Suu Foundation အဖွဲ့စည်းကြောင်း အသိပေးသည့်ပွဲတွင် Laura Bush နှင့် Hillary Clinton တို့ ကမကထဦး ဆောင်သူများအဖြစ် ဝိုင်းဝန်းတာဝန်ယူမည်ဖြစ်ကြောင်း အသိပေးသွားသည်။ အမှန်စင်စစ် ထိုအမျိုးသမီးနှစ် ယောက်မှာ မတူညီသောနိုင်ငံရေးခံယူချက်များရှိသည့် ပြိုင်ဘက်ပါတီများမှ ဖြစ်ရုံသာမက နှစ်ဦးစလုံး၏ခင်ပွန်း များမှာ အမေရိကန်သမ္မတရာထူးအတွက် အပြင်းအထန်မဲဆွယ်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ကောင်းသောကိစ္စ ရပ်တစ်ခုကို၊ လူအများကို အကျိုးပြုနိုင်မည့်အဖွဲ့အစည်းအောင်မြင်ရေးအတွက် တက်ညီလက်ညီပါဝင်ကြသည် များမှာ လေးစားဖွယ်ရာပင်ဖြစ်သည်။ ရန်ကုန်မြို့တွင် ယခင်က တပ်မတော်အစိုးရကာလတွင် ကားဟွန်းတီးခြင်းနှင့် ကွမ်းစားခြင်းစသော ဥပဒေများ ကိုထုတ်၍ ထိထိရောက်ရောက်တားမြစ်နိုင်သည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်ပါသည်။ ယခုအစိုးရသစ်တွင် ယခင်အစိုးရမှ တာဝန်ယူဖူးသူများ အများစုပြန်လည်ပါဝင်ကြရာ ယခင်က နိုင်ငံအတွက် အကျိုးပြုသောလုပ်ထုံး လုပ်နည်းဥပဒေများကို ဆက်လက်၍ ပြည်သူများ လိုက်နာလုပ်ဆောင်ရန်တိုက်တွန်းရန် လိုအပ်ပေသည်။ ယခင်ခေတ်အခြေအနေတွင် တပ်မတော်အစိုးရပုံစံဖြင့် အုပ်ချုပ်ခြင်းဖြစ်၍ မလိုက်နာမကျင်သုံးပါက အရေးယူခံရသည်ကို ကြောက်ရသော်လည်း ယခုအခါ ဒီမိုကရေစီစနစ်အသွင် ကူးပြောင်းရေးကာလတွင် စည်းကမ်းတကျနှင့် မိမိအသိစိတ်ဓာတ်ဖြင့် လုပ်ဆောင်လာစေရန် လှုံ့ဆော်နိုင်ရန် လိုအပ်ပေသည်။ ခေါင်းဆောင်ဆိုသည်မှာ လူကြိုက်အောင်လုပ်ရန် မဟုတ်ဘဲ ကိုယ်လုပ်ရမည့်အလုပ်ကို သတ္တိရှိရှိလုပ်ဆောင်မှသာ ရေရှည်တွင် အကျိုးရှိမည့်ကိစ္စကောင်းများ ကျန်ရစ်မည်ဖြစ်ပါသည်။ ယခုအခါတွင် လက်ရှိဦးဆောင်နိုင်ငံရေးပါတီနှင့် အခြားပါတီများအနေဖြင့် စည်းရုံးရေးများစတင်ဆောင်ရွက်ရန် တာစူနေကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ခေတ်ပြောင်းကာလတွင် အဆိုပါကာလများသည် အရေးပါလှပြီး ပါတီများအနေဖြင့် မဲရရှိရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းသည် ရေတိုတွင် လူကြိုက်သော်လည်း ရေရှည်တွင် နိုင်ငံ့အကျိုးကို ထိခိုက်တတ်သည်ကို သတိပြုရန် လွန်စွာအရေးပါလှပါသည်။