ပန်းချီအနုပညာကို ဝါသနာပါသူတွေ၊ စိတ်ဝင်စားသူတွေ၊ လေ့လာလိုက်စားသူတွေအတွက် ပန်းချီပြခန်းနဲ့ ပန်းချီကားပေါင်လုပ်ငန်းကို တွဲထားတဲ့ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ အောင်ချမ်းသာအိမ်ရာ၊ တိုက်အမှတ် ၉ ၊ အခန်းအမှတ် ၃ မှာ ဦးမိုးကျော်၊ ဒေါ်စိုးစိုးမာတို့ ဖွင့်လှစ်ထားတဲ့ မိုးမခပန်းချီပြခန်းနဲ့ ပန်းချီကားပေါင်လုပ်ငန်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိုးမခပန်းချီပြခန်းဟာ ရှုခင်းပန်းချီတွေနဲ့ ရိုးရာလက်ရာ ပန်းချီကားတွေကို အများဆုံးပြထားပြီး ပန်းချီကားတွေကို ဘောင်တွေနဲ့ အလှဆင်ပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဖွင့်လှစ်ဖြစ်ပုံနဲ့ ရည်ရွယ်ချက် . . .
ကျွန်မတို့က ပန်းချီကားဘောင်၊ ဓတ်ပုံဘောင်လုပ်ငန်းကို ၁၉၉၉ ခုနှစ်မှာ မြောက်ဥက္ကလာမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါကိုလုပ်ရင်းနဲ့ ပန်းချီကိုလည်း ဝါသနာပါတဲ့အတွက် ပန်းချီကားတွေကို ဝယ်ယူစုဆောင်းဖြစ်ခဲ့ပါတယ်။ ကိုယ့်ဆီမှာ ဘောင်လာဝယ်တဲ့ သူတွေက ပန်းချီကားတွေကိုလည်း မေးလည်းမေးလာတယ်၊ ဝယ်လည်းဝယ်လာကြတာကြောင့် တစ်ရက်မှာ ပန်းချီပြခန်းဖွင့်ဖို့ကိုတော့ စိတ်ကူးရှိခဲ့တာပါတယ်။ အရင်ကတော့ ပန်းချီပြခန်းကို နိုင်ငံခြားသားတွေ အလာများတဲ့ ဗိုလ်ချုပ်ဈေးမှာဖွင့်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ဆိုင်ခန်းနေရာအခက်အခဲကြောင့် လက်ရှိဆိုင်နေရာမှာ ပန်းချီကားတွေ တော်တော်များများ စုမိပြီးဖြစ်လာတဲ့ ၂၀၁၁ ခုနှစ်၊ မေလမှာ စတင်ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပြခန်းနဲ့ဆိုင်ကို လာရောက်သူတွေက . . .
ဒီကိုပြည်တွင်းကတင်မကဘဲ ပြည်ပကပန်းချီဆရာတွေ၊ ပန်းချီကိုဝါသနာပါတဲ့လူတွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်း လုပ်တဲ့လူတွေစသဖြင့် နယ်ပယ်အစုံကနေ ပန်းချီကားတွေ၊ ပန်းချီကားပေါင်တွေကို လာရောက်ဝယ်ယူကြပါတယ်။ အရင်တုန်းက နိုင်ငံခြားသားတွေက ပန်းချီကားပေါင်တွေကို မြန်မာပြည်က မဝယ်ပေမဲ့ အခုအခါမှာတော့ သူတို့နိုင်ငံတွေမှာ သစ်ကလည်း တော်တော့်ကိုဈေးကြီးတာကြောင့် မြန်မာပြည်က ပန်းချီကားပေါင်တွေကိုပါ တစ်ခါတည်း ဝယ်ယူသွားကြပါတယ်။
ပြခန်းမှာ ပြသထားတဲ့ပန်းချီကားတွေ . . .
