များသောအားဖြင့် စေ့စပ်ညှိနှိုင်းရေးစားပွဲတွေမှာ ကျွန်တော်တို့က ညှိနှိုင်းမယ့်အကြောင်းကိစ္စတွေအပေါ်မှာပဲ အာရုံစိုက်ကြတယ်။ လူသားတွေအချင်းချင်း စကားပြောနေကြတယ်ဆိုတာကိုတောင် မေ့သွားတတ်ကြတယ်။ နှစ်ဦးနှစ်ဖက် တန်းတူညီမျှမှုရှိတဲ့ အောင်မြင်မှုကိုပဲ ရည်မှန်းတယ်ဆိုရင် ကျွန်တော်တို့ဟာ မတူညီကြတဲ့လူတွေရဲ့ အပြုအမူပုံစံတွေအကြောင်းကို နားလည်ထားမှ အဘက်ဘက်က ပြည့်စုံတဲ့၊ ထိရောက်အောင်မြင်မှုရှိတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဖြစ်လာနိုင်ပါတယ်။
အရင်ခေတ်တွေတုန်းကတော့ စေ့စပ်ညှိနှိုင်းရေးမှာ ရွှေစည်းမျဉ်းကို ကျင့်သုံးပါတယ်။ အဲ့ဒါကတော့ ''ကိုယ့်ကို ပြုမူဆက်ဆံတာခံချင်သလို တစ်ဘက်လူကိုလည်း အဲ့ဒီအတိုင်းဆက်ဆံပါ''တဲ့။ ဒါပေမဲ့ ဒါဟာ လူတိုင်းမှာ သဘောထားအတူတူရှိတယ်ဆိုတဲ့အချက်ကို အခြေခံပြီးစဉ်းစားထားတာ ဖြစ်နေတယ်။ လူတွေမှာ အပြုအမူပုံစံကွဲပြားခြားနားမှုရှိတာ နားလည်သဘောပေါက်လာပြီးတဲ့နောက်တော့ စေ့စပ်ညှိနှိုင်းရေး စားပွဲတွေမှာ ပလက်တီနမ်စည်းမျဉ်းကို အခုအခါမှာ ပြောင်းလဲကျင့်သုံးစပြုလာနေကြပြီ ဖြစ်ပါတယ်။ ပလက်တီနမ်စည်းမျဉ်းကတော့ ''သူတို့ကပြုမူဆက်ဆံတာ ခံချင်တဲ့အတိုင်း ကိုယ်ကဆက်ဆံပါ''တဲ့။
မီယာနဲ့ ဘရစ် (Myer Briggs) တို့ရဲ့ လူသားအပြုအမူပုံစံတွေနဲ့ ညွှန်းမှတ်တွေကတော့ အထင်အရှား ပေါ်ထွက်ခဲ့တာကြာပြီဖြစ်လို့ ထပ်မပြောလိုတော့ပါဘူး။ ဒါပေမဲ့ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ စက်ဝိုင်းစိတ်လေးစိတ်နဲ့သာ ပိုင်းခြားထားတဲ့ လူတို့ရဲ့ အပြုအမူပုံစံကိုတော့ အကြမ်းဖျင်းဆွေးနွေးသွားပါ့မယ်။ ကျွန်တော်တို့လူသားတွေဟာ တကယ့်ကိုပဲ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ သတ္တလောကအနွယ်ဝင်တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့မှာ စိတ်၊ ခံစားမှု၊ ရုပ်၊ လူမှုရေးနဲ့ ယုံကြည်သက်ဝင်မှု အပါအဝင် အနံ့ခံအာရုံတွေ အချင်းချင်းဆက်သွယ်မှုတွေ ရှိနေကြပါတယ်။ သိုလှောင်ထားတဲ့ ယုံကြည်မှုတွေ၊ လက်တွေ့အသုံးပြုနေတဲ့အယူအဆတွေလည်း ရှိနေပါတယ်။ လူတွေရဲ့ အပြုအမူတွေကို အထူးအာရုံပြုပြီး လေ့လာသုံးသပ်ခြင်းဖြင့် ထိရောက်စွာစေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် လမ်းစတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
လူတွေရဲ့အပြုအမူဆိုတာ လူတွေပြောနေတာရော၊ လုပ်နေတာရော အကျုံးဝင်ပါတယ်။ ဒါကြောင့် အပြုအမူဟာသိသာ၊ ကြားသာ၊ မြင်သာရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘာကြောင့်လုပ်ရတယ်။ အမှန်တကယ် ဘာကိုလုပ်နေတယ်၊ ဒီလိုလုပ်တဲ့အတွက် သူတို့ရဲ့လိုလားချက်ကဘာလဲ။ ဒါတွေကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ လူတွေပြောနေတာ၊ လုပ်နေတာကို ကြားနေရ၊ မြင်နေရပေမယ့် သူတို့ဦးခေါင်းထဲမှာ ဘာတွေရှိတယ်၊ သူတို့ဘယ်လိုခံစားနေတယ်ဆိုတာကိုတော့ မသိနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အင်အားရှိတဲ့ မေးခွန်းတချို့ကိုမေးနိုင်မှ သူတို့စိတ်ထဲမှာ ရှိတာကို နားလည်နိုင်ဖို့ အထောက်အကူရနိုင်ပါတယ်။
ဒီနေရာမှာ လူတွေရဲ့အပြုအမူပုံစံ စက်ဝိုင်းစိတ် လေးစိတ်အကြောင်း ကျွန်တော်တို့ သိဖို့လိုလာပါပြီ။ ''လက်တွေ့လုပ်ကိုင်သူ''ပုံစံက စက်ဝိုင်းရဲ့ပထမတစ်စိတ်၊ ''စဉ်းစားတွေးခေါ်သူ'' ပုံစံက ဒုတိယတစ်စိတ်၊ ''စောင့်ရှောက်အုပ်ထိန်းသူ''ပုံစံက တတိယတစ်စိတ်နဲ့ ''ဆွေးနွေးပြောဆိုသူ'' ပုံစံက စတုတ္ထတစ်စိတ် ဖြစ်ပါတယ်။ နီးစပ်ရာစက်ဝိုင်းစိတ်များမှာ ဘုံတူညီသော သဘောထားတချို့ ရှိကြပါတယ်။ ဥပမာ လုပ်ကိုင်သူနဲ့ စဉ်းစားသူအပြုအမူ ပုံစံဝင်နေသူတွေမှာ ပန်းတိုင်ကို ရှေးရှု့မှုရှိခြင်း၊ ထုတ်ဖော်ပြောကြားမှုနည်းခြင်း၊ လေသံတစ်မျိုးတည်း မျက်နှာထားတစ်မျိုးတည်း ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဆန့်ကျင်ဘက်အမျိုးအစားတွေကတော့ အုပ်ထိန်းသူနဲ့ ပြောဆိုသူအပြုအမူပုံစံဝင်နေသူတွေပါပဲ။ သူတို့က လူထုကို ရှေးရှု့ခြင်းရှိတယ်၊ ထုတ်ဖော်ပြောကြားမှု ပိုရှိတတ်ပါတယ်။
လူတွေရဲ့ အပြုအမူပုံစံတစ်မျိုးချင်းကို လိုက်ပြီး ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေးကို အောင်မြင်အောင် လုပ်ဆောင်သွားနိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က ပုဂ္ဂိုလ်တွေဟာ လုပ်ကိုင်သူပုံစံဖြစ်ရင် သူတို့ဟာ ရလဒ်ကိုအမြန်လိုချင်တယ်၊ အာဏာအသုံးပြုချင်တယ်၊ တွန်းတွန်းတိုက်တိုက်လုပ်တတ်တယ်။ ဒါပေမဲ့ သူတို့ဟာ သူများပြောတာ ကောင်းကောင်း နားမထောင်တတ်ဘူး။ ဒီလိုလူမျိုးနဲ့ စေ့စပ်ညှိနှိုင်းရတဲ့အခါ ကျွန်တော်တို့က ကောင်းကောင်းပြင်ဆင်ထားရမယ်၊ လိုရင်းရောက်အောင် မြန်မြန်သွားရမယ်၊ လူမှုရေးပြောတာ လျှော့ချရမယ်၊ ကိုယ့်အတွက် အကျိုးရှိစေမယ့်ကိစ္စဆိုရင် သူတို့ကိုပဲ ဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်ပါ။ စိတ်ခံစားမှုကို ချောင်ထိုးထားလိုက်ပါ။ လုပ်ကိုင်ဆောင်ရွက်မှု မြန်နိုင်သမျှ မြန်စေရပါမယ်။
