Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲကို Capacity Media က ကြီးမှူးပြီး နေပြည်တော်ရှိ MICC 2 တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၆ ရက်အထိ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားတဲ့ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းတွေက လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရဌာနအသီးသီးမှ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲကို မြန်မာနိုင်ငံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြန်မာ့တယ်လီကွန်းဈေးကွက်ရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်တယ်လီကွန်းဈေးကွက်ရဲ့ အခြေအနေတို့အပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါတယ်။ Myanmar Connect ပွဲ ကျင်းပတာက မြန်မာ့တယ်လီကွန်းနည်းပညာကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာနဲ့ ပတ်သက်ပြီး တက်ရောက်လာသူတွေထဲက အချို့ကို အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးချစ်ထွန်းဖေ
Consulting Director
Deloitte Consulting Myanmar Ltd
Telecommunication ကဏ္ဍမှာ မနှစ်ကနဲ့ ဒီနှစ်ရဲ့ အဓိကကွာခြားချက်တွေ. . .
အဓိကအနေနဲ့ Infrastructure ကဏ္ဍမှာဆိုရင် တာဝါတွေ အများကြီးတိုးတက်လာတာကို တွေ့ရပါတယ်။ MPT ကိုကြည့်ရင်ပဲ ရှိပြီးသားတွေတင်မကဘဲ အသစ်တွေထပ်လုပ်လာတယ်။ တာဝါတွေ ပိုဆောက်လာတဲ့ အခါကျတော့ Infrasturcture ကဏ္ဍက ပိုပြီးတိုးတက်လာပါတယ်။ ပိုပြီးအရေးကြီးတာက ဒီနှစ်မှာ Infrasturcture တွေတင်မကဘဲ နိုင်ငံတကာကို ချိတ်ဆက်တဲ့ Gateway တွေ တည်ဆောက်ဖို့အတွက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လောလောဆယ်မှာ အရင်ကရှိတဲ့ တာဝါတွေထက် အရေအတွက် ပိုများလာပေမဲ့ Infrasturcture ကဏ္ဍမှာ တစ်ခုခုက Fail ဖြစ်ခဲ့ရင် နောက်တစ်ခုကို Fail-over လုပ်သွားနိုင်တဲ့ Redundant လို့ခေါ်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ နိုင်ငံခြားမှာတော့ ဒီအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ဧရိယာများများတော့ ရှိလာပြီ။ ဒါပေမဲ့ တကယ်ကို ခိုင်ခံ့တဲ့၊ အမှားခံနိုင်တာမျိုးတော့ မဖြစ်သေးပါဘူး။ အဲဒီအဆင့်ကို ရောက်ဖို့အတွက်ကို ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက်ဖို့ လိုပါသေးတယ်။ ဒါအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ International Gateway တွေ၊ Sigle Point of Failure လို့ခေါ်တဲ့ တစ်နေရာကကျသွားရင် အင်တာနက်ပြုတ်သွားတာမျိုး မဖြစ်စေနိုင်တဲ့ Multiple Point စတာတွေနဲ့ အဖက်ဖက်က ချိတ်ဆက်ပြီးတော့ အင်တာနက်က ပိုပြီးမြန်ဆန်မယ်၊ Reliable ဖြစ်မယ်၊ အကြမ်းခံနိုင်မယ်ဆိုတဲ့ အဆင့်ဖြစ်ဖို့ကိုတော့ ဆက်ပြီးလုပ်ဖို့ လိုသေးတယ်လို့ မြင်ပါတယ်။ အခြေခံအနေနဲ့တော့ More Coverage ၊ More Tower ၊ More Cell Site ဒါတွေကတော့ ကျွန်တော်တို့ဆီမှာ ရှိပြီလို့ ယူဆပါတယ်။
Myanmar Connect 2015 ပွဲအပေါ်သုံးသပ်ချက်. . .
ဒီနှစ်ပွဲကို တက်ရောက်လာတဲ့သူတွေ မနည်းဖူးဆိုပေမဲ့ မနှစ်ကထက်စာရင်တော့ နည်းသွားတယ်လို့ ယူဆပါတယ်။ မနှစ်ကထက်ထူးခြားတာက Walk In ကုမ္ပဏီတွေ၊ ကုမ္ပဏီငယ်လေးတွေတော့ တော်တော်များများလာတာကြောင့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကုမ္ပဏီသစ်တိုးပွားရေးဆိုတာလည်း အထမြောက်ခဲ့တယ်။ ကျွန်တော့်အမြင် ဒီပွဲက လူတွေတော်တော်လေး စိတ်ဝင်စားတဲ့ပွဲလို့ ပြောလို့ရပါတယ်။
ဒီပွဲကနေ ပြည်တွင်းက Startup တွေအတွက် အကျိုးရှိနိုင်တာတွေ. . .
လက်ရှိမှာ အနေအထားတွေအရ Startup တွေအနေနဲ့ လုပ်နိုင်မယ့်အနေအထားကို ရောက်လာပြီလို့ မြင်ပါတယ်။ ဘာလို့လဲဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်၊ ဆယ့်ငါးနှစ်က Startup တွေအတွက် အင်တာနက်မရှိဘူး၊ မီးမရှိဘူး၊ ကုန်ကျစရိတ်ပိုင်းတွေဖြစ်တဲ့ ကွန်ပျူတာတွေက ဈေးကြီးတယ်၊ Software တွေကမရှိဘူး စသဖြင့် အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းမှာတော့ အင်တာနက်ကလည်း အရင်ကထက် ပိုမြန်လာတယ်။ အင်တာနက်ကတစ်ဆင့် ဝန်ဆောင်မှုပေးနိုင်တာတွေလည်း များလာတဲ့အတွက် နည်းပညာပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးပေါ်လာမယ်လို့ မြင်ပါတယ်။ ဒီပွဲမှာ Startup တွေက သူတို့ရဲ့ Show-case လို့ခေါ်တဲ့ ဖန်တီးမှုတွေကိုလည်း ပြခဲ့ပါတယ်။ Panel မှာလည်း Startup တွေကို ဖိတ်ခေါ်ထားပြီး သူတို့လုပ်နေတဲ့ Projecct တွေ၊ Investment တွေကို ဆွေးနွေးခဲ့တယ်။ ပွဲတက်ရောက်လာတဲ့ Telecom ကုမ္ပဏီတော်တော်များများမှာဆိုရင်လည်း Infrasturcture တွေ Provide လုပ်ပေးတဲ့ ကုမ္ပဏီတွေတင်မကဘဲ ငွေရေးကြေးရေးအရ Invest လုပ်မယ့် ကုမ္ပဏီတွေပါဝင်တာကြောင့် Startup တွေ အတွက်ကတော့ ဒီပွဲဟာ အဆက်အသွယ်ရော၊ ဈေးကွက်ပါရနိုင်မယ်လို့ မြင်ပါတယ်။
မြန်မာ Telecom ကဏ္ဍပိုမိုကောင်းမွန်လာအောင် ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်တာတွေ. . .
ကျွန်တော်အမြင်ရတော့ သုံးခုရှိပါတယ်။ နံပါတ်တစ်အနေနဲ့ နိုင်ငံတကာကုမ္ပဏီတွေဆီကနေ Infrastructure ကို ရင်းနှီးမြှုပ်နှံတာမှာသော်လည်းကောင်း၊ ငွေကြေးအရ ရင်းနှီးမြှုပ်နှံတာမှာသော်လည်းကောင်း နိုင်ငံတော် အနေနဲ့ နိုင်ငံတကာကနေ ငွေကြေးအကူအညီတွေ ယူသင့်တယ်။ ဘဏ်တွေကနေ အတိုးနည်းနည်း၊ ဒါမှမဟုတ် အတိုးမပေးရဘဲရတဲ့ ချေးငွေတွေကိုလည်း သေသေချာချာတွက်ချက်ပြီး ယူသင့်တယ်။ နံပါတ်နှစ်အနေနဲ့ Foreign Direct Investment (FDI) တွေနဲ့ Infratructure တွေကို ပူးပေါင်းတည်ဆောက် သင့်တယ်။ FDI တွေကိုက ခေါ်ကိုခေါ်ရမယ်၊ မခေါ်လို့မရဘူး။ နံပါတ်သုံးအနေနဲ့ကတော့ အစိုးရအနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အစိုးရအနေနဲ့လည်း Invest လုပ်စရာမလိုတော့ဘဲ Local ကုမ္ပဏီတွေအနေနဲ့လည်း ကိုယ်တိုင်လုပ်လာနိုင်မယ်လို့ မြင်ပါတယ်။ ဒီသုံးချက်ကိုတော့ ကျွန်တော်အကြံပြုချင်ပါတယ်။
ဒေါက်တာမျိုးအုန်း
Chief Executive Officer
Campana Group Pte Ltd
Campana Group က ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ. . .
ကျွန်တော်တို့ကုမ္ပဏီဟာ Submarine Fiber Cable တည်ဆောက်ရေးလုပ်ငန်းကို အဓိကလုပ်ဆောင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ (မြန်မာ၊ ထိုင်း၊ မလေးရှား) အဲဒီကမှတဆင့် စင်ကာပူနိုင်ငံကို ဆက်လက်ချိတ်ဆက်မယ့် အပြည်ပြည်ဆိုင်ရာ ရေအောက်ဖိုင်ဘာကေဘလ်စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ရဲ့ ခွင့်ပြုချက်တွေရယူခဲ့ပြီး မကြာခင်စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ရတဲ့အခက်အခဲ. . .
Infrastructure တည်ဆောက်ရေးကဏ္ဍမှာ ကျွန်တော်တို့အတွက် အခက်အခဲတွေ သိပ်မရှိပေမဲ့ ဥပဒေပိုင်းနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ လုပ်ငန်းကတခြား Infrastructure တည်ဆောက်ရေးလုပ်ငန်းတွေလို Mobile Network တွေ၊ Land Network တွေမဟုတ်ဘဲ Submarine Network တွေဖြစ်လို့ပါ။ မနှစ်ကအထိ လိုင်စင်ရဖို့အတွက် အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို အောက်တိုဘာလဆန်းပိုင်းမှာ စတင်ဆောင် ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
တည်ဆောက်ရေးလုပ်ငန်းတွေကို ဘယ်အချိန်မှာ အပြီးသတ်နိုင်မလဲ. . .
တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ မြန်မာပြည်တွင်းတင်မကဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့် Submarine Fiber Cable တည်ဆောက်ရေးကဏ္ဍတွေမှာပါ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အရင်ဆုံးတော့ ကျွန်တော်တို့ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို မြန်မာပြည်တွင်းမှာ ပြီးစီးအောင် ဆောင်ရွက်သွားမယ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ NFS (I) လိုင်စင်ရပြီးတဲ့အခါ ထိုင်းနိုင်ငံကိုလည်း ဆက်ပြီးချိတ်ဆက်သွားမယ်၊ ထိုင်းကနေ မလေးရှားကိုလည်း ချိတ်ဆက်သွားမယ်။ မလေးရှားကနေ စင်ကာပူကို ကုန်းတွင်းပိုင်း Cable နဲ့ ချိတ်ဆက်သွားမှာဖြစ်ပြီး မလေးရှားကနေ ထိုင်းကိုတော့ Submarine Cable နဲ့ ဆက်သွယ်သွားမှာ ဖြစ်တဲ့အပြင် ထိုင်းကနေ မြန်မာပြည်ကိုလည်း Submarine Cable နဲ့ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ Submarine Cable တစ်ခုတည်းနဲ့တင် တည်ဆောက်သွားမှာမဟုတ်ဘဲ ကုန်းတွင်းပိုင်း Cable Link တွေနဲ့ပါ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်းတွင်းပိုင်း Underground Cable တွေက သိပ်အများကြီးတော့ရှိမှာမဟုတ်ပါဘူး။ ရန်ကုန်မြို့ တောင်ဘက်ကနေ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းတန်းကျေးရွာက အပြည်ပြည်ဆိုင်ရာ Submarine Cable ဝင်ရောက်ပြီး သံလျင်ဘက်ကိုသွားတဲ့ လမ်းကြောင်းမှာ ရေလယ်မြစ်ကို ဖြတ်ပြီးတော့ ကုန်းတွင်းပိုင်း Cable နဲ့ ထပ်မံဆက်သွယ်သွားပြီး သံလျင်မှာ Cable Landing Station၊ ဒါမှမဟုတ် Data Center တစ်ခု ဆောက်သွားဖို့ရှိပါတယ်။ အဲဒီနေရာက New MICT Park နဲ့လည်း တော်တော်လေးနီးပါတယ်။ ကျွန်တော်တို့က ရန်ကုန်ကနေ စင်ကာပူကို ဘာလို့ တိုက်ရိုက်မချိတ်ဆက်တာလဲဆိုရင် တစ်ကမ္ဘာလုံးနဲ့ အင်တာနက်လိုင်းကို ချိတ်ဆက်နိုင်ချင်လို့ ဖြစ်ပါတယ်။ ဒီလိုင်းကြီးသာပြီးသွားပြီဆိုရင် ကျွန်တော်တို့က အင်တာနက်မြန်နှုန်းကို 20 TB (Tera Bite) နဲ့ ပေးလာနိုင်မှာဖြစ်တာကြောင့် အရင်ကထက် ပိုပြီးအင်တာနက်ကို လျင်လျင်မြန်မြန်နဲ့ သွားစွဲလာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကုန်းတွင်းပိုင်း Cable နဲ့ အင်တာနက်လိုင်းချိတ်ဆက်တာဟာ အလွယ်တကူနဲ့ လိုင်းကျတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ရေအောက် Cable တွေကတော့ လွယ်လွယ်နဲ့ လိုင်းပြတ်တောက်တာမျိုး မဖြစ်နိုင်သလို တကယ်လို့လိုင်းပြတ်ခဲ့ရင်လည်း အလွယ်တကူနဲ့ပြန်ပြီး အစားထိုးနိုင်တဲ့အတွက် လိုင်းမကျသွားဖို့အတွက်ကို ၉၈.၅ ရာခိုင်နှုန်း စိတ်ချရပါတယ်။
ယခုနှစ်ပွဲနဲ့ မနှစ်ကပွဲရဲ့ ကွာခြားချက်. . .
