Quest Diagnostics ကို တာဝန်ယူလုပ်ဆောင်နေရတဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ပြောင်းလဲမှုတွေ စတွေ့လာရပါတယ်။ ကျွန်တော်တို့အားလုံး စတွေ့လာရတဲ့ လက္ခဏာတွေကတော့ ကျွန်တော်တို့စီးပွားရေးမှာ မသိမသာနဲ့ ဖြည်းဖြည်းချင်းတိုးတက်လာတာကိုပါပဲ။ ကျွန်တော်လည်း အချိန်တော်တော်ကြာမယူဖြစ်တဲ့ ပထမဆုံး ခွင့်ရက်ရှည်ယူလိုက်တယ်။ ဇနီးရယ်၊ သားရယ်၊ သမီးရယ်နဲ့ မိသားစုခရီးထွက်မယ်ဆိုပြီးတော့ပေါ့။ အော်လန်ဒိုပြည်မှာ နွေဦးအချိန်ဖြုန်းမယ်ဆိုပြီး လေဆိပ်ကို စောစောလေးဆင်းလာမိပါတယ်။ လေဆိပ်ရောက်တော့ ကောင်တာမှာလက်မှတ်ပြ၊ လုံခြုံရေးဂိတ်တွေ ဖြတ်သန်းပြီး လေယာဉ်ရှိတဲ့ဂိတ်ကို သွားနေကြတုန်း ဗြုန်းခနဲလူတစ်ယောက်က ပြေးလာပြီး ''ခင်ဗျားက Ken Freeman မဟုတ်လား'' လို့ မေးလိုက်တယ်။
စာဖတ်သူတို့ စဉ်းစားကြည့်လေ။ ကျွန်တော့်ရဲ့ ၁၅ နှစ်သမီးနဲ့ ၁၂ နှစ်သားအတွက်တော့ အထင်ကြီးစရာပေါ့လေ။ ဒီလောက်ကြီးတဲ့ အော်လန်ဒိုလေဆိပ်ထဲမှာ သူစိမ်းတစ်ယောက်ကနေ ကိုယ့်အဖေကိုသိပြီး လာမေးနေတာကိုပါ။ ကျွန်တော်ကတော့ သတိထားပြီး ''ဟုတ်ပါတယ်ခင်ဗျာ'' လို့ ဖြေလိုက်တယ်။
အဲဒီနောက်မှာတော့ အဲဒီလူက ''ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ခင်ဗျားကို လွန်ခဲ့တဲ့တစ်လလောက်က ဖလော်ရီဒါမှာ တွေ့ဖူးတာဗျ။ ကျွန်တော်က Tampa ဓာတ်ခွဲခန်းကြီးမှာ ပစ္စည်းပို့သူ တစ်ယောက်ပါ။ မှတ်မှတ်ရရ ခင်ဗျားဦးဆောင်တဲ့ အစည်းအဝေးတစ်ခုကို လူကိုယ်တိုင်တက်ရောက်ခဲ့ဖူးပြီး ကျန်တာကတော့ ဖုန်းကနေတစ်ဆင့်၊ ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့်ပဲ ခင်ဗျားကို တွေ့ဖူးတာဗျ။ အဓိက သိစေချင်တာကတော့ ခင်ဗျားနောက်မှာ ကျွန်တော်ရှိနေတယ်ဆိုတာပါဗျာ။ ကျွန်တော်တို့အားလုံး ဒီကုမ္ပဏီကို ပြောင်းလဲတိုးတက်အောင် လုပ်ရမယ်ဗျ။ ခင်ဗျားရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်ပြီး ဂုဏ်ရှိတဲ့ လေးစားခံရတဲ့ ကုမ္ပဏီကြီးဖြစ်အောင် လုပ်ကြမယ်ဗျို့။ ကျွန်တော်ကတော့ အောက်ခြေဝန်ထမ်းအနေနဲ့ အကောင်းဆုံးပံ့ပိုးပါ့မယ်လို့ ကတိပေးပါတယ်။ ဒါနဲ့ဖြစ်နိုင်ရင် ကျွန်တော် မိသားစုနဲ့တွေ့ချင်တယ်ဗျာ'' ဟု ပြောရင်း မေတ္တာရပ်ခံလာပါတယ်။