ပြခန်းမှာ နာမည်ကြီးပန်းချီဆရာကြီးတွေရဲ့ ကားတွေကို ကိုယ်တိုင်ဝယ်ယူပြီး ပြသထားတာတွေရှိသလို၊ ပြခန်းမှာပြသလိုတဲ့ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုလည်း ပြသထားပါတယ်။ ဒီမှာအရင်က ပန်းချီပြပွဲတွေလည်း လုပ်ဖြစ်ခဲပေမဲ့ အခုနောက်ပိုင်းမှာတော့ ပန်းချီကားပေါင်လုပ်ငန်းရော၊ ပန်းချီပြခန်းကိုပါ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပန်းချီပြပွဲတွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ ပြခန်းမှာ နာမည်ကျော်ပန်းချီ ဆရာကြီးဦးလွန်းကြွယ်ရဲ့လက်ရာကနေစပြီး ဦးမှန်သာဟိန်း၊ မင်းအုပ်မွန်အစရှိတဲ့ ပန်းချီဆရာအစုံရဲ့ လက်ရာတွေကို ပြသထားပါတယ်။ ကျွန်မတို့ဆီမှာ မြန်မာ့ပန်းချီလက်ရာတွေကို အများဆုံးတွေ့ရမှာဖြစ်ပါတယ်။
လက်ရှိ ပြခန်းမှာဆောင်ရွက်နေတာတွေ . . .
ကျွန်မတို့က ပန်းချီကားပေါင်တွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ လုပ်ပေးနေတာတွေရှိသလို နိုင်ငံခြားက ပန်းချီကားပေါင်တွေကို နမူနာကြည့်ပြီးလုပ်ပေးနေတာတွေလည်း ရှိပါတယ်။ ဝယ်ယူသူလိုချင်တဲ့ ဒီဇိုင်းကိုလည်း လုပ်ပေးပါတယ်။ လက်ရှိမှာ ဘောင်အမျိုးအစားအနေနဲ့ ဝယ်ယူသူတွေနှစ်သက်ရာ ဒီဇိုင်း၊ ဆိုဒ်၊ ဘောင် အမျိုးအစားအလိုက် ဆယ်မျိုးလောက်ရရှိနိုင်ပါတယ်။
ပန်းချီကားတစ်ချပ်ပေါ်ထားတဲ့အမြင် . . .
ကျွန်မကတော့ ပန်းချီကားတွေကို ရိုးရာပန်းချီကားတွေကိုရော၊ ရူခင်းကားတွေကိုပါ နှစ်သက်ပါတယ်။ ဒီဇိုင်းအစုံကို ကြိုက်ပါတယ်။ လှတဲ့ပန်းချီကားတွေကို ကိုယ်တိုင်ဝယ်ယူသိမ်းထားဖြစ်တဲ့အပြင် တစ်ချို့ကားတွေကို ပြန်ရောင်းတာမျိုးတွေလည်း ရှိပါတယ်။ ပန်းချီကားကို ကျွန်မအနေနဲ့ ကိုယ့်ရဲ့အကြိုက်ပေါ် ကိုယ့်ရဲ့အမြင်ပေါ်ပဲမူတည်ပြီး ဝယ်ယူဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ပန်းချီကားတစ်ချပ်ချိတ်ဆွဲထားလိုက်ရင် အဲဒီအိမ်ဟာ ပုံမှန်ထက် ပိုပြီးသာယာတယ်လို့တော့ ပြောလို့ရပါတယ်။ အခုခေတ်မှာဆိုရင် ဟိုတယ်အခန်းတွေ၊ အိမ်ခန်းတွေထဲ ပန်းချီကားလှလှလေးတွေ ချိတ်တာကို တော်တော်များများနေရာတွေမှာ တွေ့လာရပါတယ်။ ရုပ်ရှင်ကားတွေထဲမှာလည်း တွေ့လာရပါတယ်။
ဈေးနှုန်းပိုင်း . . .
