့ ထားတာဖြစ်ပြီး အဲဒါကို မပျက်မကွက်လုပ်ဆောင်ပါ။
၃။ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ခြင်း
ကိုယ့်ကိုယ်ကိုယ်အတွက်အချိန်ပေးပါ။ ပြင်ပလောကမှာ သတင်းပေါင်းများစွာနဲ့ အချက်အလက်ပေါင်းများစွာက အချိန်နဲ့တစ်ပြေးညီတက်နေပြီး သတင်းဆိုးတွေ၊ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် ဒီသတင်းနဲ့အချက်အလက်တွေကို အချိန်အတိုင်းအတာတစ်ခုလောက် မကြည့်၊ မသုံးစွဲပဲ ဖြတ်ထားပေးပါ။ ဒါက စိုးရိမ်ပူပန်စိတ်ကို လျော့ချပေးပါလိမ့်မယ်။
၄။ ပဋိပက္ခ
အိမ်မှာနေရတာ ကြာလာတာနဲ့အမျှ ကိုယ့်လက်တွဲဖော်၊ အိမ်သားတွေ၊ မိသားစုဝင်တွေနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပိုပိုပြီး ထင်းထင်းလင်းလင်းတွေ့လာရပါမယ်။ ကတောက်ကဆဖြစ်မှုတွေ၊ အပေါက်အလမ်းမတည့်မှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ တတ်နိုင်သမျှ လျှော့ပါ၊ မြန်မြန်ဆန်ဆန်အဆုံးသတ်ပါ။
၅။ ပေါင်းသင်းဆက်ဆံရေး
နောက်ဆုံးနဲ့ အရေးအကြီးဆုံးတစ်ခုကတော့ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်ပါတယ်။ အိမ်မှာ အတူနေတဲ့ မိသားစုဝင်တွေနဲ့ စကားပြောတာပဲဖြစ်ဖြစ် တစ်ယောက်တည်းဆိုရင်လည်း သူငယ်ချင်းနဲ့ အိမ်ကလူတွေကို ဖုန်းဆက်တာမျိုးလုပ်တာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးအဆက်မပြတ်အောင်လုပ်ဖို့က ကျွန်တော်တို့အတွက် တကယ်ပဲ အခရာကျပါတယ်။ လူတွေက အပြင်ထွက်လမ်းလျှောက်တာ၊ ခြံထဲဆင်းတာမျိုးလုပ်ပြီး နေရောင်ခြည်ကိုခံဖို့၊ လေကောင်းလေသန့်ရှုနိုင်ဖို့ အခွင့်အရေးရှိကြပါတယ်။ ကျွန်တော်တို့ ရေငုပ်သင်္ဘောပေါ်မှာတော့ ဒါမျိုးက အတော်လေးကို ရတောင့်ရခဲ လုပ်နိုင်ကြတာပါ။
ကျွန်တော်တို့ရ ရနိုင်သမျှ အကောင်းမြင်စိတ်အတွေးလေးရှိဖို့လိုပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးကြိုးစားနေကြတဲ့ လူတော်တွေအများကြီးရှိနေတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာနေထိုင် ဆင်ခြင်ခြင်းဖြင့် ကျွန်တော်တို့အတွက် ကြိုးစားနေသူတွေကို ကူညီရာ ရောက်သလို ပြဿနာဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။
Ref : BBC submarine-captain-shares-self-isolation-secrets