၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ထိုင်ဝမ်ရွေးကောက်ပွဲ၏ရလဒ်မှာ ဒီပီပီပါတီမှ အနိုင်ရရှိပြီးနောက် ထိုင်ဝမ်၏နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးသော အမျိုးသမီးသမ္မတအဖြစ် ချိုလ်အင်းဝမ် (Tsai Ing-Wen) မှ တာဝန်ယူမည်ဖြစ်ပါသည်။ လက်ရှိအာရှတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှဒ်ဟာစီနာဝါဂျဒ်နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတ ပက်ဂင်ဟီး ပြီးလျှင် နိုင်ငံ၏အကြီးဆုံးသော ရာထူးရယူသူ တတိယမြောက်ဖြစ်ပါသည်။ သူ့ပါတီအနိုင်ရရှိပြီးနောက် ပေါ်လစီများ အပြောင်းအလဲ အထူးသဖြင့် တရုတ်နိုင်ငံ၏ဆက်ဆံမှုတို့အပေါ် အကျိုးသက်ရောက်မှုများစွာရှိလေသည်။ ထိုမျှသာမက ၂၀၁၆ ခုနှစ်ကုန်တွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲတွင် အရွေးခံမည့်ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်အတွက် အထောက်အကူ တစ်နည်းတစ်ဖုံပြုဖွယ်ရာရှိပါသည်။
နိုင်ငံတကာတွင်လည်း ကမ္ဘာ့ရေနံဈေးသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ သုံးဆယ်လောက်ကျခြင်း၊ အမေရိကန်နိုင်ငံတွင် အတိုးနှုန်းမြှင့်တင်ခြင်း၏ ရလဒ်အနေဖြင့် အမေရိကန်ဒေါ်လာခိုင်မာခြင်း၊ ရွှေဈေးဆက်လက်ကျဆင်းရိပ်ရှိနေခြင်း၊ အရှေ့အလယ်ပိုင်းဒေသတွင်း မတည်ငြိမ်မှု ဆက်လက်ကြီးထွားလာခြင်း၊ တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများအားကောင်းလာခြင်း၊ ဥရောပတွင် ရွှေ့ပြောင်းနေထိုင်သူဒုက္ခသည်တို့၏ နောက်ဆက်တွဲပြဿနာများ၊ အာရှတွင် အထူးသဖြင့် အရှေ့တောင်အာရှတွင် ရာသီဥတုပြောင်းလဲမှု ဆိုးရွားလာဖွယ်ရာရှိခြင်း၊ ဘာသာရေး၊ အစွန်းရောက်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရှေ့တောင်အာရှဒေသတွင်း ခရီးသွားလည်ပတ်မှု လျော့နည်းလာဖွယ်ရှိခြင်းတို့ကြောင့် စီးပွားရေးမှာ တိုးတက်ဖွယ်ရာမရှိဘဲ အပြောင်းအလဲများပေါ် မူတည်၍ တန့်နေခြင်း၊ သို့မဟုတ် ဆုတ်ယုတ်ဖွယ်ရာရှိပါသည်။
၂၀၁၆ ခုနှစ်၊ မတ်လနောက်ပိုင်းတွင် တက်လာမည့် ကျွန်တော်တို့အစိုးရသစ်အနေဖြင့် စီးပွားရေးတိုးတက်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း၊ Property Tax ကောက်ရန် ဆောင်ရွက်ခြင်း၊ သို့မှသာ မြေဈေးကစားမှုလျော့နည်းပြီး နိုင်ငံတကာမှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလိုခြင်း၊ ဒေါ်လာဈေးတည်ငြိမ်အောင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရန်ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း AEC (ASEAN Economic Community) စတင်နေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ထုတ်ကုန် (Export) ပစ္စည်းအမျိုးအမည် များများရှိရန် ပြင်ဆင်ထားရန် အထူးအရေးပါလှပါသည်။ လက်ရှိအခြေအနေတွင် လစဉ်ထုတ်ကုန်သွင်းကုန်ပမာဏ မညီမျှမှုကြောင့် ဒေါ်လာလဲလှယ်နှုန်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တစ်နည်းတစ်ဖုံ အကျိုးသက်ရောက်မှုရှိနေပေသည်။ ယေဘူယျတွင် လုပ်အားခသက်သာသည်ဆိုသော်လည်း ကျွမ်းကျင်လုပ်သားများ အားနည်းခြင်းသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အတွက် အလေးထားစဉ်းစားရမည့်အချက် ဖြစ်နေပြန်သည်။
အပြောင်းအလဲများကို ဟန့်တားရန်၊ လုပ်ဆောင်ရန် ခက်ခဲသော်လည်း ပြောင်းလဲရန်လိုအပ်သည်ဟု လုံးဝဥဿုံ ယုံကြည်ပါက မိမိကိုယ်တိုင်ပြောင်းလဲမှသာ နိုင်ငံ၊ အဖွဲ့အစည်းနှင့် တစ်ဦးချင်းစီအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း။
မောင်သာ