“မိမိတို့ကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံကအုပ်ချုပ်သူတွေကို နှိမ်နင်းပစ်နိုင်တဲ့နည်းကတော့ သူတို့အထိနာသွားစေမယ့်နေရာကို ထိုးနှက်တိုက်ခိုက်ခြင်းပဲဖြစ်တယ်။ သူတို့ကို အနှောင့်အယှက်ပေးထားရင် သူတို့မှာ အမြဲတမ်းအားရတယ်လို့မရှိအောင် အလုပ်လုပ်နေကြမှာဖြစ်တယ်။ သူတို့ကို တစ်ခုခုလုပ်ပေးချင်လို့ မြူဆွယ်နေတာ အဲဒီလိုအထင်ရောက် အောင်လုပ်ပေးရင် သူတို့ဟာ စိတ်ဂနာမငြိမ်ဖြစ်နေကြမှာပါပဲ။
စစ်နဲ့ပတ်သက်တဲ့ သဘောတရားတစ်ရပ်ရှိတယ်။ အဲဒါကတော့ ရန်သူဟာ လာရောက်တိုက်ခိုက်ဖို့ အလားအလာမရှိဘူးဆိုပြီး မယုံကြည်စိတ်ချမနေသင့်ဘူးဆိုတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့်ရန်သူကို ရင်ဆိုင်ဖို့ အသင့်အနေအထား ရှိနေသင့်တယ်။ မိမိရဲ့အနေအထားကို ကြံ့ကြံ့ခံနိုင်အောင် လုပ်ထားသင့်တယ်”။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
ထိုးစစ်ကောင်းကောင်းဆင်နိုင်တာဟာ အကောင်းဆုံးခံစစ် ဆင်နွှဲတာပဲဖြစ်တယ်။
ဂျပန်ခေတ်ယန္တယားကုမ္ပဏီ Komatsu က သူ့ရဲ့ပြိုင်ဘက် ကုမ္ပဏီ Caterpillar နဲ့ပတ်သက်ပြီး “တို့က အဲဒီကုမ္ပဏီကို အုပ်စည်းဝိုင်းပတ်ထားမယ်၊ စက်ယန္တယား ထုတ်လုပ်ရေးလုပ်ငန်းလောကမှာ ဒီနည်းနဲ့ လွှမ်းမိုးသွားနိုင်အောင် လုပ်သွားမယ်” လို့ ပြောခဲ့ဖူးပါတယ်။ Komatsu ဟာ ကမ္ဘာတစ်လွှားလုပ်ငန်းတွေ စတင်တိုးချဲ့တုန်းက အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ချမှတ်ပြောကြားခဲ့တာဖြစ်တယ်။ အဲဒီတုန်းက ဂျပန်ကုမ္ပဏီတွေနဲ့မယှဉ်နိုင်လို့ အရှုံးပေးလိုက်ရတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေများအကြားရှိခဲ့မယ်။ ဒါကြောင့် Caterpillar ဟာလည်း Komatsu ကို အရှုံးပေးရလိမ့်မယ်လို့ စောင့်ကြည့်လေ့လာသူအများအကြားက ကြိုတင်ဟော ကိန်းထုတ်ခဲ့တယ်။
ဒါပေမယ့် Caterpillar ဟာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဘာကြောင့် ကြံ့ကြံ့ခံနိုင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ဥက္ကဋ္ဌ လည်းဖြစ် CEO လည်းဖြစ်တဲ့ Donald Fites က “အဓိကအကြောင်း ရင်းကတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းဖြန့်ဖြူးရေးစနစ်ပါပဲ၊ ပစ္စည်းချို့ယွင်းရင် ကူညီပြုပြင်ပေးတယ်။ ပြီးတော့ ပစ္စည်းဝယ် ယူသုံးစွဲကြသူတွေနဲ့လည်း အဆင်ပြေအောင်ပေါင်းပါတယ်” တဲ့။
တချို့ကုမ္ပဏီလေးများဟာ သူတို့ရဲ့ဖောက်သည်တွေက အကြိုက်တွေ့သွားကြတဲ့အခါ ပြိုင်ဘက်များကို ကောင်းကောင်းကြီး ခုခံသွားနိုင်ကြတယ်။ ဒါပေမယ့် ကြံ့ကြံ့ခံသွားနိုင်ရုံနဲ့ မပြီးသေးဘူး။ တစ်ခါတရံလက်ရှိ ကုန်ပစ္စည်းကိုပြုပြင်ကာ ထိုးစစ်ဆင်သွားရ တာမျိုးတွေရှိတယ်။
ညွန့်သောင်း (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)