သုတေသီတွေက ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ရင် ၉၃ ရာခိုင်နှုန်းလောက်က စကားသံမထွက်ဘဲ ကိုယ်ဟန်အမူ အရာဖြစ်တယ်ဆိုတာတွေ့ရှိထားပါတယ်။ ကိုယ်ခန္ဓာဘယ်လိုလှုပ်ရှားနေတယ်၊ မျက်နှာအမူအရာက ဘယ်လိုဖြစ်နေတယ်၊ စကားဘယ်လောက်မြန်မြန်ပြောနေတယ်၊ (ထိုင်ပြောနေတာထား၊ မတ်တတ်ရပ်ပြောနေတာလား၊ ရေမွှေးဘယ်လောက် များများဆွတ်ထားသလဲ၊ ဘယ်လိုလက်ဝတ်ရတနာတွေဝတ်ထားသလဲ၊ ဆံပင်အရှည်လားအတိုလား စသဖြင့်) အချက်တွေအားလုံးက ပြောနေတဲ့စကားလုံးတွေထက် ပိုနက်နဲတဲ့အဓိပ္ပာယ်ကိုဆောင်နေပါတယ်။
ယေဘုယျအားဖြင့် စကားပြောဆိုဆက်ဆံမှုတစ်ခုတိုင်းမှာ ကိုယ်ဟန်အမူအရာပေါင်း တစ်ထောင်ခန့်ပါဝင်နေတာ ဖြစ်ပြီး အဲဒီအမူအရာအားလုံးက ကိုယ်ပြောနေတဲ့စကားစမြည်ကလေးတွေထက်ပိုတဲ့ အဓိပ္ပာယ်ကိုဆောင်နေပါတယ်။
လက်ကိုဘယ်လိုလွှဲယမ်းပြောဆိုနေတယ်၊ အသံနေအသံထား ဘယ်လိုပြောင်းသွားတယ်ဆိုတာက စကားပြောနေရင်း တစ်ဖက်လူအပေါ် ကိုယ်ဘယ်လိုခံစားမှုမျိုး ရှိတယ်၊ ကိုယ်ဘာတွေတွေးနေတယ်ဆိုတာကို ဖော်ပြပါတယ်။ ဆိုလိုတာက လူတစ်ယောက်ရဲ့ကိုယ်ဟန်အမူအရာတွေက သူပြောနေတဲ့စကားတွေကို အထောက်အကူပြုပေးတာထက်၊ သူ့စကားအဓိပ္ပာယ်အပေါ်လည်း လွှမ်းမိုးမှုရှိနေပါတယ်။
တစ်ကမ္ဘာလုံးကလက်ခံထားတာကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် တစ်ပါးသူရဲ့ ကိုယ်ဟန်အမူအရာမျက်နှာထားကို အဓိပ္ပာယ်ဖော်တဲ့နေရာမှာ ပိုတော်တယ်ဆိုတာပါပဲ။ တစ်ဖက်လူကအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အမျိုးသမီးတွေဟာ နှုတ်နဲ့မပြောဘဲ ကိုယ်ဟန်အမူအရာ မျက်နှာထားနဲ့ပြောတဲ့အရာတွေကို ပိုမိုမှန်ကန်စွာ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ၊ ကိုယ်ကအများနဲ့ ပြောဆိုဆက်ဆံနေရပြီး တစ်ဖက်လူက ကိုယ့်ကို ထုတ်မပြောတဲ့ ခံစားချက်နဲ့ သဘောထားတွေကို ဘာသာပြန်ချင်တယ်ဆိုတော့ သိထားရမယ့် အမှန်တရားငါးခုရှိပါတယ်။ အဲဒါတွေကို ကိုယ်က သိနားလည်ထားပြီဆိုရင်တော့ အပြင်လောက မှာ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်တိုင်သတိထားဆင်ခြင်နိုင်မှာပါ။
၁။ ကိုယ်ဟန်အမူအရာက မပြောင်းမလဲအမြဲဖြစ်နေတဲ့အရာ။
လူဆိုတာ အမြဲစကားပြောဆိုဆက်ဆံနေရတဲ့အမျိုးပါ။ ဘယ်လိုပဲဖြစ်စေ ကိုယ့်ရဲ့ ကိုယ်နေဟန်ထား၊ မျက်နှာထား၊ အဝတ်အစားပုံစံ စတာတွေက တစ်စုံတစ်ခုကို အမြဲဖော်ပြ နေပါတယ်။ ဘယ်လောက်ပဲ မလုပ်ချင်ဘူးဆိုဆို လူရှေ့သူရှေ့ထွက်လိုက်တာနဲ့ ကိုယ့်ပုံစံကို၊ ကိုယ့်ရဲ့ကိုယ်ဟန်အမူအရာကို "ဖတ်" ခံနေရပါပြီ။ ဘယ်လိုမှ ရှောင်လွှဲလို့ မရပါဘူး။ ဒါကြောင့် ဒီအမှန်တရားကို ရင်ဆိုင်ပါ၊ ထိန်းချုပ်ပါ။
၂။ ကိုယ်ဟန်အမူအရာဆိုတာ ဆက်စပ်စဉ်းစားရမယ့်အကြောင်းအရာပါ။
ဘားမှာသူငယ်ချင်းတွေနဲ့ တွေ့တုန်းပြောဆိုဆက်ဆံတဲ့ ပုံစံအနေအထားမျိုးကုမ္ပဏီညစာစားပွဲမှာ အများသူငှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံလို့မရသလိုပါပဲ၊ ကိုယ်ရောက်ရှိနေတဲ့ အခြေအနေအပေါ်လိုက်ပြီး လူမှုရေးစည်းမျဉ်းစည်းကမ်းတွေ၊ ကာလဒေသအလိုက်ယဉ်ကျေးမှုထုံးတမ်းတွေ၊ လူ့အသိုက်အဝန်းရဲ့မျှော်လင့်ချက်တွေက အဲဒီနေရာဒေသအတွက် ကိုယ်ဘယ်လိုပြုမူ ပြောဆိုဆက်ဆံနေထိုင်ရမလဲ၊ မနေထိုင်ရဘူးလဲဆိုတဲ့အပေါ်ကို အများကြီးသက်ရောက်မှုရှိစေပါတယ်။
ဒီလိုပြောလို့ ကိုယ်ဘယ်သူလဲဆိုတဲ့ ကိုယ့်ပုံစံကိုကိုယ်ရောက်တဲ့နေရာအပေါ်လိုက်ပြီး အမြဲပြောင်းနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ လူဝင်ဆံ့အောင်တော့၊ နေရာဒေသနဲ့ လိုက်လျောညီထွေ သူ့နေရာသူ့အထာနဲ့ ဖြစ်အောင်၊ လူ့ကန့်လန့်ကြီးဖြစ်မနေအောင်တော့ အလိုက်တသိပြုလွယ် ပြောင်းလွယ်နေတတ်ဖို့လိုပါတယ်။
၃။ ကိုယ်ဟန်အမူအရာ အချက်ပြတစ်ခုတည်းကိုကြည့်ပြီးပုံသေဆုံးဖြတ်လို့တော့မရပါဘူး။
တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုဆက်သွယ်နေတုန်း ကိုယ်ဟန်အမူအရာပေါင်း၊ မျက်နှာထားပေါင်းထောင်နဲ့ချီပြီး ပြောင်းလဲပြုမူနေတာဖြစ်လို့ ကိုယ်ကြားဖူးနားဝရှိတာတစ်ခုခုကိုမြင်တာနဲ့ ဒီအတိုင်းပဲဖြစ်ရမယ်လို့ တထစ်ချသတ်မှတ်လို့မရပါဘူး။ စကားပြောနေတုန်း ပါးစပ်ကိုလက်နဲ့ကာထားရင် တစ်ခုခုကိုဖုံးထား၊ လိမ်ညာထားတယ်လို့ အကြမ်းဖျင်းသိထားတယ်ဆိုပါစို့။ ကိုယ်နဲ့စကားပြောရင်း တစ်ဖက်လူက အဲဒီလိုလုပ်လိုက်တာနဲ့ သူလိမ်ပြီလို့မှတ်လို့မရပါဘူး။
ပါးစပ်ထဲတစ်ခုခုဝါးနေလို့ ယဉ်ကျေးတဲ့အနေနဲ့ ပါးစပ် ကိုအုပ်ထားပြီး ပြန်ဖြေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်လူနဲ့စကားပြောရင်း အချက်ပြအမျိုးမျိုးကိုလေ့လာကြည့်ရင်း ကိုယ့်ခံစားမှုနဲ့အတွေးကိုအထောက်အကူပြုမယ့်အချက်ပြများ အကြိမ်ကြိမ်တွေ့ရှိတော့မှသာ ကိုယ့်ထင်မြင်ယူဆချက်က မှန်တယ်လို့ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။
၄။ ကိုယ်ဟန်အမူအရာက လူတစ်ယောက်ရဲ့ ပြောစကားနဲ့ သူ့ယုံကြည်ချက်ရှေ့နောက်မညီတာတွေကို လှစ်ဟပြနိုင်တယ်။
လူတစ်ယောက်ရဲ့ အဓိကပေးချင်တဲ့သတင်းစကားကို အပြည့်အဝရဖို့ဆိုရင် သူ့နှုတ်ထွက်စကား၊ ကိုယ်ဟန်အမူအရာမျက်နှာအနေထားနဲ့ လေသံအနိမ့်အမြင့်၊ ဟန်၊ အမြန်နှုန်း၊ အသံအတိုးအကျယ် စသဖြင့် အားလုံးကို အပြည့်အဝနားထောင်နိုင်မှဖြစ်ပါမယ်။ တစ်ဖက်သားက အမှန်အတိုင်းပြောနေတယ်ဆိုရင် သူ့စကားနဲ့ ကိုယ်ဟန်အမူအရာက တစ်ထပ်တည်းကျနေပါလိမ့်မယ်။ ဒီလိုလူမျိုးကို ယုံရမယ်။ တချို့ကျတော့လည်း ပြောစကားနဲ့ ကိုယ်ဟန်အမူအရာ တစ်ထပ်တည်းမကျပါဘူး။ ဒီလိုလူမျိုးဆိုရင် သူ့စကားက သူပေးချင်တဲ့သတင်းစကား အပြည့်အဝမဟုတ်ပြန်ပါဘူး။
ဒီလိုဆိုတိုင်းလည်း ပြောစကားနဲ့ ကိုယ်ဟန်အမူအရာ တစ်ထပ်တည်းမကျသူတွေက လူလိမ်လူ ကောက်တွေမဟုတ်ပါဘူး။ ဘာကြောင့်ဆို သူတို့က တစ်ခါတစ်ရံ" အဖြူရောင်မုသား" သုံးနေတာဖြစ်နိုင်ပါတယ်။ မတတ်သာလို့သာလိမ်ရတဲ့ အခြေအနေမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ-အဘွားချက်တဲ့ဟင်းလေးက စားကောင်းလိုက်တာလို့ ပါးစပ်ကပြောပေမယ့် လူပုံက အတင်းကြိတ်မှတ်မျိုချနေရလို့ တွန့်လိမ်နေတာမျိုး၊ လူမှုရေးအရမဖြစ်မနေလိမ်ပြောရတာမျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
အတွေ့အကြုံရှိတဲ့လိမ်ပြောတတ်သူတွေကတော့ တစ်ခါတစ်ရံအပြူအမူနဲ့အပြောအဆို တစ်ထပ်တည်းကျအောင်လုပ်နိုင်တတ်ကြပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ တစ်ထပ်တည်းကျအောင် မပြုမူနိုင်ပြန်ပါဘူး။ တစ်ခါတစ်ရံ တစ်နေရာရာကလွတ်ထွက်သွားတဲ့ အချက်ပြတွေ ရှိနိုင်ပါတယ်။ ပြောစကားနဲ့ကိုယ်ဟန် အမူအရာက တစ် ထပ်တည်းမကျတာ၊ မျက်နှာနဲ့ ကိုယ်နေဟန်ထားက ခဏ ကလေးပျက်ယွင်းသွားပြီး ချက်ချင်းပြန်ထိန်းလိုက်နိုင်တာ၊ အသံကို မထိန်းနိုင်ဖြစ်သွားတာ၊ ကိုယ်ဟန်အနေအထား ရုတ်တရက်ပျက်သွားတာ၊ ဖျတ်ခနဲ မျက်နှာတင်သွား/မျက်နှာပျက်သွားတာ စတဲ့လွတ်ထွက်သွားတဲ့ အချက်ပြတွေ ရှိရင် အတွေ့အကြုံရှိတဲ့လိမ်ညာသူကိုလည်း သိနိုင်ပါတယ်။
၅။ ကိုယ်ဟန်အမူအရာနဲ့ပတ်သက်လို့ ကျွမ်းကျင်သွားရင် အသေးစားမျက်နှာအမူအရာ (အတွင်းစိတ်ကိုလျှပ်တစ်ပြက်လှစ်လပြမှု)ကိုဖမ်းနိုင်ပါတယ်။
လူတစ်ယောက်စကားပြောနေတုန်း ရုတ်တရက် ပွင့်အန်ထွက်လာတဲ့ အသေးစားမျက်နှာအမူအရာက ဖမ်းရအလွန်ခက်ပါတယ်။ စက္ကန့်ရဲ့လေးပုံတစ်ပုံလောက်မျှသော အချိန်မှာ လှစ်ခနဲပွင့်ထွက်လာတဲ့ အတွင်းစိတ်က ထိန်းချုပ်ရလွယ်တဲ့ မျက်နှာပေါ်မှာသာဖြစ်လေ့ရှိပြီး ချက်ချင်း ပြန်ထိန်းလိုက်တာကြောင့် လူတွေကတစ်ခါတစ်ရံမှာ အမှုမဲ့အမှတ်မဲ့သတိမထားမိတတ်ကြပါတယ်။ ကျွမ်းကျင်သူတွေတောင် ဒါမျိုးတွေသိဖို့ ထပ်ခါတလဲပြန်ပြီး ဗီဒီယိုမှတ်တမ်းတွေကြည့်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်စစချင်းမှာတော့ ကိုယ်ကဘာမှကိုမသိလိုက်တာ၊ အဓိပ္ပာယ်ကောက်လွဲတာတွေ ဖြစ်နိုင်ပါတယ်။