ခေါင်းဆောင်ဆိုသည်မှာ လူအနည်းငယ် နှစ်ယောက်၊ သုံးယောက်မှသည် တစ်နိုင်ငံလုံးအတိုင်းအတာထိ အုပ်ချုပ်ဦးဆောင်နေသူများကို ဆိုလိုပါသည်။
ယခုအချိန်ကာလတွင် နိုင်ငံအတွက်အရေးပါလှသော ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ခေါင်းဆောင်တို့၏ စစ်မှန်သောအရည်အချင်းများနှင့် ရှေ့ရေးအတွေးအခေါ်ကို လေ့လာနိုင်ပါသည်။ ခေါင်းဆောင်ဆိုသည်မှာ မိမိတာဝန်ယူရသောအဖွဲ့အစည်း၏ အောင်မြင်မှုကို အဓိကထားရန်ဖြစ်ပါသည်။ အကယ်၍ အဖွဲ့အစည်းမှာ နိုင်ငံတော်ဖြစ်နေပါလျှင် နိုင်ငံတော်၏ရှေ့ရေးကို တွေးမြင်တတ်ရန် လိုအပ်ပါသည်။
အရှုံးနှင့်အနိုင်။ ။ ကျွန်တော်တို့မြန်မာလူမျိုးတို့သည် အရာရာတွင် အဖြူအမည်းသဲသဲကွဲကွဲကို မျှော်လင့်တတ် ကြသကဲ့သို့ အနိုင်ကိုသာ လိုလားကြသည်။ ဘောလုံးပွဲတွင်လည်း ပထမ ၁၅ မိနစ်တွင် အင်တိုက်အားတိုက်ကစားတတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ခြေကျလာပြီး အမှတ်မထင် တစ်ဖက်အသင်းမှ ဂိုးစသွင်းသောအခြေအနေရောက်လျှင် တစ်ဦးနှင့်တစ်ဦးအပြစ်ဖို့ကာ ကစားကွက်ပျက်တတ်သည်။ စီးပွားရေးလုပ်ငန်းတွင်လည်း အမြတ်ရရှိရန်သာ တွက်ချက်ထားတတ်ပြီး အရှုံးရင်ဆိုင်ရပါက နည်းမျိုးစုံနှင့် အရည်အသွေးလျှော့ခြင်း၊ ဝန်ဆောင်မှုလျှော့ချခြင်းဖြင့် မြတ်ရန်ကြိုးစားတတ်သည်။
မိမိ၏အတ္တအကျိုးအတွက် အနိုင်ယူရန်ထက် အများအကျိုး၊ နိုင်ငံ၏အကျိုးအတွက် အနိုင်ယူရန် လိုအပ်ပါသည်။
အနစ်နာခံမှုနှင့်ရွေးချယ်မှု ။ ။ လတ်တလောတွင် မည်သူက မည်မျှအနစ်နာခံကြောင်း၊ ထို့ကြောင့် မည်သို့ သောရပိုင်ခွင့်၊ သို့မဟုတ် အခွင့်အရေးရသင့်ကြောင်း တွင်တွင်ကြီးကြားနေရပါသည်။
စစ်သားသည် စစ်တိုက်ရန်ဆန္ဒရှိသဖြင့် စစ်သားလုပ်ခြင်းဖြစ်သကဲ့သို့၊ ဆရာဝန်သည် လူအများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်လိုသောဆန္ဒရှိသဖြင့် ဆေးကျောင်းတက်နိုင်ရန်ကြိုးစားသင်ယူသကဲ့သို့၊ စာရေးဆရာသည် မိမိဖန်တီးသော စာစုများဖြင့် စာဖတ်ပရိသတ်ကိုဖျော်ဖြေတင်ဆက်ရန် စာရေးခြင်းအလုပ်ကို လုပ်ကိုင်သကဲ့သို့ နိုင်ငံရေးသမားဟု ခံယူသောလူပုဂ္ဂိုလ်များသည် နိုင်ငံ၏အရေးကို စောင့်ရှောက်တာဝန်ယူလိုစိတ်ဖြင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။
မိမိဆန္ဒအလျောက် ရွေးချယ်ထားသောဘဝလမ်းကြောင်းအတွက် မည်သူ့ထံတွင်မှ တာဝန်မရှိသကဲ့သို့ မည်သည့်အရာကိုမှ မျှော်လင့်မရပါကြောင်း နားလည်ရန်လိုအပ်ပါသည်။
တာဝန်နှင့်စိတ်ဓာတ်။ ။ နိုင်ငံတကာရှိခေါင်းဆောင်များသည် တာဝန်ခံလို၍ ရာထူးတာဝန်ရယူကြပါသည်။ ထို ရာထူးစွန့်လွှတ်ရသည့်နောက်ပိုင်းတွင်လည်း မိမိ၏တာဝန်အတွက် အသင့်ဖြစ်နေတတ်ပါသည်။ ပမာဆိုရသော် ကလင်တန်၊ လီကွမ်ယုတို့ဖြစ်ပါသည်။
ပုဂ္ဂလိကရုံးများတွင် ဝန်ထမ်းများသည် အထူးသဖြင့် တာဝန်ကြီးလာလေ အလုပ်ထွက်ရန်နီးကပ်လာလေဖြစ်ပြီး ဖြစ်သလိုလုပ်တတ်ကြပါသည်။ စေတနာနည်းပါးလာပြီး ညစ်တွန်းတွန်းသည်ကို တွေ့မြင်ရပါသည်။ တစ်ခါတစ်ရံ မိမိ၏အရေးပါမှုကို သိစေလိုသည့် သဘောထားမျိုးလည်း တွေ့မြင်ရပါသည်။
လက်ရှိတွင်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တာဝန်ယူထားသူအများစုမှာ တာဝန်ယူလိုစိတ် အားနည်းပြီး အဆုံးသတ်ကောင်းရန် စိတ်ဝင်စားမှုအားနည်းသည်မှာ သိသာထင်ရှားလှပါသည်။ ဤစိတ်ဓာတ်ခံယူချက်များ အောက်ခြေအဆင့်များသို့ ပြန့်လာလေ နိုင်ငံ၏ရှေ့ရေးအတွက် ရင်လေးရလေဖြစ်ပါသည်။
တာဝန်ယူလိုသည့်စိတ်ဓာတ်မှာ ရာထူးနှင့်မသက်ဆိုင်ဘဲ နိုင်ငံကြီးသားစိတ်ဓာတ်၊ ခေါင်းဆောင်ကောင်း ခံယူချက်နှင့်သာ သက်ဆိုင်ပါသည်။
ယနေ့ခေါင်းဆောင်တို့၏တာဝန်မှာ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်စဉ်းစားခြင်းဖြင့် သမိုင်းကောင်းကို ချန်ခဲ့ရန်ဖြစ်ပါကြောင်း။
မောင်သာ