နိုင်ငံတကာ စာအုပ်အညွှန်း

ယခုလတွင် မိတ်ဆက်ပေးလိုသည့်စာအုပ်မှာ Kishore Mahbubani ၏ Can Asians Think? စာအုပ်ဖြစ်ပါသည်။ အာရှသားတစ်ဦးဖြစ်သူ ကျွန်တော့်အနေဖြင့် စာအုပ် ခေါင်းစဉ် မြင်မြင်ချင်းဝယ်ယူဖတ်ရှုခဲ့ပါသည်။ နှစ်ခါသုံးခါမက ဖတ်ရှုခဲ့သော စာအုပ်များထဲတွင် တစ်အုပ်အပါအဝင်ဖြစ်ပါသည်။ ဤစာအုပ်ကို ဝယ်ယူဖတ်ရှုရန် တိုက်တွန်းနှိုးဆော်ချက်တစ်ရပ်က စာအုပ်အဖုံးတွင် နိုင်ငံရေးဂုရုကြီးဖြစ်သူ Henry Kissinger ၏ မှတ်ချက်ဖြစ်ပြီးသူက “”စိတ်ဝင်စားဖွယ်ကောင်းသော၊ လှုံ့ဆော်မှုပေးသော အတွေးအခေါ်နှင့် ပြည့်စုံသော၊ ဆွဲဆောင်မှုရှိသော စာအုပ်”ဟုဆိုထားပါသည်။

ငယ်စဉ်ကတည်းက တရုတ်တို့၏ ရှည်ကြာလှသောသမိုင်းနှင့် စက္ကူ၊ ယမ်း စသည့် တီထွင်မှုဖြစ်စဉ်၊ အရှေ့အလယ်ပိုင်း၏ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းများကို လေ့လာခဲ့ရသော်လည်း ယခုအချိန်တွင် အစစအရာရာ၊ တေးဂီတ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ နည်းပညာအားလုံးနီးပါး အနောက်နိုင်ငံများမှသာ ဦးဆောင်နေသည်ကို တွေ့မြင်ရသောအခါ အာရှသားများအနေဖြင့် အနောက်နိုင်ငံသားများကဲ့သို့ “တွေးခေါ်နိုင်”မှု ရှိမရှိ မေးခွန်းထုတ်စရာဖြစ်လာသည်။

ကျွန်တော်ကြည့်ဖူးသော စိတ်ဝင်စားဖွယ်ကောင်းလှသော Mahbubani ၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် '' Where is China" Professor Zhang Wei Wei နှင့် Professor Kishore Mahbubani ဆွေးနွေးပွဲကို YouTube တွင် လေ့လာနိုင်ပါသည်။

ဥရောပတိုက်သားမိတ်ဆွေတစ်ဦးက ဥရောပနိုင်ငံများအနေဖြင့် ပထမနှင့်ဒုတိယကမ္ဘာစစ်၏ ဆိုးကျိုးမျိုးစုံကို ဘေးဖယ်လျက် ပတ်စပို့တစ်ခုတည်း၊ ငွေကြေးပုံစံတစ်ခုတည်း စသဖြင့် ညှိနှိုင်းနိုင်သော်လည်း နှစ်ပေါင်း ၅၉ နှစ်ကြာဖွဲ့စည်းထားခဲ့သော ASEAN နိုင်ငံများမှာ ယခုထက်တိုင်အောင် ဥရောပတိုက်ဘုံအဖွဲ့အစည်းကဲ့သို့ စည်းရုံးနိုင်ခြင်းမရှိနိုင်ခြင်းမှာ နှစ်ရာနှင့်ချီ၍ ဖြစ်ပျက်ခဲ့သော သမိုင်းကိစ္စရပ်များကို ခွင့်လွှတ်နားလည်ရန် ခက်ခဲ နေခြင်းကြောင့် ယုံကြည်မှုတည်ဆောက်ရန် မဖြစ်နိုင်ခြင်း၏ရလဒ်ဟု ထောက်ပြခဲ့ပါသည်။

