မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လျှောက်လှမ်းနေသေးသည်

ယခုအချိန်အခါသည် ကျွန်တော်တို့နိုင်ငံအတွက် အရေးပါသော အသွင်ကူးပြောင်းကာလဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲလွန်ကာလနောက်ပိုင်း "ဒီမိုကရေစီ" ဆိုသည့် လမ်းကြောင်းပေါ် ချီတက်နေချိန်တွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ချီတက်ရန် လိုအပ်ပါသည်။ မိမိဖြစ်ချင်သောအရာ၊ လိုချင်သောကိစ္စများတွင် နိုင်ငံတကာစံနှုန်းမီ ဒီမိုကရေစီအမည်ခံ အသုံးပြုနေဆဲကိုတွေ့ရပြီး နိုင်ငံတကာစံနှုန်းနှင့်မညီသော အခြေအနေအချိန်အခါမျိုးတွင်မူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လျှောက်လှမ်းနေသေးသည်ကို တွေ့မြင်နေရပါသေးသည်။ နိုင်ငံရေးအခင်းအကျင်းတွင်သာ အထက်ပါပုံစံမျိုးကို တွေ့မြင်နေရသည်မဟုတ်ဘဲ စီးပွားရေးအသိုက်အဝန်းတွင်လည်း တွေ့မြင်နေရပါသည်။ ဥပမာအားဖြင့် ယခင်ခေတ်ကာလများက အရာရာတိုင်းတွင် 'ပွဲစား' ၊ 'လက်ဖက်ရည်ဖိုး' စသည်တို့၏ အခန်းကဏ္ဍမပါရှိပါက မိမိ၏ကိစ္စရပ်ပြီးစီးရန် မလွယ်ကူသကဲ့သို့ လက်ဖက်ရည်ဖိုး မဆောင်မ ပါက လိုရင်းမရောက်ဘဲ ဖြစ်နေတတ်သည်။ ယခင်က 'ပါမစ်' ခေတ်ရှိခဲ့ရာ ပါမစ်တစ်ခုခုရယူရန်အတွက် အဆင့်ဆင့်ပေးကမ်းဆောင်ရွက်ခဲ့သဖြင့် ကုန်ပစ္စည်းတစ်ခုသည် မလိုလားအပ်ဘဲ မူလတန်ဖိုးထက် အဆများစွာမြင့်မားလျက် နောက်ဆုံးအမှန်တကယ်သုံးစွဲသူ နိုင်ငံသူနိုင်ငံသားများ နစ်နာခဲ့ရပါသည်။ ဤနေရာတွင် စီးပွားရေးအဖွဲ့အစည်းများကို ဦးဆောင်နေသူများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလှသည်။ ခေါင်းဆောင်တို့၏ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ပေါ်မူတည်၍ မန်နေဂျာအဆင့်ဆင့်နှင့် ဝန်ထမ်းများ၏ ပြုမူဆက်ဆံပုံ၊ တစ်နည်းအားဖြင့် အဖွဲ့အစည်း၏ ဓလေ့ထုံးစံ (Culture) ကို တွေ့မြင်နိုင်ပါသည်။ ယခုအချိန်အခါတွင် စီးပွားရေးခေါင်းဆောင်တို့၏ အမြော်အမြင်ရှိမှု (Vision) ၊ ဆောင်ရွက်မှုအဆင့်ဆင့် (Mission & Strategy) ၊ ဖွဲ့စည်းပုံ (Structure) နှင့် တာဝန်ယူတတ်မှု (Responsibility) အရေးပါလှပါသည်။ မိမိအဖွဲ့အစည်းငွေကြေး အမြတ်အစွန်းရရှိရန်၊ လူအများစု အထင်ကြီးရန် လုပ်ဆောင်ခြင်းတို့ထက် ရေရှည်တွေင် နာမည်ကောင်း (Integrity) ရှိအောင် ပြင်ဆင်လုပ်ကိုင်ရန် လိုအပ်ပေသည်။ သို့မှသာ နိုင်ငံတကာစံနှုန်းနှင့်အညီ ပြိုင်ဆိုင်နိုင်သည့် ခိုင်ခံ့သည့် စီးပွားရေးအုပ်စုကြီးများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ....