အဓိကအားဖြင့် မိမိရောင်းချသော ကုန်ပစ္စည်းကို ဝယ်သူတို့၏စိတ်တွင် စွဲမြဲမှတ်မိနေအောင် ဖန်တီးမှုများကို Branding ဟု သုံးနှုန်းသည်။ Branding သည် Marketing လုပ်ငန်းတွင်ပါဝင်ပြီး အမည်၊ ပုံရုပ်၊ တံဆိပ်၊ အသံ စသည်တို့ဖြင့် ထူးခြားမှတ်သားမိအောင် ဖန်တီးထားခြင်းဖြစ်သည်။
အချို့၏ Branding အောင်မြင်မှုမှာအတိုင်း တိုင်းအပြည်ပြည်အထိ ပျံ့နှံ့သည်။ ဥပမာ- Coca Cola ၊ Revlon ၊ Samsung စသည်တို့ ဖြစ်သည်။ ဝယ်သူများအနေဖြင့် ရွေးချယ်မှုလွယ်ကူသည်၊ စိတ်ချသည်။ နာမည်ကြီးတံဆိပ်ကို ဝယ်ယူသဖြင့် ဈေးအနည်းငယ် ပိုပေးရခြင်းကို ပြဿနာအဖြစ်မယူဆဘဲ အချို့ဆိုလျှင် နာမည်ကြီးပစ္စည်း ဝယ်ယူသုံးစွဲရခြင်းကို ဂုဏ်ယူကြသည်။ အမှန်မှာ ကုန်အမှတ်တံဆိပ်ထက် ဝယ်သူများစိတ်အထင်ပုံရိပ်က ပို၍အရေးကြီးသည်။ Brand ၏ အရေးပါမှုကြောင့် ဝယ်သူများ၏စိတ်ဘဝင်တွင် ငြိနေအောင် ကြိုးစားဖန်တီးအားထုတ်မှုမှာ Branding လုပ်ငန်းဖြစ်လာသည်။ Branding ၏ အောင်မြင်မှုကြောင့် Brand အချို့သည် နှစ်ပေါင်းများစွာ ကျော်ကြားခြင်းအကျိုးကို ခံစားရသည်။ Supermarket များတွင် ဝယ်ယူမှုကျယ်ပြန့်လာသောအခါ ရောင်းချဖြန့်ဖြူးသူများ၏ကဏ္ဍမှာ အားကောင်းလာသည်။ ထုတ်လုပ်သူများအတွက် အလေးထားရသောကိစ္စ ဖြစ်လာသည်။ Branding မှာ လုပ်ငန်းကြီး ဖြစ်လာသည်။
အထူးကျော်ကြားလာသော Brand တစ်ခုသည် ပစ္စည်းတစ်မျိုးတည်း ထုတ်လုပ်မှုအတွက်သာမက ပစ္စည်းအမျိုးမျိုးပါ Brand တစ်ခုအောက်တွင် ထုတ်လုပ်သည့်ဓလေ့ပါ ဖြစ်လာသည်။ ဥပမာ- Unilever ဆပ်ပြာတံဆိပ်ကို သုံး၍ ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လာခြင်းမျိုးဖြစ်သည်။ ဤသို့ Brand နာမည်တစ်ခုဖြင့် အမျိုးမျိုးထုတ်လုပ်ခြင်းကို Brand Stretching (အမှတ်တံဆိပ်ကို တိုးချဲ့ခြင်း)၊ Brand Extention (အမှတ်တံဆိပ်ကို ကျယ်ပြန့်ခြင်း) စသဖြင့် သတ်မှတ်သုံးစွဲလာသည်။ မြန်မာဈေးကွက်တွင်လည်း အလားတူဥပမာများ ရှိသည်။ ထုတ်လုပ်သူအမည်ကို မှီ၍ ထုတ်ကုန်၊ အထူးသဖြင့် စားသောက်ကုန်များ ကျော်ကြားသည်။ ဝယ်သူများက ရွေးချယ်ဝယ်ယူကြသည်။ ဆိုင်ဖွင့်သူများက ဆိုင်တင်ရောင်းချကြသည်။
Brand အကြံပေးပညာရှင်များသည် ဝယ်သူများ၏ခံစားမှု၊ စွဲလမ်းမှု စသည့် စိတ်လှုပ်ရှားတွယ်တာမှုတို့ကို ဖန်တီးကြသည်။ နာမည်ကျော်ကြားသူများကို Brand Ambassador အဖြစ် ရွေးချယ်သတ်မှတ်၍ ပြည်တွင်းပြည်ပခရီးစဉ်များ စီစဉ်ကြသည်။
အမှတ်တံဆိပ်၊ ပုံရိပ်ရှုခင်းဟု ဆိုနိုင်လောက်အောင်ပင် အောင်မြင်သောတံဆိပ်များမှာ ပစ္စည်းတစ်ခုမဟုတ်သော်လည်း တန်ဖိုးရှိသည်။ မိမိပိုင် နာမည်ရပြီးပစ္စည်းကို မိမိကိုယ်တိုင်မထုတ်လုပ်ဘဲ အခြားသူ၊ အခြားဒေသတွင်ပါ ထုတ်လုပ်လာကြသည်။ နာမည်တစ်ခုအောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်လာခြင်းကို ဝေဖန်မှုများလည်း ရှိလာသည်။ လူတို့၏ စိတ်ခံစားမှုနှင့်ဆက်နွှယ်နေခြင်း ဖြစ်သည့်အတွက် နာမည်ကြီး၍ ကြိုက်သကဲ့သို့ နာမည်ပျက်၍ ဆုံးရှုံးမှုများသည်လည်း ခံစားမှုကြောင့် ဖြစ်နိုင်သည်။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ဓ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)