နိုင်ငံသားကောင်းဖြစ်ဖို့ ပိုအရေးကြီးတယ်

minbahtoo နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်မှု၊ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်မှုအကြောင်း ကျွန်တော်တို့စကားပြော ကြတဲ့အခါ များသောအားဖြင့် မဏ္ဍိုင်ကြီးတွေက အကြီးအမှူးတွေ၊ အုပ်ချုပ်သူတွေ၊ စီမံခန့်ခွဲသူတွေနဲ့ ခေါင်းဆောင်တွေအကြောင်း၊ ခေါင်းဆောင်မှု သဘောတရားတွေ၊ အရည်အချင်းတွေ၊ အင်္ဂါရပ်တွေ၊ လက်တွေ့ အကောင်အထည်ဖော်နေတဲ့ အတွေ့အကြုံတွေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာတွေအကြောင်းပဲ ပြောဖြစ်ကြတာ များပါတယ်။ ဒါပေမဲ့ လူတိုင်းနားလည်ပြီးသားကိစ္စတစ်ခုကိုတော့ များသောအားဖြင့် မပြောဖြစ်ကြဘဲ ကျန်ခဲ့လေ့ရှိပါတယ်။ ခေါင်းဆောင်မှု ဘာသာရပ်အခြေခံမှာပါရှိတဲ့ အရေးကြီးမှုအစီအစဉ်ကို ပြောရမယ်ဆိုရင် ပထမဆုံးက နောက်လိုက်ငယ်သားပါ။ ပြီးမှ ခေါင်းဆောင်လာတယ်။ နောက်ပြီးတော့မှ ဆက်သွယ် ဆက်ဆံရေးနဲ့ နောက်ပိတ်ဆုံးက ခေါင်းဆောင်မှုပေါ်ထွန်းလာစေတဲ့အခြေအနေဆိုတာ အားလုံးသိပြီးသားပါ။ ဒီအခြေခံအချက်လေးချက် မပြည့်စုံဘဲ ခေါင်းဆောင်မှုဆိုတာ ဖြစ်ကိုဖြစ်မလာနိုင်ပါဘူး။ ကျွန်တော် ငယ်စဉ်တုန်းက သင်တန်းကျောင်းတစ်ကျောင်းမှာ ခေါင်းဆောင်မှုဘာသာရပ်ကို စာတွေ့လက်တွေ့ ရက်သတ္တ တစ်ပတ်လောက် လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီမှာ နိုင်ငံခြားသားဆရာတစ်ဦးပြောလိုက်တာ အခုအထိ မှတ်မိနေပါသေးတယ်။ ''ခေါင်းဆောင်မှုဆိုတဲ့ ညီမျှခြင်းပုစ္ဆာတစ်ပုဒ်မှာ လက်အောက်ငယ်သားတွေအကြောင်း ထည့်မတွက်ခဲ့ဘူးဆိုရင် အဲဒါခေါင်းဆောင်မှု မဟုတ်ဘူး၊ စကားအားဖြင့်တောင် ခေါင်းဆောင်မှုပေးတယ်လို့ ပြောလို့မရတော့ဘူး။ အဲဒါ လက်တွေ့မဟုတ်သော တင်စားပြောဆိုချက်သာ ဖြစ်ပါလိမ့်မယ်''ဟူ၍ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်မှုအကြောင်းပြောချင်ရင် နိုင်ငံသားတွေအကြောင်း ထည့်မစဉ်းစားလို့ မရဘူးလို့ ပြောချင်တာပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတစ်ခုကို ဖြတ်ကျော်နေရတဲ့ ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်မှု အပိုင်းအပေါ် ဆွေးနွေးဝေဖန်သုံးသပ်ချက်တွေ အတော်များများကြားသိခဲ့ရပြီးသားဖြစ်လို့ ကျွန်တော်က ဘာမျှဖြည့်စွက်ထောက်ပြစရာ မရှိပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်မှုရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဒီညီမျှခြင်း ပုစ္ဆာမှာ နိုင်ငံသားတွေအပိုင်းက ပိုအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား ဆိုတာဘာလဲ၊ ဘယ်လိုအရည်အချင်းတွေ ရှိသင့်သလဲ၊ အဲဒီလိုအရည်အချင်းပြည့်မီတဲ့ နိုင်ငံသားတွေ ဖြစ်လာအောင် ဘယ်သူတွေက ဘယ်လိုလုပ်ပေးသင့်သလဲ။ ဒီလိုဆွေးနွေးဝေဖန်သုံးသပ်ချက်တွေက အခုအချိန်မှာ ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ''နိုင်ငံသားဖြစ်ခြင်းဆိုသည်မှာ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများနှင့် တာဝန်များကို တရားဝင်အပ်နှင်းခြင်းခံရသည့် အခြေအနေ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ရှုမြင်ခြင်း ခံရသည့် လူပုဂ္ဂိုလ်တစ်ဦးမှာ ရှိအပ်သည့် ဝိသေသလက္ခဏာပြည့်စုံသည့် အခြေအနေ၊ နိုင်ငံတော်အတွက် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသုံးဝင်မှု၊ လိုက်နာစောင့်ထိန်းမှုနှင့် တာဝန်ဝတ္တရားထမ်းဆောင်မှုတို့အတွက် လိုအပ်သည့်အပြုအမူဆိုင်ရာ အခြေအနေတို့ကိုဆိုသည်''လို့ Random House အင်္ဂလိပ်စာအဘိဓာန်မှာ ရေးထားတာတွေ့ရပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အရ နိုင်ငံသားဖြစ်တယ်ဆိုတာ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေ သာမက လူ့အဖွဲ့အစည်းက အပြည့်အဝယုံကြည်လက်ခံထားတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ပိုင်လက္ခဏာ လည်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားဖို့က လူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ တာဝန်၊ ကိုယ်ပိုင်လက္ခဏာတို့နဲ့ ပတ်သက်လို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထပ်တူမညီနိုင်ဘူးဆိုတာပါပဲ။ နိုင်ငံ အလိုက် ပြည်သူတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ချမှတ်ထားတဲ့ ပြည်သူ့ရေးရာမူဝါဒတွေအပေါ် မူ တည်ပြီး ကွဲပြားခြားနားနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံရေးအသွင်ကူးပြောင်းနေတဲ့ နိုင်ငံက နိုင်ငံ သားတစ်ဦးအနေနဲ့ ဒီမိုကရေစီနိုင်ငံသားဖြစ်ခြင်း စံတွေကို မျှော်မှန်းထားတယ်ဆိုရင် ဒါဟာ သဘာဝကျ တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဆိုရင် ဒီမိုကရေစီနိုင်ငံသားဖြစ်ခြင်းရဲ့ စံတွေက ဘာတွေလဲ။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပေးအပ်ထားတဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေနဲ့ ထိုက်တန်တယ်လို့ လက်ခံနိုင်ဖို့အတွက် နိုင်ငံသားတိုင်းမှာ ဒီမိုကရေစီရဲ့ တန်ဖိုးနဲ့ညီညွှတ်တဲ့ ဝိသေသလက္ခဏာတွေ၊ လုပ်ဆောင်ချက်တွေရှိကြောင်း ထုတ်ဖော်ပြသနိုင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ဘာသာကိုယ်အုပ်ချုပ်တဲ့ အဆောက်အအုံဖြစ်တာမို့ ဒီမိုကရေစီ နိုင်ငံ သားတွေဟာ ဒီမိုကရေစီတန်ဖိုးမြင့်မားအောင် အထောက်အပံ့ဖြစ်စေရမယ့်အပြင် ဒီမိုကရေစီလူနေမှုဘ၀ ရှင်သန်ဖို့အတွက် လိုအပ်တဲ့အပြုအမူတွေလည်း လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံသား ဖြစ် ခြင်းဟာ လူ့အဖွဲ့အစည်းကရော၊ ပြည်သူ့ရေးရာမူဝါဒအရရော လူတွေအားလုံးဟာ တန်းတူညီမျှ မွေးဖွား လာကြပြီး တန်းတူညီတူရပိုင်ခွင့်၊ တန်းတူညီတူအခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်အဖြစ် တန်းတူညီတူ ပါဝင်ခွင့်ရှိတယ်လို့ ခံယူကြရပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံသားဖြစ်ခြင်းဆိုတာဟာ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ကိုယ်ကျင့်တရားတန်ဖိုးတွေနဲ့ ဥပဒေမူဘောင်တို့အပေါ်မှာ အခြေခံဖန်တီးထားတဲ့ လူမှုရေးဆိုင်ရာ အယူအဆပဲ ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခြင်းနဲ့ပတ်သက်လို့ အနောက်တိုင်းဒီမိုကရေစီနိုင်ငံတွေမှာ သာဓကပြုစရာ ရှာဖွေတဲ့အခါမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းက စတင်ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် လူထု ပညာပေးရေးညီလာခံကို သွားတွေ့ရပါတယ်။ ဒီညီလာခံဟာ ၂၀၀၃ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပတာ ဖြစ်တော့ လတ်ဆတ်သော အသက်ဝင်မှုရှိနေတယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားပညာပေးရေးပဏာမ အစီ အစဉ်တွေကို အစိုးရမဟုတ်သော အကျိုးအမြတ်ရရှိရန်လည်း မဟုတ်သော အမေရိကန်အမျိုးသား ဖောင်ဒေးရှင်း မြောက်မြားစွာက ဆောင်ရွက်နေတာတွေ့ရပါတယ်။ ဒီဖောင်ဒေးရှင်းတွေက ပါဝင်မှုဖြင့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံသားဖြစ်ခြင်း အမျိုးသားညီလာခံတစ်ရပ်ကိုလည်း ကျင်းပခဲ့တာတွေ့ရပါတယ်။ ဒီညီလာခံတွေမှာ ဆွေးနွေးချက်တွေကို ယေဘုယျတင်ပြရမယ်ဆိုရင်တော့ ဒီမိုကရေစီရဲ့တန်ဖိုးကို ပြည်သူ့နီတိဘာသာရပ်အဖြစ် အခြေခံကျောင်းတွေမှာ ဘယ်လိုထိရောက်စွာ သင်ကြားကြသလဲ၊ နိုင်ငံသားဖြစ်လာရင် ဒီမိုကရေစီအင်စတီကျူးရှင်းတွေအကြောင်းနဲ့ ဒီမိုကရေစီအခြေခံ သဘောတရားတွေ နားလည်ထားဖို့လိုအပ်ပုံ၊ နိုင်ငံရေးဆိုင်ရာနဲ့ တခြားမူဝါဒဆိုင်ရာတွေအပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုရှိဖို့လိုအပ်ပုံ၊ ဒီမိုကရေစီအပေါ်ယုံကြည်မှုကို ရောင်ပြန်ဟပ်နေတဲ့ ပင်ကိုစိတ်ရင်းရှိဖို့ လူတိုင်းမှာ လိုအပ်ပုံတို့ကို ဆွေးနွေးဝေဖန်သုံးသပ်ကြတာ တွေ့ရပါတယ်။ သူတို့နိုင်ငံမှာတော့ ဒီမိုကရေစီနိုင်ငံသားဖြစ်ခြင်း အယူအဆဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့သဘောနဲ့ ဘာသာလဝါနေဖို့ မဟုတ်ပါဘူး။ ဒေသန္တရအဆင့်မှာပင် နိုးကြားတက်ကြွမှုရှိပြီး သက်ဆိုင်သူ တွေနဲ့ ထိတွေ့မှုရယူတဲ့ဘက်ကို ပိုပြီးတိမ်းညွှတ်တာ တွေ့ရပါတယ်။ ၁၉၉၅ ခုနှစ် အင်ဒီယားနားပြည်နယ် အထွေထွေညီလာခံမှာ ''ကောင်းမွန်သောနိုင်ငံသားဖြစ်ခြင်းအတွက် စရိုက်လက္ခဏာ ၁၃ ချက်ထုတ်ပြန်ခဲ့တာ တွေ့ရှိရပါတယ်။ အကျဉ်းချုပ်တင်ပြရမယ်ဆိုရင် ကောင်းမွန်သောနိုင်ငံသားဖြစ်ရန် ၁။ ရိုးဖြောင့်မှုနဲ့ တည်ကြည်မှုရှိပါ။ ၂။ တခြားလူတွေရဲ့ လုပ်ပိုင်ခွင့်ကိုလေးစားပါ။ ၃။ တခြားလူတွေရဲ့ ပိုင်ဆိုင်မှုကိုလေးစားပါ။ ၄။ ကိုယ့်အရေးကိစ္စသာ ကိုယ်အကောင်းဆုံးဆောင်ရွက်ပါ။ ၅။ သတင်းအချက်အလက်နဲ့ မူပိုင်ခွင့်အပါအဝင်ခိုးယူခြင်းမပြုပါနဲ့။ ၆။ ပဋိပက္ခများကိုအကြမ်းနည်းဖြင့် ဖြေရှင်းခြင်းမလုပ်ပါနဲ့။ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းစွာနေနိုင်သော စွမ်းရည်ရှိပါစေ။ ၇။ မိမိမိသားစုနဲ့ မိမိအသိုက်အဝန်းတို့က စောင့်ထိန်းမှုရှိဖို့ မိမိကိုယ်တိုင်က တာဝန်ယူပါ။ ၈။ မိမိရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ကိုယ်တိုင်တာဝန်ယူပါ။ ၉။ တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ကိုယ်ချင်းစာစိတ်နဲ့ ထိတွေ့ဆက်ဆံပါ။ ၁၀။ နိုင်ငံတော်အလံဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို လေးစားပါ။ ၁၁။ မိဘတွေနဲ့မိသားစုဝင်တွေကို လေးစားမှုရှိပါ။ ၁၂။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ။ ၁၃။ လူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ တခြားသူတို့ရဲ့အမြင် တခြားသူတို့ရဲ့ ဘာသာရေးယုံကြည်မှုကို လေးစားမှုရှိပါဟူ၍ ဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းရဲ့ တာဝန်ယူရမှုအပေါ် အလေးအနက်ထားတဲ့အချက်တွေဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ နိုင်ငံသားတွေမှာ ဒီလိုတာဝန်တွေရှိနေတာ ကျွန်တော်တို့အတွက် နည်းနည်းထူးခြားတယ်လို့ ခံစားကောင်း ခံစားနိုင်ပေမဲ့ သူတို့အတွက်ကတော့ ဒါကိုအားလုံးက လက်ခံနိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မူလတန်းပညာပြီးမြောက်ချိန်ကတည်း က နိုင်ငံသားစရိုက်လက္ခဏာခြောက်ရပ်ကို သင်ကြားတတ်မြောက်ခဲ့ကြ ရတာဖြစ်တဲ့အတွက်လို့ ယူဆပါတယ်။ စရိုက်လက္ခဏာခြောက်ချက်မှာတော့ မိမိကျောင်း၊ အသိုက်အဝန်းနဲ့ ကမ္ဘာကြီးကို ပိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်အောင် ကျရာတာဝန်ယူဖို့၊ မိမိပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေ တော်တည့်မှန်ကန်ဖို့ တာဝန်ယူဖို့၊ လူ့အသိုက်အဝန်းအတွက် ဝန်ဆောင်မှုပေးရာမှာ၊ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရာမှာ ပါဝင်ကူညီဖို့၊ ကောင်းမွန်တဲ့သူငယ်ချင်း အိမ်နီးနားချင်းဖြစ်ဖို့၊ တခြားလူတွေအတွက် လေးစားဂုဏ်ယူတတ်တဲ့စိတ်ထားရှိဖို့၊ မိသားစုစည်းကမ်း ကျောင်းစည်းကမ်းနဲ့ လူ့အဖွဲ့အစည်း စည်းကမ်းတွေကို လိုက်နာဖို့တို့ဖြစ်ပါတယ်။ ဒါကမူလတန်းအဆင့် နိုင်ငံသားပညာရေးဖြစ်ပြီး အထက်တန်း အဆင့်မှာတော့ လူ့အခွင့်အရေးကိစ္စတွေ၊ တစ်နည်းနည်းပါဝင်ပတ်သက်ခြင်းအတွက် တာဝန်ရှိမှုတွေ၊ နိုင်ငံရေးအင်စတီကျူးရှင်းဆိုင်ရာတွေနဲ့ ဒီမိုကရေစီရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ သည်းခံစိတ်ရှိခြင်း တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိခြင်းစတဲ့ ပင်ကိုစိတ်ဓာတ်အခံ ကောင်းမွန်ရေးအတွက် အလေးပေးထားကြောင်း တွေ့ရပါတယ်။ ဒီစရိုက်လက္ခဏာတွေဟာ အများအကျိုးနဲ့ယှဉ်လာပြီဆိုရင် သူ့အကျိုးကိုယ့်အကျိုးတွေကို စွန့်လွှတ်နိုင်စွမ်းရှိဖို့ အသင့်ဖြစ်စေခဲ့တယ်။ ဒါဟာနိုင်ငံတစ်ခုမှာ ပေါင်းစည်း စွမ်းအင်ပေါ်ထွန်းလာစေချင်တယ်ဆိုရင် ပြည့်စုံရမယ့်အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည် ထောင်စုရဲ့ ပြည်သူ့ရေးရာမူဝါဒတွေဟာ အခုလိုရှင်းလင်းတိကျတဲ့ နိုင်ငံသားပညာပေးရေး ပဏာမခြေလှမ်း တွေကတစ်ဆင့် နိုင်ငံသားအများစုရဲ့ ရပ်တည်ချက်တွေနဲ့ အပြုအမူတွေအပေါ်မှာ များစွာသြဇာသက်ရောက်မှုရှိ နေပြီ ဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့ခေါင်းဆောင်တွေ ဘယ်လိုပဲပြောင်းပြောင်း သူ့နိုင်ငံသားတွေကောင်းနေသမျှ တော့ သူ့နိုင်ငံက ဖွံ့ဖြိုးတိုးတက်နေမှာ၊ သာယာဝပြောနေမှာ အသေအချာပါပဲ။ ဒါကြောင့် ခေါင်းဆောင်မှု ဘာသာရပ်မှာ ခေါင်းဆောင်ထက် နောက်လိုက်ငယ်သားက ပိုအရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံသားတွေ ဘာကြောင့်ကောင်းနေကြသလဲလို့ တစ်ဆင့်တက် စိစစ်လိုက်မယ်ဆိုရင်တော့ ရှေးအဆက်ဆက်က ကိုယ်ကျိုးမငဲ့ခဲ့တဲ့ ခေါင်းဆောင်တွေက အမြန်တိုတဲ့ဖြတ်လမ်းနည်းနဲ့ တစ်ဦးတစ်ဖွဲ့ ကောင်းစားရေး ရေတိုအလုပ်တွေ မလုပ်ခဲ့ကြဘဲ အမြော်အမြင်ကြီးကြီးနဲ့ တိုင်းပြည်ရဲ့ ရေရှည်အကျိုး စီးပွားအတွက် ပြည်သူ့ရေးရာမူဝါဒတွေကို ကောင်းမွန်မှန်ကန်စွာ ချမှတ်နိုင်ခဲ့ကြတာရယ်၊ နိုင်ငံသားတွေ ကိုယ်တိုင်က ဖောင်ဒေးရှင်းတွေတည်ထောင်ပြီး ဒီမိုကရေစီနိုင်ငံသားပညာပေးရေး ပျိုးဥယျာဉ်ကြီးတွေကို ဖန်တီးပေးထားနိုင်ခဲ့တာရယ်တို့ကြောင့် ဖြစ်လိမ့်မယ်လို့ တွေးဆမိပါတယ်။

မင်းဗထူး