ခေါင်းဆောင်တာဝန်ယူရမယ့် မန်နေဂျာတွေအတွက် အကြံပြုချက် ၁၀ ချက်

ကုမ္ပဏီတစ်ခုရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် CEO တွေ အားလုံးနီးပါးဟာ ဦးစီးခေါင်းဆောင်ဆိုတာ မွေးရာပါအရည်အချင်းတွေကြောင့် မဟုတ်ဘဲ ကြိမ်ဖန်များစွာ တစိုက်မတ်မတ် ကြိုးစားတဲ့ အရည်အချင်းကြောင့်သာ ဖြစ်လာတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း လက်ခံကြပါတယ်။ နောက်ပြီး သူတို့က မန်နေဂျာဖြစ်တိုင်း ဦးစီးခေါင်းဆောင် မဟုတ်ဘူးဆိုတဲ့ အပေါ်မှာလည်း သဘောထား ထပ်တူထပ်မျှ တူညီကြပါတယ်။ မန်နေဂျာအဖြစ်ကနေ ဦးစီးခေါင်းဆောင်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့နဲ့ အတွေးအခေါ်၊ အကြံအစည်၊ သဘောထား၊ စိတ်နေစိတ်ထား စတဲ့တိကျတဲ့ အရည်အချင်းတွေလည်း ရှိဖို့လိုအပ်တယ်လို့ အောင်မြင်ကျော်ကြားတဲ့ ဦးစီးခေါင်းဆောင်တွေက ပြောကြပါတယ်။ မန်နေဂျာလုပ်ရာကနေ ဦးစီးခေါင်းဆောင်အဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ရတဲ့အခါ သိထားသင့်တဲ့အချက်တွေကို အ ကြံပြုချက်ဆယ်ချက်အဖြစ် တင်ပြပေးလိုက်ပါတယ်။

tenfactleader

၁။ ပထမဦးဆုံးအနေနဲ့ Change နဲ့ Transition သဘောသဘာဝချင်း မတူညီတာကို သတိပြုပါ။ Change ဆိုတာက အပြင်မှာပြောင်းလဲသွားတာဖြစ်ပြီး Transition ကတော့ အဲဒီလိုပြောင်းလဲသွားတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် မိမိကိုယ်မိမိ ပြုပြင်ဆောင်ရွက်ရခြင်းဖြစ်တယ်။ ဒါကြောင့် ယူရမယ့်တာဝန်ဟာ အရင်ကနဲ့မတူတာကို သတိထားရမယ်။

၂။ အရင်လုပ်နည်းလုပ်ဟန်တွေထဲက ဘယ်ဟာတွေကို စွန့်လွှတ်ရမယ်ဆိုတာကို သိအောင်လုပ်ပါ။ စွန့်လွှတ်သင့်တာနဲ့ မစွန့်လွှတ်သင့်တာ ခွဲခြားသိပါ။

၃။ အလုပ်တာဝန်သစ်နဲ့ပတ်သက်ပြီး အခက်အခဲတွေ့ရင် စိတ်မပျက်ပါနဲ့။ ဒါဟာ Transition ရဲ့ သဘာဝပဲ။ အလုပ်တာဝန်သစ်နဲ့ မသင့်တော်ဘူးလို့ မိမိကိုယ်မိမိမထင်ပါနဲ့။

၄။ ဘာကိုမစွန့်လွှတ်ဘဲ ဆက်လက်ကိုင်စွဲသွားရမလဲဆိုတာ သိဖို့လည်းအရေးကြီးတယ်။

၅။ မန်နေဂျာတာဝန်ကနေ ခေါင်းဆောင်တာဝန်ကို လွှဲပြောင်းလုပ်ကိုင်တဲ့အခါ အပြောင်းအလဲ (Transition) ကာလ အတိုင်းအတာတစ်ရပ် ရှိသင့်တယ်။ အလောသုံးဆယ် မလုပ်သင့်ဘူး။

၆။ အထက်ပါ စပ်ကူးမပ်ကူးကာလအတွင်း မိမိရဲ့ အယူအဆတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကို ထပ်မံသတိပြု လုပ်ကိုင်ကြည့်နိုင်တယ်။

၇။ ဒီစပ်ကူးမပ်ကူးကာလအတွင်းမှာပဲ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဆန်းစစ်ကြည့်ပါ။

၈။ တာဝန်လွှဲပြောင်းလုပ်ကိုင်နေတဲ့ကာလအတွင်း အထူးသဖြင့် အထက်ဖော်ပြပါ စပ်ကူးမပ်ကူးကာလအတွင်း မိမိရဲ့ဦးတည်ရည်မှန်းချက်တွေ၊ အလုပ်ပြီးမြောက်မှုနဲ့ပတ်သက်ပြီး မျှော်မှန်းထားတာတွေဟာ စိတ်ကူးယဉ်တွေမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်တာတွေဖြစ်ဖို့လိုတယ်။

၉။ မိမိရဲ့အပြုအမူတွေ၊ လုပ်ကိုင်ပုံတွေ၊ သဘောထားတွေနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထင်မြင်ချက်တွေကိုလည်း သိအောင်လုပ်ပါ။

၁၀။ အထက်ကိစ္စနဲ့ပတ်သက်လို့ပဲ မိမိကိုယ်တိုင်မှတ်တမ်း လုပ်ထားပါ။ အလုပ်ရဲ့အကျိုးရလဒ်ဟာ စိတ်ဆင်းရဲရခြင်း၊ စိတ်ကျဉ်းကျပ်မှု ခံစားနေရခြင်းနဲ့ မကာမိဘူးဆိုရင် မကောင်းပါ။ ဒါကြောင့်ဘာမှားနေသလဲဆိုတာ ပြန်ကြည့်ပါ။

ဦးစီးခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားနေသူ တော်တော်များများဟာ သူတို့ရဲ့ဦးစီးခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ တိုးတက်အောင် ကြိုးစားနေကြပေမဲ့ ဦးစီးခေါင်းဆောင်ဆိုတာ ဘာလဲဆိုတာကို သေသေချာချာ မစဉ်းစားကြပါဘူး။ ကိုယ်က ဘယ်လိုဦးစီးခေါင်းဆောင်မျိုးဖြစ်ချင်တယ်ဆိုတာကို အမြဲပြန်လည်မေးမြန်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်နေဖို့ လိုပါတယ်။

အထက်ပါ အကြံပြုချက်တွေအားလုံးကို ချက်ချင်းကြီး မပြောင်းလဲဘဲ တဖြည်းဖြည်းချင်းသာ ပြောင်းလဲသွားပါ။ ဖြည်းဖြည်းချင်း လေ့ကျင့်ယူသွားတာက အောင်မြင်မှုကိုရရှိဖို့အတွက် ပိုပြီးလွယ်ကူစေမှာပါလို့ Business Management Daily ရဲ့ Contributor ဖြစ်သူ Mike Winstanley က အကြံပြုတင်ပြထားပါတယ်။

ညွန့်သောင်း