ဒီနှစ်မှာ ဥပဒေပိုင်းတွေကပိုပြီး ပွင့်လင်းလာတဲ့အတွက် လိုင်စင်ကို မနှစ်ကထက်စာရင် ပိုပြီး လွယ်လွယ်ကူကူနဲ့ ရရှိလာနိုင်ပါတယ်။ လုပ်ငန်းတွေကို ပိုပြီးတော့လည်း အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်တယ်။ ဒါကြောင့် ဒီနှစ်မှာ Fiber တည်ဆောက်ရေးစီမံကိန်းတွေ အများကြီးရှိလာသလို၊ Suppliers တွေကလည်း ပြည်တွင်းကရော ပြည်ပကပါ ပံ့ပိုးမှုရှိလာတယ်။ သူတို့တွေက Data Center တွေ၊ Fiber Cable တွေကို ကျွန်တော်တို့အတွက် ဆောက်ပေးလာတယ်။ ဒါကြောင့် လုပ်ငန်းစွမ်းဆောင်ရည်တွေလည်း တက်လာပါတယ်။
Petter Furberg
Chief Executive Officer
Telenor Myanmar
Telenor ကုမ္ပဏီအနေနဲ့ မနှစ်ကနဲ့ ဒီနှစ်ကွာခြားသွားတာတွေ. . .
ကျွန်တော်တို့ Telenor ကုမ္ပဏီဟာ မနှစ်က ဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်မာပြည်မှာ စတင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ Customer ပေါင်း ဆယ်သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ Telonor လို Telecom ကုမ္ပဏီတွေဖြစ်တဲ့ MPT နဲ့ Ooredoo တို့ဟာလည်း အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။
မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ပိုမိုမြန်ဆန်လာဖို့ . . .
လက်ရှိမှာ ကျွန်တော်တို့ရဲ့ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကို မြန်မာပြည်ရဲ့ လူဦးရေ ငါးဆယ်ရာခိုင်နှုန်းကျော်ကို ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို မြို့ကြီးတွေမှာနေထိုင်တဲ့ လူတွေလောက်ကိုပဲ ပေးနိုင်နေသေးတာဖြစ်ပါတယ်။ အခုအခါမှာ နယ်မြို့တွေမှာ နေထိုင်တဲ့လူတွေကိုပါ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို ပေးသွားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိ Telenor ဖုန်းတွေရဲ့ အင်တာနက်ဆွဲနှုန်း ပိုမိုမြန်ဆန်လာဖို့ကိုလည်း 3G Service ၊ 4G Service တွေနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အရင်က တယ်လီနောဖုန်း သုံးစွဲသူတွေထဲက ၆၃ ရာခိုင်နှုန်းလောက်ကပဲ 3G Service ကို ရရှိခဲ့ပေမဲ့ အခုအခါမှာ သုံးစွဲသူတိုင်းက 3G Service ကို ရရှိနေပြီဖြစ်ပါတယ်။
အင်တာနက်ကွန်နက်ရှင်မြန်လာတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် အကျိုးသက်ရောက်နိုင်မှု
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် မြန်နှုန်းမြင့် အင်တာနက်ရှိနေဖို့က အရေးကြီးပါတယ်။ အခုအခါမှာ အင်တာနက်ကို အရင်ကထက် ပိုမိုမြန်ဆန်တဲ့ အင်တာနက်ကို ဈေးသက်သက်သာသာနဲ့ လူတိုင်းလွယ်လင့်တကူ ဝယ်ယူသုံးစွဲလာနိုင်နေပြီဖြစ်ပါတယ်။ ဒါဟာစီးပွားရေးလုပ်ငန်းတွေအတွက်ကို အများကြီးအကျိုးရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အင်တာနက်ကို အသုံးပြုပြီး သူတို့ရဲ့လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြင့်လာနိုင်ကြသလို လူငယ်တွေကလည်း သူတို့ရဲ့စာပေလေ့လာမှုတွေ၊ သတင်းဖတ်ဖို့တွေ အစရှိတာတွေမှာလည်း အင်တာနက်ရဲ့ အကူအညီတွေကို အများကြီးရရှိလာကြပါတယ်။ မြန်နှုန်းမြင့်အင်တာနက်ရှိတာဟာ မြန်မာပြည်အတွက် တကယ်ကို အရေးပါပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ရဲ့ကွန်ရက်ကို ဖြန့်ကျက်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကိုဒီ