စစ်တုရင်ကစားတဲ့အခါမှာ တိုက်ခိုက်ခြင်းနဲ့ခုခံခြင်းကို တွေ့နေရတတ်ပါတယ်။ ကစားကောင် တစ်ကောင်ကောင်ဟာ အင်အားတူတဲ့၊ ဒါမှမဟုတ် အင်အားနည်းတဲ့ ပြိုင်ဘက်ရဲ့ကစားကောင်ကို တိုက်ခိုက်တယ်လို့ဆိုပါစို့။ အဲဒီအချိန်မှာ ပြိုင်ဘက်ရဲ့တခြားကစားကောင် တစ်ကောင်ကောင်က လာကာကွယ်တဲ့အခါ ညီမျှမှုကို ပြန်တည်ဆောက်သွားနိုင်သလိုလို ထင်မြင်တတ်ကြပါတယ်။
ဒါဟာအခါခပ်သိမ်း မမှန်နိုင်ပါဘူး။ မူလအနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီကစားကောင်သုံးကောင်အကြားမှာ တင်းမာမှုတွေပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ အင်အားစုတွေရဲ့မမြင်နိုင်တဲ့ တိုက်စစ်နဲ့ ခံစစ်လိုင်းတွေ တည်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ အထောက်အကူပြု ကစားကောင်အနေနဲ့ အင်အားသိသာစွာ လျော့ပါးပျောက်ဆုံးသွားကြောင်း တွေ့ရမှာပါ။ သူ့ရဲ့လှုပ်ရှားမှုစွမ်းရည်နဲ့ တိုက်ခိုက်မှုစွမ်းရည်တို့ကို ကန့်သတ်ခံလို့ရပါပြီ။ ကစားကောင်တစ်ကောင်နဲ့တစ်ကောင် ချိတ်ဆက်ခြင်းအားဖြင့် သိသာထင်ရှားသော အင်အားအသာရမှုကို ကြေပျက်သွားစေကြောင်း တွေ့ရတတ်ပါတယ်။
၁၉၄၉ ခုနှစ်က ချက်ဟိုဗာ (V.Chekhover) လေ့လာဖော်ထုတ်ခဲ့တဲ့ သရုပ်ပြပုံစံကို လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ အဖြူဘက်ကဘုန်းကြီးတစ်ရုပ်နဲ့ နယ်တစ်ရုပ်သာရှိပါတယ်။ ဘုန်းကြီးက ဝဲဘက်အစွန်ဆုံးထောင့်ကွက်မှာ သူ့နယ်နဲ့ချိတ်ထားပါတယ်။ ရွှေ့စရာ အကွက်မရှိပါဘူး။ နယ်ရာထူးတိုးမယ့်အကွက်ကို အနက်ဘုရင်က ထိပ်က ပိတ်ထားပါတယ်။ အနက်မှာတော့ မြင်းနှစ်ရုပ်နဲ့ ဘုန်းကြီးတစ်ရုပ် ယာဘက်အစွန်ဆုံးမှာ ချိတ်ဆက်နေကြပါတယ်။ အနက်သုံးရုပ်ရဲ့အလယ်နားမှာ အဖြူဘုရင်ရှိပါတယ်။ အနက်က အင်အားအဆမတန်သာနေပေမဲ့ နှစ်ဖက်စလုံးမမှားရင် သရေပဲဖြစ်တဲ့ အနေအထားပါ။
အန္တရာယ်ကိုကာကွယ်ဖို့၊ ကိုယ်ကျိုးစီးပွားလုံခြုံမှုကို တည်ဆောက်ဖို့ ချိတ်ဆက်ထားတာမျိုးတွေ စစ်တုရင်ခုံပြင်ပ လက်တွေ့ဘဝမှာ တွေ့ရနိုင်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ၊ နိုင်ငံရေးနယ်ပယ်မှာ၊ စစ်ရေးနယ်ပယ်မှာ စသဖြင့် နယ်ပယ်အသီးသီးမှာ ဖြစ်နိုင်ပါတယ်။ ချိတ်ဆက်ခြင်းအားဖြင့် မလွတ်မလပ် ဖြစ်နိုင်တာ၊ ခြေချုပ်မိနိုင်တာတွေကို သတိထားရမှာပါ။ နောက်ပြီး အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ချက်ဟိုဗာပုံစံဝင်သွားမှဖြင့် ခက်ရချည်ရဲ့ဗျာ။
မောင်မောင်လွင် (စစ်တုရင်)