စာအုပ်တွင် အခန်းကြီးလေးခန်းပါဝင်ပြီး ကုလသမဂ္ဂနှင့် အမေရိကန်တို့၏ ဒွန်တွဲတည်ရှိလျက်သော ဆက်နွှယ်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ (စာအုပ်ထုတ်ဝေသည့် အချိန်တွင်) အမေရိကန်နှင့်ဗြိတိသျှတို့အနေ ဖြင့် လုံခြုံရေးကောင်စီ၏ သဘာတူခွင့်ပြုချက်မရယူဘဲနှင့် ၂၀ဝ၃ ခုနှစ်၊ မတ် - ဧပြီတွင် အီရတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ထိုစဉ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအာနန်က “ အီရတ်စစ်ပွဲဟာ ကုလသမဂ္ဂအဖွဲ့ချုပ်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အခြေခံသဘောတရားတွေကို စိန်ခေါ်လိုက်တာပါပဲ”ဟု မှတ်ချက်ပြုလေသည်။ စာရေးသူ၏ ၂၀ဝ၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ရေးသားခဲ့သည့် မှတ်စုများတွင် ၂၀ဝ၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းတွင် အမေရိကန်တို့အနေဖြင့် မိမိတို့၏အကျိုးစီးပွားသာ ဦးစားပေးခြင်းဖြင့် ကုလသမဂ္ဂ၏အကျိုးကို မျက်ကွယ်ပြုခဲ့ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်မှာ ကုလသမဂ္ဂကို အားနည်းစေပြီး အမေရိကန်တို့၏ အမျိုးသားရေးစီးပွားသာ အဓိကဖြစ်လာသည်။ တစ်ဖက်တွင်လည်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အာဖရိကတွင် ဖြစ်ပေါ်ခဲ့သည့် Ebola ဗိုင်းရပ်စ်မှာ နေ့ချင်းညချင်းနှင့် အမေရိကန်တို့၏ နယ်နိမိတ်ကို ထိတွေ့စေနိုင်ခြင်းသည် ကမ္ဘာ့နိုင်ငံအားလုံး၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အခြေအနေကို ထင်ဟပ်စေပါသည်။ (လက်ရှိတွင် ဝူဟန်ဗိုင်းရပ်စ်၏ သာဓကပင်ဖြစ်ပါသည်။)

စာရေးသူက UN အနေဖြင့် အနာဂတ်တွင် ထိရောက်ပီပြင်သော ရည်မှန်းချက်များချမှတ်ရန်နှင့် အချိန်မရွေးဖြစ်ပေါ်နိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီ၊ ယဉ်ကျေးမှု ပဋိပက္ခများနှင့် ထိခိုက်လွယ်သော ကိစ္စရပ်များအတွက် တစ်ကမ္ဘာလုံး ချိန်ညှိလုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုထားလေသည်။ ထို့ပြင် လျင်မြန်စွာ ကြီးထွားလာသည့် ကမ္ဘာ့လူဦးရေပေါက်ဖွားမှုနှင့်ပတ်သက်၍ ပထဝီဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာပြင်ဆင်ချက်များ လိုအပ်ကြောင်း ထောက်ပြလေသည်။ မှန်ကန်သော ဘက်ပေါင်းစုံပါဝင်သော လုပ်ထုံးလုပ်နည်းများနှင့် လူမှုအဖွဲ့အစည်းတို့သည် အရေးပါလှကြောင်း တင်ပြထားပါသည်။

စာရေးသူ၏ The Asia Pacific and Southeast Asia အခန်းတွင် ဂျပန်၊ တရုတ်တို့၏ အခန်းဏ္ဍနှင့် ASEAN ၏ စိန်ခေါ်ချက်များကို ဖော်ပြထားပါသည်။ အမေရိကန်နှင့် ဂျပန်တို့၏ ဆက်ဆံရေးပုံစံပြောင်းလဲရန် လိုအပ်သကဲ့သို့ ဂျပန်တို့အနေဖြင့် အထူးသဖြင့် သာတူညီမျှလုပ်ပိုင် ခွင့် (Level Playing Field) ရှိကြောင်း ခံစားရန် လိုအပ်လှပေသည်။ ဒုတိယအချက်မှာ အမေရိကန်တို့အနေဖြင့် ဂျပန်အနေဖြင့် လွတ်လပ်သောစွမ်းရည်နှင့် ပြည့်ဝသော တပ်မတော်အဖြစ်ရပ်တည်စေရန် အထူးသဖြင့် နျူကလီးယားစွမ်းအင်ကို ခုခံနိုင်သော အဆင့်ရှိရန်အထိ ခွင့်ပြုရန်လိုအပ်သည်။ တတိယအချက်မှာ ဂျပန်အနေဖြင့် ပတ်ဝန်းကျင် အိမ်နီးနားချင်းနိုင်ငံများနှင့် ရင်းနှီးမှု၊ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်လှပေသည်။ စတုတ္ထအချက်အနေဖြင့် ဂျပန်အနေဖြင့် အထူးသဖြင့် တရုတ်နှင့် ကိုရီးယားနှစ်နိုင်ငံတို့နှင့် ယုံကြည်မှုတည်ဆောက်ရန်မှာ အတိတ်၏ပုံရိပ်များ၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်၏ ခါးသီးသော ဖြစ်ပျက်မှုများကို ဝန်ခံရန်နှင့် တောင်းပန်ရန်လိုအပ်နေပါသည်။ ပဉ္စမအချက်မှာ ဂျပန်တို့အနေဖြင့် ယဉ်ကျေးမှုကွာခြားမှုနှင့် နိုင်ငံရေးအကန့်အသတ်များကို ဂရုပြုရန်လိုအပ်ပါသည်။ ဂျပန်မှဂျပန်ဆိုသည့် လူမျိုးရေးတစ်ယူသန်ဝါဒစွဲများကို ခဝါချနိုင်ရန် လိုအပ်ပါသည်။

စာရေးသူ၏ Asian Values တွင် အနောက်ကမ္ဘာအနေဖြင့် စစ်အေးတိုက်ပွဲအနိုင်ရခြင်းမှာ စစ်လက်နက်အင်အားသာလွန်ကောင်းမွန်ခြင်းကြောင့်မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ တောင့်တင်းခိုင်မာခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။ အာရှနိုင်ငံများအနေဖြင့် အနောက်နိုင်ငံများ၏စံအတိုင်း ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရာတွင် ပထမဦးဆုံးလုပ်သည်မှာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုများ (Human Rights) ဖြစ်လေသည်။ အာရှနိုင်ငံအများစုတွင် ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက် ဒီမိုကရေစီဆိုင်ရာစံနှုန်းများ အရေးပါလာသည်။ လက်ရှိအခြေနေတွင် အနောက်နိုင်ငံများအနေဖြင့် ဒီမိုကရေစီပုံစံဖြစ်ရန် အားပေးခြင်းရှိသလို တစ်ခါတစ်ရံ အတင်းအဓမ္မတောင်းဆိုတတ်ကြရာ အဓိကအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စဉ်း စားမပေးဘဲ ဒီမိုကရေစီဖြစ်စဉ်ကို ဦးစားပေးစေလိုပါသည်။ ၁၈၆၁ တွင် ဂျွန်စတော့ဖီးလ်က “ဒီမိုကရေစီဆိုတာ မတူညီကွဲပြားတဲ့ လူမျိုးစုများတဲ့ နိုင်ငံမှာတည်ဆောက် ဖို့ခက်ခဲပါတယ်” ဟု မှတ်ချက်ချလေသည်။ စာရေးသူက လူလတ်တန်းစား အနည်းစုသာရှိသော အာရှနှင့် အာဖရိက နိုင်ငံတော်တော်များများတွင် လူမျိုးရေးနှင့် ဘာသာရေး အစွန်းရောက်များ ပေါ်ထွန်းလေ့ရှိသဖြင့် ဒီမိုကရေစီဖြစ်စဉ်ကို နှောင့်နှေးစေကြောင်း ရေးသားထားသည်။

အထူးသဖြင့် မှန်ကန်ဖြောင့်မတ်သော အစိုးရဆိုသည်မှာ နိုင်ငံရေးတည်ငြိမ်မှုရှိသော၊ အရည်အသွေးရှိသူများ နေရာရသော ဗျူရိုကရေစီစနစ်ရှိသော၊ သာတူညီမျှရှိသော စီးပွားဖွံ့ဖြိုးတိုးတက်မူရှိသော၊ ငွေကြေးစနစ်ထင်သာမြင်သာရှိသောနှင့် အကျင့်ပျက်ခြစားမှုနည်းသော အစိုးရကိုဆိုလိုပါသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလေသည်။ အထူးသဖြင့် စာရေးသူမှ အာရှနှင့်အမေရိကန် တို့အနေဖြင့် နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် ကြားခံနား လည်မှု အခြေအနေတစ်ရပ် ဖန်တီးထားရန်လိုအပ်ကြောင်း ရဲရဲတင်းတင်းဖော်ပြထားပါသည်။ ဤတွင်လည်း ...
၁။ တစ်ဦးနှင့်တစ်ဦး တူညီသောလေးစားမှုရှိရန် ၊
၂။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရန်၊
၃။ လက်ရှိအစိုးရနှင့် လက်တွဲလုပ်ဆောင်ရန်၊
၄။ လူ့အခွင့်အရေးအပါဝင် အနောက်ကမ္ဘာ၏စံများဖြင့် တိုင်းတာခြင်းကို ဆင်ခြင်ရန်နှင့်
၅။ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ နိုင်ငံ၏ အခြေအနေများပေါ်မူတည်၍ သင့်တင့်သောစံနှုန်းများ သတ်မှတ်ရန်စသည့် စည်းမျဉ်းများရှိသင့်ကြောင်း တင်ပြ ထားပါသည်။

သို့ဆိုလျှင် စာရေးသူ၏ အဓိကမေးခွန်းဖြစ်သည့် Can Asians Think? နှင့်ပတ်သက်၍ သူ၏အာဘော်ကိုလေ့လာရန် အချိန်ကျပြီဖြစ်ပါသည်။ စင်ကာပူတွင် ၁၉၉၇ ၊ ဇွန်လ၌ ကျင်းပသော ကွန်ဖရင့်တစ်ခုတွင် စာရေးသူတက်ရောက်ပြောဆို ဆွေးနွေးစဉ်စဉ်းစားသည့် မေးခွန်းမှာ Can Asians Think? ဖြစ်ပါသည်။ တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့်ခက်သည့် မေးခွန်းဖြစ်ပြီး ၁၉၉၈ တွင် ဤခေါင်းစဉ်နှင့် ဆောင်းပါးထွက်ပေါ်သည့်တိုင်အောင် စိတ်တိုင်းကျအဖြေ ၊ သို့မဟုတ် ဖြေရှင်းချက်များကို အာရှသားများထံမှ မရရှိခဲ့ပေ။ သို့သော် အံ့ဩစရာကောင်းသည်မှာ အနောက်ကမ္ဘာမှ အနုတ်သဘောတုံ့ပြန်မှုများရှိလာခြင်းပင်ဖြစ်သည်။ ဖြစ်နိုင်ဖွယ်ရာ အချက်တစ်ချက်မှာ ဤမေးခွန်းသည် နိုင်ငံရေးအရမှားနေခြင်းကြောင့် ဖြစ်ပါသည်။ ဤစာအုပ်ရေးချိန်တွင် ကမ္ဘာ့လူဦးရေ ငါးဘီလီယံ၏ ၃.၅ ဘီလီယံ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ အာရှိတိုက်သားများဖြစ်ရာ ၂၀၅၀ ပြည့်နှစ်ရောက်လျှင် ခန့်မှန်းချက်များအရ ကမ္ဘာ့လူဦးရေ ၉.၈၇ ဘီလီယံတွင် အာရှတိုက်သားများမှာ ၅.၇ ဘီလီယံဖြစ်လာမည်။ သို့ရာတွင် ဥရောပ နှင့် အမေရိကတိုက်သားများမှာ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိမည်ဖြစ်ရာ အာရှတိုက်၏အရေးပါမှုသည် အဓိကအခန်းကဏ္ဍဖြစ်လာသည်။

ထို့ကြောင့် ပထမယူဆချက်မှာ အာရှတိုက်သားတို့ မတွေးခေါ်နိုင် (NO)ဟု စဉ်းစားကြည့်ရန် ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က အာရှ၏အသိုက်အဝန်း ကို လေ့လာလျှင် အဓိကတရုတ်နှင့်အာရပ် (တစ်နည်းအား ဖြင့် ကွန်ဖြူးရှပ်နှင့်အစ္စလာမ်ဘာသာအခြေခံသည့် လူမှုအဖွဲ့အစည်း) တို့အနေဖြင့် သိပ္ပံနှင့်နည်းပညာ၊ ဆေးဝါးနှင့် နတ္ခတ္တပညာတို့တွင် ဦးဆောင်လျက်ရှိပြီး သက္ကရာဇ် ၉၇၁ ခုနှစ်တွင် ကမ္ဘာ၏ပထမဆုံးတက္ကသိုလ်ကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုတွင် တည်ထောင်နိုင်ခဲ့ပါသည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်နေသည့်အချိန်တွင် ဥရောပတိုက်မှာအမှောင်ခတ်ကာလ (The Dark Age) အဆင့်သာရှိပါသည်။

ဥရောပတိုက်အနေဖြင့် ၁၅ ရာစုကုန်ကာလအထိ အော်တိုမန်အင်ပါယာ၏ လွှမ်းမိုးမှု၊ ဘုရင်စနစ်အုပ်ချုပ်မှုမျိုးနှင့် စစ်ပွဲများမကြာခဏ ရင်ဆိုင်နေရချိန်တွင် တရုတ်တို့အနေဖြင့် ပုံနှိပ်ခြင်းအတတ်ပညာနှင့် ငွေစက္ကူအသုံးပြုမှုအဆင့်ရောက်နေပြီဖြစ်ပါသည်။ ထို့ပြင် သံကို နိုင်နင်းစွာအသုံးချနိုင်ပြီး ယမ်းမှုန့်ကိုတီထွင်နိုင်ပြီ ဖြစ်ပါသည်။ သို့သော် ၁၆ ရာစုနောက်ပိုင်းတွင် ဥရောပတိုက်အနေဖြင့်စက်မှုတော်လှန်ရေးကို ဖြတ်ကျော်ပြီးနောက် သိပ္ပံပညာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်လာပါသည်။

လက်ရှိစင်ကာပူနိုင်ငံအရွယ်အစားရှိ ပေါ်တူဂီနိုင်ငံအနေဖြင့် ပိုမိုရှေးကျသော လူ့အဖွဲ့အစည်းများကို အနိုင်ယူခဲ့ခြင်းမှာအံ့ဩဖွယ်ရာဖြစ်ပါသည်။ စာရေးသူအနေဖြင့် စိတ်ပျက်ဖွယ်ရာအကောင်းဆုံးမှာ ဤသို့အနိုင်ယူခြင်းမှာ လက်နက်၊ လူခွန်အားကြီးခြင်းကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကိုလိုနီအသွင်းခံရခြင်း(Mental Colonization)သည် အဓိကဖြစ်သည်ဟု ယုံကြည်ပါသည်။ ပထမဆုံးပေါ်တူဂီအနေဖြင့် ကိုလိုနီနယ်ချဲ့ခံရ သည့် နှစ်ငါးရာနောက်ပိုင်းတွင် အာရှနိုင်ငံများအနက် ဂျပန်တစ်နိုင်ငံတည်းသာ ဥရောပနှင့် မြောက်အမေရိကတိုက်နှင့် ရင်ပေါင်တန်းနိုင်ပါသေးသည်။

စာရေးသူ၏ မေးခွန်းမှာ အာရှတိုက်သားတို့ တွေးခေါ်နိုင်လျှင် အဘယ်ကြောင့် ဂျပန်တစ်နိုင်ငံတည်းသာ အနောက်ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သနည်းဖြစ်သည်။ ဆက်လက်ဆင်ခြင် စဉ်းစားတွေးတောနိုင်ပါသည်။

ဒုတိယအချက်မှာ အာရှတိုက်သားတို့သည် အနောက်နိုင်ငံသားများကဲ့သို့ စဉ်းစားနိုင်ပါသည် (YES) ဟု ဆိုကြပါစို့။ ဤသည်မှာ အရှေ့အာရှနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှုဆောင်ရွက်မှုကို ပထမအချက်ဟုအခြေခံရမည်ဖြစ်ပါသည်။ ဂျပန်၏ စီးပွားရေး အောင်မြင်မှုနောက်ပိုင်းတွင် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ဟောင်ကောင်စသည့် အာရှကျားလေးကောင် ထွက်ပေါ်လာပါသည်။ ထိုအာရှကျားလေး ကောင်ကြောင့် အရှေ့တောင်အာရှနိုင်ငံများ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့အတွက် အားကျစရာဖြစ်နေပါသည်။ ထို့နောက် တရုတ်ကလိုက်ရပါသည်။ စာရေးသူ၏ မှန်းဆချက်မှာ ၂၀၂၀ တွင် တရုတ်အနေဖြင့် အမေရိကန်နိုင်ငံကိုကျော်ဖြတ်လျက် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်လာမည့်ဟု ခန့်မှန်းထားပါသည်။ အရှေ့ အာရှနိုင်ငံများအနေဖြင့် လက်တင်အမေရိကနှင့် ဆာဟာ ရအာဖရိကနိုင်ငံများနှင့် စာလျှင် GDP မှာ နှစ်စဉ် အ နည်းဆုံး ၅.၅ ရာခိုင်နှုန်းရှိနေခြင်းမှာ ဂရုစိုက်ရမည့် အချက်ဖြစ်ပါသည်။

စဉ်းစားနိုင်ပါသည်ဆိုသည့် ဒုတိယအချက်မှာ အာရှတိုက်သားတို့၏ စိတ်ဓာတ်ခံယူချက်ကြောင့် ဖြစ်ပါသည်။ အောင်မြင်ရန်အတွက် ကြိုးစားရုံသာမက အတွေးအခေါ်ကောင်းရန် လိုအပ်သည်ကို နားလည်လက်ခံပြီး အနောက်ကမ္ဘာကို ဖြတ်ကျော်ရန်မှာ ယင်းတို့ထံမှ သင်ယူလေ့လာရန်လိုခြင်းဟု သဘောပေါက်ကြပါသည်။ ထို့ ကြောင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေး တည်ငြိမ်ရန်၊ တရားမျှတညီညွတ်သော လူမှုပတ်ဝန်းကျင်ရှိရန်၊ နိုင်ငံသားတို့အတွက် ပတ်ဝန်းကျင်ကောင်းများဖန်တီးရန် ခံယူချက်တို့ဖြင့် လုပ်ဆောင်နေကြပြီဖြစ် ပါသည်။ တတိယအချက်မှာ ယနေ့ခေတ်ကာလတွင် အာ ရှတိုက်သားတို့အနေဖြင့် အသက်ရှင်သန်ရပ်တည်ရန်ဆိုသည်အဆင့်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံသည့် စဉ်းစားဆင်ခြင်တွေးတောမှုကို အခြေခံလာကြပါသည်။

နောက်ဆုံးအချက်မှာ အာရှတိုက်သားတို့အနေဖြင့် အနောက်နိုင်ငံသားများကဲ့သို့ စဉ်းစားနိုင်ပါမလား၊ (Maybe) ဟုဆိုကြပါစို့... အဓိကမှာ စီးပွားရေးဖွံ့ဖြိုးတောင့်တင်းမူအားနည်းခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုနည်းပါနေခြင်း၊ လုံခြုံစိတ်ချသော ဝန်းကျင်အားနည်းခြင်း၊ ဆို ရှယ်မီဒီယာ၏ အခန်းကဏ္ဍ၏ ခြိမ်းခြောက်မှုတို့ကြောင့် ကြီးမားသော စိန်ခေါ်မှုများတွင် အထူးသဖြင့် နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ ဘေးကျပ်နံကျပ်ကာလတွင် မည်သို့ ဖြေရှင်းသနည်းမှာအရေးကြီးသော မေးခွန်းဖြစ်နေပါတော့ သည်။အကယ်၍ စာဖတ်သူသည် အာရှတိုက်သားတစ်ဦး၊ အလုပ်လုပ်နေသူတစ်ဦးဆိုပါလျှင် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ဖြစ်ပါကြောင်း...

Kishore Mahbubani

Kishore Mahbubani သည် အောက်တိုဘာလ ၂၄ ၊ ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဟိန္ဒူလူမျိုးမိဘမှ ပေါက်ဖွားလာသူ စင်ကာပူနိုင်ငံသားဖြစ်ပါသည်။ ၁၉၆၇ ခုနှစ်တွင် စင်ကာပူသမ္မတ၏ စကောလားရှစ်ဆုရရှိပြီး University of Singapore မှ ၁၉၇၁ တွင် ဝိဇ္ဇာဘွဲ့ကို ဖီ လော်ဆိုဖီဘာသာရပ်ဖြင့် ပထမအဆင့်နှင့်ရရှိခဲ့ပြီး ၁၉၇၆ တွင် မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်း ၁၉၉၅ တွင် ဂုဏ်ထူး ဆောင် Ph.D ဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၇၁ မှစ၍ နိုင်ငံ ရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် အဖြစ် ၁၉၅၃ မှ ၁၉၉၈ အထိ ထမ်းဆောင်ခဲ့ပါ သည်။ ထို့နောက် ကမ္ဘာ့ကုလ သမဂ္ဂဆိုင်ရာ စင်ကာပူ အမြဲတမ်း ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်း ဆောင်ပြီး ၂၀ဝ၁၊ ဇန်နဝါရီလမှ ၂၀ဝ၂၊ မေအထိ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြင့် တာဝန်ယူခဲ့ပါသည်။

Can Asians Think? စာအုပ် ဖြင့် Beyond the Age of Innocence: Rebuilding Trust Between America and the World ? The New Asian Hemisphere: The Irresistible Shift of Global Power to the East? The Great Convergence: Asia, the West, and the Logic of One World? Can Singapore Survive?The ASEAN Miracle: A Catalyst for Peace နှင့် Has the West Lost It? စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ The Straits Times သတင်းစာတွင် ပုံမှန်ဆောင်းပါးများ ရေးသား လျက်ရှိပါသည်။

စင်ကာပူ၊ ဥရောပနှင့် အမေရိကန်နိုင်ငံရှိ လူမှုအဖွဲ့အ စည်းအများအပြားတွင် ဘုတ် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်ပါသည်။ စင် ကာပူအစိုးရမှ ချီးမြှင့်သည့် Public Administration (Gold) ဆုတံဆိပ်ရရှိပါသည်။ ကမ္ဘာတွင် ထင်ရှားသော အတွေးအခေါ်ပညာရှင် တစ်ယောက်အဖြစ် မကြာခဏ အသိအမှတ်ပြုခံရသူလည်းဖြစ်ပါသည်။ United World Collage of South East Asia (UWCSEA) ၏ Tampines ပရိဝုဏ်ရှိ အထက်တန်းကျောင်းစာကြည့်တိုက်ကို Mah-bubani အမည်ဖြင့် ဂုဏ်ပြုထားပါသည်။

ဒေါက်တာသာထွန်းဦး