ဒါနဲ့ ကျွန်တော်တို့လည်း ကျွန်တော့်မိသားစုနဲ့ သူ့မိသားစုကို မိတ်ဆက်ကြရင်း နောက်ထပ်ငါးမိနစ် ဆယ်မိနစ်လောက် စကားစမြည်ပြောရင်း လမ်းခွဲခဲ့ကြတယ်။ အဆုံးမှာတော့ မိတ်ဆွေဟောင်းတွေလို နှုတ်ဆက်ခွဲခွာကြတယ်။ အဓိက ကျွန်တော်ကျေနပ်မိတာက ကိုယ့်ကလေးနှစ်ယောက်အတွက် အမှတ်တရလေး ဖြစ်စေမိတာကိုပါပဲ။ အဲဒီမိသားစုထွက်သွားတာနဲ့ ကလေးတွေက အံ့သြကြီးစွာနဲ့ ''အဖေရေ စီးပွားရေးလုပ်တယ်ဆိုတာ ဒီလိုပါလား'' လို့ မေးကြတယ်။ အဲဒါနဲ့ ကျွန်တော်က ''ကလေးတို့ရေ စီးပွားရေးလုပ်ရာမှာ ပုံစံအမျိုးမျိုးရှိတတ်ကြတယ်။ ဒါပေမဲ့ အခုကိစ္စမှာတော့ သင်ခန်းစာကောင်းကောင်းတစ်ခု ရလိုက်တယ်။ အံ့သြစရာ ကောင်းတာကလည်း ဘယ်လိုမှ မထင်မှတ်တဲ့နေရာမှာ ဒီလိုတွေ့ဆုံခြင်းပဲလေ။ အဖေ့အနေနဲ့ တုံ့ပြန်လို့ရတဲ့ နောက်တစ်နည်းက ''ခင်ဗျားဘယ်သူလဲဗျ။ ကျွန်တော် မသိဘူး'' ဆိုပြီး မဆက်ဆံလို့ရတယ်။ ''ကျွန်တော်က အခုမိသားစုနဲ့ အပန်းဖြေခရီးထွက်လာတာဆိုတော့ အလုပ်နဲ့ပတ်သက်ရင် ဘာမှမဆွေးနွေးချင်ဘူး။ မသိချင်ဘူးလို့'' တုံ့ပြန်လို့ရတယ်။ ဒါပေမဲ့ အဖေက နွေးနွေးထွေးထွေးနဲ့ အဲဒီဝန်ထမ်းကို တုံ့ပြန်လိုက်တဲ့ရလဒ် မင်းတို့တွေ့တယ်နော်'' လို့မေးလိုက်ပါတယ်။ အဲဒီမှာ ကျွန်တော့်မိသားစုဝင်တွေက ''သားနဲ့သမီးကို တွေ့လိုက်ရ တာက လူနှစ်ယောက်ရင်းရင်းနှီးနှီး လေးလေးစားစားနဲ့ အပြန်အလှန် ဆက်ဆံနေတာပါ''လို့ ဖြေပါတယ်။ အဲဒီမှာ ကျွန်တော်က ''အဲဒါက သင်ခန်းစာကောင်းပဲ ကလေးတို့ရေ။ အထူးသဖြင့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာကတော့ လွယ်လွယ်လေးပါပဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ၂၄ နာရီ တစ်ရက်၊ ခုနစ်ရက် တစ်ပတ်လုံး ဘယ်သူလဲဆိုတာ အမြဲတမ်း သတိပြုနေရမှာဖြစ်တယ်'' လို့ အဆုံးသတ်လိုက်ပါတယ်။
အဲဒီလို မမျှော်လင့်ဘဲ အမှတ်မထင် တွေ့ဆုံမှုလေးဟာ ကျွန်တော့်အတွက်တော့ မထင်မှတ်ဘဲ အရေးကြီးလှပါတယ်။ တစ်နေ့တာ တစ်နေ့တာမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပုံသေနည်းပုံစံခွက်တွင်းထဲမှာ တွေ့ဆုံခြင်းထက် ပိုထိရောက်မှုရှိပါတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို အမှတ်မထင်တွေ့ဆုံမှုကနေတစ်ဆင့် အဲဒီလူအတွက် မှတ်မှတ်ထင်ထင်ဖြစ်စေပြီး ကျွန်တော့်အပေါ် ထားရှိတဲ့သဘောထားအမြင်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ခေါင်းဆောင်ကို ဓမ္မဓိဋ္ဌာန်ကျတဲ့ လူသားဆန်စေချင်တာ သဘာဝပဲလေ။
ခေါင်းဆောင်တိုင်းကတော့ စံတွေ၊ ပုံစံတွေ၊ အပြုအမူတွေနဲ့ပတ်သက်ပြီး ပြောဆိုတတ်ကြတယ်။ အဲဒါမှလည်း ခိုင်မာတဲ့အဖွဲ့အစည်းတွေ ဖြစ်လာနိုင်မှာပါ။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ အဲဒီလိုအမှတ်မထင် တွေ့ဆုံကြုံကြိုက်တဲ့အချိန်မျိုးမှာ ဥပမာ- ကိုယ့် မိသားစုကို အော်ငေါက်နေတာမျိုး၊ ဒါမှမဟုတ် လေဆိပ်တွေမှာ တွေ့ကြုံနေကျအတိုင်း ပြဿနာတစ်ခု ရှင်းနေတာမျိုးကြုံနေရင် ခုနလိုဝန်ထမ်းမျိုးက ဘယ်လိုတုံ့ပြန်မလဲ၊ ဒါမှမဟုတ် သူ့အနေနဲ့ ''ငါတို့ခေါင်းဆောင်က ပြောတဲ့အတိုင်း သူ့ရဲ့စံတွေကို ထိန်းတဲ့သူ မဟုတ်ဘူး'' လို့ ထင်သွားလိမ့်မယ်။
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ခုန လေဆိပ်မှာ တွေ့လိုက်ရတဲ့ဝန်ထမ်းဟာ တိတ်တိတ်မနေဘဲ သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးကို သူ့ဓာတ်ခွဲခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ''သူငယ်ချင်းတို့၊ ငါတို့ရဲ့ခေါင်းဆောင် Ken နဲ့ သူ့မိသားစုကို လေဆိပ်မှာ တွေ့မိတယ်။ သိပ်ဖော်ရွေတဲ့မိသားစုလေးပဲ။ ငါတို့ကုမ္ပဏီပေါ်လည်း သံယောဇဉ်ရှိတယ်။ ငါလည်း ကြွားကြွားလေး ပြောလိုက်တယ်။ ကုမ္ပဏီ အမြတ်ရရှိ အောင်မြင်အောင်က Ken ရဲ့ ဘက်မှာရှိနေတယ်လို့။ အဲဒါကြောင့် သူငယ်ချင်းတို့ Ken ကို သိက္ခာမကျစေနဲ့။ ကုမ္ပဏီကိုလည်း မထိခိုက်စေနဲ့လို့ ပြန်လည်ဖောက်သည်ချနေပါတယ်။ အဲဒီလူရဲ့ ဌာနလေးကနေတစ်ဆင့် သူတို့ရုံးတစ်ခုလုံး အဲဒီသတင်း ပျံ့နှံ့သွားတော့ပါတယ်။
တစ်ခါတလေ တစ်စုံတစ်ယောက်နဲ့ တဒင်္ဂ တွေ့ဆုံဖို့ ဆန္ဒရှိချင်မှရှိပေမယ့် ခေါင်းဆောင်တစ်ယောက်အတွက်တော့ အဲဒီလိုအခွင့်အရေးမျိုးရဲ့ နောက်ဆက်တွဲရလဒ်ကောင်းတွေ ကြုံတွေ့တတ်ပါတယ်။ အဲဒီလို အမှတ်မထင် တွေ့ဆုံမှုနဲ့နောက်မှာ ခေါင်းဆောင်မှုကို အကျိုးရှိစေတဲ့ အတွေ့အကြုံ၊ ဗဟုသုတ ဖန်တီးစေတတ်ပါတယ်။
မှတ်သားဖို့ရာ . . .
၁။ အမှတ်မထင် တွေ့ဆုံမှုတွေကနေတစ်ဆင့် ခေါင်းဆောင်တစ်ယောက်ရဲ့ပြုမူဆက်ဆံပုံနဲ့ ယုံကြည်မှုဓလေ့ကို ထင်ဟပ်စေတတ်တဲ့ အခွင့်အရေးမျိုး ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ခေါင်းဆောင်ကို လူသားဆန်စေချင်တဲ့အတွက် အဲဒီလို အမှတ်မထင်တွေ့ဆုံမှုကတစ်ဆင့် ဝန်ထမ်းတွေဟာ ခေါင်းဆောင်နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေ ဖြစ်စေတတ်ပါတယ်။
၂။ ခေါင်းဆောင်တိုင်း ၂၄ နာရီတစ်ရက်၊ ခုနစ်ရက် တစ်ပတ်လုံး အလုပ်အရ တွေ့တာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရ တွေ့တာပဲဖြစ်ဖြစ် ခေါင်းဆောင်မှုအရည်အချင်းနဲ့ ပြုမူဆက်ဆံပုံ တစ်သမတ်တည်း ရှိနေသင့်ပါတယ်။
၃။ ခေါင်းဆောင်တိုင်း သိသင့်တဲ့အချက်တစ်ချက်ကတော့ အဲဒီလိုအမှတ်မထင် တွေ့ဆုံမှုတွေဟာ ပိုတန်ဖိုးရှိတတ်ပြီး ကိုယ့်ရဲ့ခေါင်းဆောင်မှုအရည်အချင်း၊ အကောင်း၊ အဆိုးကို ထင်ဟပ်စေတတ်ပါတယ်။
KKR & Co. L.P. (Kohlberg Kravis Roberts & Co.) ဟာ Leverage Buyouts လုပ်ငန်းကို အဓိကလုပ်ကိုင်နေတဲ့ အမေရိကန် Multination Private Equity လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းရဲ့ ရုံးချူပ်က New York မှာရှိပြီး ပုဂ္ဂလိကလုပ်ငန်းအသေးတွေကို ထောက်ပံ့ပေးတဲ့အပြင် စီမံခန့်ခွဲမှုတွေကိုပါ လုပ်ဆောင်ပေးနေပါတယ်။ ဒီလုပ်ငန်းဟာ Leverage Buyouts Industry ရဲ့ စွန့်ဦးတည်ထောင် လုပ်ငန်းဖြစ်တဲ့အလျောက် လုပ်ငန်းစစချင်းမှာပဲ ဘီလီယံဒေါ်လာ ၄၀၀ ကျော် ရရှိခဲ့ပါတယ်။
ဒီလုပ်ငန်းကိုတော့ Jerome Kohberg နှင့် သူ့ရဲ့ဝမ်းကွဲညီကိုတွေဖြစ်တဲ့ Henry Kravis ၊ George R.Roberts တို့က ၁၉၇၆ ခုနှစ်မှာ တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ တည်ထောင်သူသုံးယောက်လုံးဟာ Bear Stearns လုပ်ငန်းမှာ အတူတူအလုပ်လုပ်ခဲ့ကြပြီး ဒီအလုပ်ကနေ အစောဆုံး Leverage Buyouts ဆိုင်ရာအတွေ့ကြုံ တွေ့ကြုံရှိခဲ့သူတွေဖြစ်ပါတယ်။ KKR ကို စစတည်ထောင်ချင်းမှာပဲ သမိုင်းမှာအကြီးဆုံး Buyout အဖြစ် နာမည်ကြီးခဲ့တဲ့ RJR Nabisco အပါအဝင် လက်ရှိအကြီးဆုံး Buyout လုပ်ငန်းအဖြစ် နာမည်ကြီးနေတဲ့ စတဲ့ လုပ်ငန်းတွေနဲ့ နေရာယူနိုင်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်အစောပိုင်းမှာတော့ KKR ဟာ Leverage Buyouts ရဲ့ စွန့်ဦးတည်ထွင်လုပ်ငန်းအနေနဲ့ရော Private Equity Investor တွေများလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းအနေနဲ့ပါ နာမည်ကြီးလာခဲ့ပါတယ်။ ၁၉၇၇ ကတည်းက (၁၉၈၂ နှင့် ၁၉၉၀ မပါ) တစ်နှစ်ကို အနည်းဆုံးလုပ်ငန်းတစ်ခုနှုန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာအခုဆိုရင် KKR ဟာကုမ္ပဏီပေါင်း ၁၆၀ ကျော် မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး ဖြစ်ပါတယ်။
New York မှာရှိတဲ့ KKR ရုံးချုပ်အပြင် တခြား United States ၊ Europe နှင့် Asia တွေမှာလည်း ရုံးခွဲပေါင်း ၁၃ ခု ရှိပါတယ်။ KKR ဟာသူ့ရဲ့ ရှယ်ယာတွေကို New York Stock Exchange မှာ တင်ရောင်းဖို့ ၂၀၁၀ ပြည့်နှစ်၊ မတ်လ စာရင်းသွင်းခဲ့ပြီး အဲဒီနှစ် ဇူလိုင်လမှာ စပြီးအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
The Firm KKR
KKR လုပ်ငန်းကို Partner Manage တွေဖြစ်တဲ့ Henry Kravis ၊ George R. Roberts နှင့် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ပညာရှင် ၁၄၀ ဦးအပြင် အလုပ်သမားပေါင်း ၄၀၀ ကျော်နှင့် လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ KKR ဟာ အဓိကအားဖြင့် Leverage Buyouts နှင့် Growth Capital Investment Industry (အများပိုင်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံခြင်း) တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အဲဒီထဲမှာမှ Sector အလိုက် ပြန်ခွဲပြီး ကြည့်မယ်ဆိုရင် ဒီလုပ်ငန်းကနေ Focus လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ Industry ကိုးမျိုးရှိတာ တွေ့ရပါတယ်။ အဲဒီ Industry ကိုးမျိုးကတော့
၁။ Chemical
၂။ Consumer products
၃။ Energy & Natural resources
၄။ financial services
၅။ Health care
၆။ Industrial
၇။ Media and Commutations
၈။ Retail
၉။ Technology တို့ဖြစ်ပါတယ်။
KKR ရဲ့ Focus-Industry အသီးသီးမှာရှိတဲ့ ပညာရှင်တွေက Industry တစ်ခုချင်းမှာ ထိရောက်အောင် မြင်တဲ့တိုးတက်မှုတွေတွေ ဖန်းတီးပေးနေတာကြောင့် ရင်းနှီးမြှုပ်နှံသူ (Investor) တွေကို အခိုင်မာ ထိန်းသိမ်းထားနိုင်တယ်လို့သိရပါတယ်။
ဒေါက်တာသာထွန်းဦး