အသေးစိတ်အချက်အလက်ပေါ်မှာ အာရုံစူးစိုက်မှုရှိတယ်။ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တတ်တယ်။ စနစ်နဲ့ အလုပ်လုပ်တယ်။ စံချိန်စံညွှန်းကို စွဲလမ်းတယ်ဆိုရင် ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းဘက်ဟာ စဉ်းစားသူ ပုံစံပါပဲ။ သူနဲ့ စေ့စပ်ညှိနှိုင်းရမှာဆိုရင် ကျွန်တော်တို့က ပိုပြီး ပြည့်စုံစွာ အသေးစိတ် ပြင်ဆင်ရပါမယ်။ အချက်အလက်တွေ ထုတ်ပေးနိုင်ရမယ်။ ထိပ်တိုက်ရင်ဆိုင်မတိုးအောင် သတိထားရမယ်။ ဖန်တီးမှုကို အသုံးချရမယ်။ အချိန်ပိုပေးရမှာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲ မထိုင်ခင်မှာကို စကားတွေအများကြီး ပြောတယ်။ တစ်ဦးချင်းဆက်သွယ်မှုတွေ ပိုလုပ်တယ်။ စိတ်ဝင်စားမှုကို ပိုပြတယ်။ အကောင်းမြင်တတ်တယ်။ ဒါပေမဲ့ စိတ်ပျံ့လွင့်လွယ်တယ်။ မကြာခင် ပျင်းရိငြီးငွေ့သွားတယ်ဆိုရင် သူတို့ဟာ ပြောဆိုသူပုံစံထဲက ပုဂ္ဂိုလ်တွေပါပဲ။ လူမှုရေးအရ အာလာပ သလ္လာပ နည်းနည်းပြောရမယ်။ သူတို့ပါဝင်မှုတွေကို အသိအမှတ်ပြုပေးရမယ်။ စကားပြောဆိုရာတွင် ရည်ရွယ်ချက်အတိုင်းရောက်အောင် စီမံပေးရမယ်။ ကိုယ့်ဘက်က အားစိုက်မှု အဆင့်မြှင့်တင်ပေးရမယ်။ ထိုက်သင့်အားလျော်စွာ လျင်မြန်သော အစီအစဉ်ဖြစ်ရပါမယ်။
အုပ်ထိန်းသူအပြုအမူ ပုံစံသမားတွေကတော့ တခြားလူတွေကို ကူညီတတ်တယ်။ လူတွေနဲ့ အဖွဲ့အစည်းတွေကို လေးစားမှုရှိကြောင်း ပြသတယ်။ သူတို့ဟာ စွန့်စားမှုနှစ်သက်သူတွေ မဟုတ်ဘူး။ ဒါကြောင့် ဖြစ်နိုင်သမျှ ကြိုတင်ခန့်မှန်းချက်ရလိုကြတယ်။ ဖွဲ့စည်းမှုကို ဂရုစိုက်တယ်။ ပဋိပက္ခကို ရှောင်ရှားတယ်။ ရှေးက နမူနာကောင်းကို ရယူအသုံးပြုလိုတယ်။ အများသဘောထားနဲ့ ဆုံးဖြတ်ချက် ရယူတတ်ကြပါတယ်။ အုပ်ထိန်းသူပုံစံရှိသူတွေနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါ သူတို့ဟာ ကျွန်တော်တို့အပေါ်မှာ အပြည့်အဝယုံကြည်မှု မရမချင်း ရိုးသားပွင့်လင်းစွာ မပြောလိုကြပါဘူး။ ဒါကြောင့် သူတို့ပြောသမျှကို တစ်ထစ်ချယုံလို့မရပါဘူး။ အကာအကွယ်ယူပြီးမှ စကားပြောတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့နဲ့ ဆက်ဆံတဲ့အခါမှာ ချိုသာယဉ်ကျေးစွာ ပြောရပါမယ်။ အကြောင်းအရာအသစ်တွေကို လုံခြုံစိတ်ချစွာဖြင့် တဖြည်းဖြည်းချင်းတိုးပြီး တင်ပြသွားရမယ်။ အထောက်အထားနဲ့ အာမခံချက်တွေ ထုတ်ပေးရမယ်။ လုပ်ငန်းစဉ် အရှိန်ရသွားရင် အများကြီး ပူးပေါင်းပါဝင်လာလိမ့်မယ်။ အခြားလူတွေနဲ့ သဘောတူညီမှုရဖို့အတွက် အချိန်ပေးရလိမ့်မယ်။
ကျွန်တော်တို့ဟာ အခုတင်ပြခဲ့တဲ့ လူတွေရဲ့ အပြုအမူပုံစံလေးမျိုးကို သေသေချာချာနားလည်သွားပြီး လူပုဂ္ဂိုလ်အပြုအမူပုံစံအလိုက် အကျွမ်းတဝင်အလုပ်လုပ်နိုင်ပြီဆိုရင် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ သူတို့နဲ့ဆန့်ကျင်မှု၊ သဘောမတူညီမှုတွေ မရှိတော့ဘဲ လူတိုင်းအတွက် အကျိုးကျေးဇူးရရှိအောင် စွမ်းဆောင်နိုင်မှာ သေချာပါတယ်။
မင်းဗထူး