ကျွန်မတို့ ပန်းချီကားပေါင်လုပ်ငန်းမှာ ဈေးနှုန်းကတော့ အမျိုးမျိုးရှိပါတယ်။ တစ်ပေခွဲ၊ နှစ်ပေဆိုရင် ရှစ်ထောင်၊ တစ်သောင်းရှိပါတယ်။ ဆိုဒ်၊ သစ်သားထု စတာတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ အကြမ်းအားဖြင့်တော့ ပန်းချီကားဆိုရင် တစ်ပေပတ်လည်ကို ခြောက်သောင်းကျပါတယ်။ ဘောင်ဆိုရင်တော့ တစ်ပေပတ်လည်ကို ခြောက်ထောင်ဖြစ်ပါတယ်။ ဘောင်ရော၊ မှန်ပါယူမယ်ဆိုရင် ရှစ်ထောင်ပါ။
မှန်မှာဆိုရင်လည်း မှန်အထူရှိတယ်၊ ဖိုင်ဘာမှန်ရှိတယ်။ မှန်အပါး၊ အပေါ့တွေလည်းပဲ ရှိပါတယ်။ ဖိုင်ဘာမှန်ကတော့ နည်းနည်းပိုပြီးဈေးများပါတယ်။ ဖိုင်ဘာမှန်နဲ့ဆိုရင်တော့ တစ်ပေပတ်လည်ကို တစ်သောင်းလောက်ကျပါတယ်။ ပန်းချီကားမှာ ဆီဆေးကားတွေကို မှန်မထည့်ရပါဘူး။ ရေဆေးတွေကိုတော့ မှန်ထည့်လို့ရပါတယ်။ ရှုခင်းကားနဲ့ ရိုးရာကားတွေကို ကျွန်မတို့ဆီမှာ ပြထားတာပိုများပါတယ်။ ပန်းချီကားတွေကို ကျွန်မတို့ဆီမှာ ဝယ်ယူသူတွေ၊ ဆိုင်ကိုလာတဲ့သူတွေ အမြင်မရိုးရအောင်နဲ့ သူတို့တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် တစ်လတစ်ခါပြောင်းပြီး ချိတ်ပါတယ်။ တခြားပန်းချီဆရာတွေက ဆိုင်မှာ လာပြထားတဲ့ပန်းချီကားတွေကိုတော့ သုံးလတစ်ခါလောက် အပြောင်းအလဲလုပ်ပေးပါတယ်။ ရောင်းလို့ရရင်လည်း ရောင်းလိုက်ပြီး၊ မရောင်းရသေးလို့ သူတို့အနေနဲ့ပြောင်းချိတ်ချင်တဲ့ ဆန္ဒရှိရင်လည်း ပြောင်းချိတ်ပေးလိုက်ပါတယ်။
ပန်းချီကားတွေကိုတော့ ဒီမှာလာပြတဲ့ ပန်းချီဆရာတွေ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းပေးပြီး ရောင်းလို့ရတဲ့ ပိုက်ဆံကိုမှ တစ်သိန်းကို ၂၀ ရာခိုင်နှုန်း ပြန်ဖြတ်တာဖြစ်ပါတယ်။ ကျွန်မတို့ ပန်းချီပြခန်းမှာ ပန်းချီကားတွေက ဈေးအသက်သာဆုံး ၃၅၀၀၀ ကနေစပြီး ဆယ်သိန်း၊ သိန်းနှစ်ဆယ်ကားတွေအထိ ရှိပါတယ်။ ပန်းချီကားတွေရဲ့ ဈေးနှုန်းတွေက ပန်းချီဆရာပေါ်မှာလည်း မူတည်ပါတယ်။ နာမည်ကြီးတဲ့ ဆရာတွေဆိုရင် ဈေးများပြီး ဆွဲခါစနဲ့နာမည်မကြီးသေးတဲ့ ဆရာတွေရဲ့ ကားတွေကတော့ လေးသောင်း၊ ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း စသဖြင့် အမျိုးမျိုးရှိပါတယ်။
ကိုဒီ