အလုပ်ကြောင့် စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ တက်ကြွနေစေမယ့် နည်းလမ်းများ

Stress1

သင်ဟာ သင့်အလုပ်ကို ဘယ်လောက်ပဲမြတ်နိုးပါစေ၊ တစ်ခါတလေ အားအင်ကုန်ခန်းသွားတတ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သင်ဟာ စီမံကိန်းအကြီးစားတစ်ခုလုပ်နေပြီး နောက်စီမံကိန်းအတွက် လှုံဆော်မှုရရှိဖို့ အခက်တွေ့ချင်တွေ့နေလိမ့်မယ်။ သင့်မိသားစုဘဝက သင့်စွမ်းအားတွေကို လိုတာထက်ပိုပြီး ကုန်ခန်းစေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သင်ငြီးငွေ့နေတာလည်း ဖြစ်နိုင်တယ်။ သင်ဘယ်လို အားပြန်ဖြည့်မလဲ။ အားဖြည့်နည်းတချို့က တခြားနည်းတွေထက် ပိုကောင်းပါသလား။ သင်ခံစားနေရတာဟာ ရိုးရိုးစိတ်ထောင်းကိုယ်ကြေဖြစ်မှုလား၊ ဒါမှမဟုတ် နာတာရှည် ဘဝင်မကျမှုလားဆိုတာ သင်ဘယ်လိုခွဲခြားသိမှာလဲ။

ကျွမ်းကျင်သူတွေက ဒီလိုပြောထားကြပါတယ် . . .

သင်အလုပ်လုပ်ရာမှာ သင့်မှာရှိတဲ့ စွမ်းအင်ပမာဏထက် ပိုပြီးအသုံးပြုရလို့ စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ခြင်းဟာ ခေတ်ပေါ်လုပ်ငန်းခွင်ကူးစက်ရောဂါလို့ ခေါ်ပါတယ်။

''လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်ပိုပြီး အခုအဲဒါပိုဖြစ်တာ သေချာတယ်။ အဓိကကတော့ ကျွန်တော်ရဲ့အာရုံကို ဆွဲဆောင်ပြီး အရာရာကို အရေးကြီးတယ်လို့ ထင်မှတ်စေတဲ့ ကိရိယာတန်ဆာပလာ Device တွေကြားမှာ ကျွန်တော်တို့ ရှိနေလို့ပါ'' လို့ ofignite.co ဆိုတဲ့ အတိုင်ပင်ခံလုပ်ငန်း တည်ထောင်သူ Ron Friedman က ပြောပါတယ်။

လူမှုရေးစိတ်ပညာရှင်နဲ့ No One Understands You စာအုပ်ရေးသူ Heidi Grant Halvorson ကလည်း ''တစ်ပတ် ၇ ရက်၊ တစ်ရက် ၂၄ နာရီ စက်ဝန်းထဲမှာ ဖိအားတွေများလွန်းတယ်။ အဲဒါကြောင့် ဖိစီးမှုခံစားရပြီး လုံးဝဥဿုံ ခြေကုန်လက်ပန်းကျသလို ခံစားရတယ်'' တဲ့။ ဒါကြောင့် သင်ဟာ ဓာတ်ဆီတိုင်ကီထဲ ဆီပြန်ဖြည့်သလို တက်ကြွနေစေဖို့ နည်းလမ်းတွေ ရှာဖို့လိုပါတယ်။

အလုပ်လုပ်တဲ့ရက်မှာ ခဏတစ်ဖြုတ်နားပါ . . .

''ပိုကြိုးစားခြင်း၊ ဒါမှမဟုတ် သူများထက်သာအောင် ပိုလုပ်ခြင်းတို့ကြောင့် သင်ဟာ ရေတိုရလာဒ်တွေရပေမယ့် ရုပ်ပိုင်းအရ ဆက်ထိန်းထားဖို့ မဖြစ်နိုင်ဘူး။ ရေရှည်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ သင့်ရဲ့ စိတ်စွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ ပုံမှန်အခွင့်အလမ်းတွေ လိုအပ်လိမ့်မယ်။ လမ်းလျှောက်ပါ။ ပြေးပါ။ သင့်အလုပ်စားပွဲနဲ့ ဝေးရာမှာ နေ့လယ်စာ သွားစားပါ။ သင့်ကွန်ပျူတာနဲ့ ဝေးရာကို ထွက်သွားခြင်းက စိတ်ကြည်လင်စေပြီး အခြေအနေတစ်ခုလုံးကို ပြန်လည်စစ်ဆေးသုံးသပ်မှု ဖြစ်စေပါလိမ့်မယ်။ ပြဿနာတစ်ခုအကြောင်း အလေးအနက် အပြင်းအထန် စဉ်းစားခြင်းနဲ့ ရှောင်ခွာခြင်းတို့ကြား အားလပ်ချိန်မှာ အဖြေတွေ မကြာခဏပေါ် ပေါ်လာပါတယ်'' လို့ Friedman က ပြောပါတယ်။

ဒါပေမဲ့ အနားယူချိန် သင့်လျော်မှန်ကန်ဖို့ လိုပါတယ်။ ''သင့်စွမ်းအားအပြည့်ဝဆုံးရှိမယ့် နံနက်ပိုင်းမှာ အလုပ်ကို အာရုံစူးစိုက်ပြီး ထုတ်လုပ်စွမ်းအားကို အမြင့်ဆုံး မြှင့်တင်ပါ။ အဲဒီအချိန်မှာ အခက်အခဲဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး အနားသွားယူလိုက်ပါ'' လို့ Halvorson က ပြောပါတယ်။

[caption id="attachment_25496" align="alignnone" width="423"]အားလပ်ချိန်မှာ လမ်းလျှောက်ပါ[/caption]

သင့်ရဲ့ ဒီဂျစ်တယ်ကိရိယာတွေကို ဘေးဖယ်ထားပါ . . .

Blackberry ဖုန်းမပေါ်ခင်က သင့်အလုပ်ကို ရုံးမှာထားရစ်ခဲ့ခြင်းဟာ ပျက်ကွက်မှုဖြစ်တယ်။ ''အဲဒီခေတ်က သင့်အလုပ်ကို အိမ်ယူသွားဖို့အတွက် အားထုတ်ပြီး စီစဉ်ဖို့လိုတယ်။ အခုခေတ်မှာတော့ ကျွန်တော်တို့အားလုံးဟာ 'စမတ်ဖုန်း' အသွင်နဲ့ ရုံးတစ်ရုံးလုံးကို အိတ်ကပ်ထဲ သယ်ဆောင်နေကြပြီ။ ဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအရပါ ရုံးအလုပ်နဲ့ချိတ်ထားကြတယ်။ ကုစားနည်းက ဒီဂျစ်တယ်ကိရိယာတွေ သုံးစွဲမှုကို ရုံးဆင်းတဲ့အခါ သင့်ဘာသာ ကန့်သတ်ပါ။

စမတ်ဖုန်းကို ခြင်းတောင်းထဲ၊ ဒါမှမဟုတ် အံဆွဲထဲထည့်ထားပြီး အီးမေး(လ်)စစ်ချင်တဲ့ စိတ်၊ ဖုန်းကိုင်လိုစိတ်တွေ ဖျောက်ပါ။ ဒါမှမဟုတ် ည ၈ ကျော်ရင် ဖုန်းကို စက်ပိတ်တဲ့စည်းကမ်းကို သင့်ဘာသာ ချမှတ်ပါ'' လို့ Friedman က ပြောသလို Halvorson ကလည်း ''သင့်ဖုန်းကို သွားသိမ်းထားလိုက်ပါ။ ဘယ်အလုပ်မဆို မနက်ဖြန်ကျမှ လုပ်ပါ'' လို့ ပြောပါတယ်။

စိတ်ဝင်စားတာ တစ်ခုခုကို လုပ်ပါ . . .

''သင်အနားယူချိန်မှာ အလုပ်ကိုရှောင်ဖို့၊ ဒါမှမဟုတ် ကန့်သတ်ဖို့ အာရုံစိုက်နေမယ့်အစား သင်မျှော်မှန်းထားတဲ့ ပြုပြင်ထိန်းသိမ်းမှု အတွေ့အကြုံတွေကို အစီအစဉ် ရေးဆွဲပါလို့'' Friedman က အကြံပေးပါတယ်။

''သင့်မိတ်ဆွေနဲ့ တင်းနစ်ရိုက်ခြင်း၊ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်နှင့်အတူတူ ချက်ပြုတ်စားသောက်ပြီး အီးမေး(လ်)စစ်ဆေးခြင်းမပြုဘဲ ရည်မှန်းချက်အပေါ် အာရုံစိုက်ဖို့ လှုံ့ဆော်ပါ'' လို့ သူက ပြောပါတယ်။

''သင့်အားလပ်ချိန်မှာ သင်လုပ်တဲ့ကိစ္စက အရေးပါ ပါတယ်။ ဆိုဖာပေါ် ပြောင်းဖူးပေါက်ပေါက်စားရင်း သင်တီဗီကြည့်တာ ကောင်းတယ်။ ဒါပေမဲ့ စစ်တုရင်ထိုးခြင်း၊ ဉာဏ်စမ်းဝေါဟာရတွေ ဖြည့်ခြင်းတို့လို စိန်ခေါ်မှုပိုရှိတဲ့ ကိစ္စတစ်ခုခုကို လုပ်သင့်ပါတယ်'' လို့ Halvorson က ပြောပါတယ်။

သီတင်းပတ်ကုန်ရက်မှာ ပိုကြာကြာနားပါ . . .

''သင်စိတ်ထောင်းကိုယ်ကြေဖြစ်ခြင်းဟာ သင်အနားယူဖို့ လိုအပ်ကြောင်း သင်္ကေတပြတာပါ။ သင်နားဖို့ ရက်သတင်းနှစ်ပတ်ကြာ အပန်းဖြေစရာမလိုဘူး။ စိတ်ဖိစီးမှု လျှော့ချဖို့ဆိုရင် သင်ဟာ စနေ၊ တနင်္ဂနွေမှာ ပုံမှန်နားခြင်းဖြင့် ပိုပြီး အကျိုးရှိလိမ့်မယ်။ အဝေးရောက်နေတဲ့အခါ သင့်ရုံးကို ဖုန်းမဆက်ပါနဲ့။ အီးမေး(လ်) မစစ်ဆေးပါနဲ့။ စိတ်ကို လုံးဝလျှော့ချထားပါ။ ကျွန်မတို့အားလုံး ကိုယ်ဖြစ်စေချင်သလောက် အရေးပါသူတွေ မဟုတ်ကြပါဘူး'' လို့ Halvorson က ပြောပါတယ်။

Stress3

အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ် အာရုံစိုက်ပါ . . .

တကယ်လို့ သင့်ရဲ့တာဝန်ဝတ္တရားတွေဟာ ချက်ချင်းအနားယူလို့ မရလောက်အောင် များပြားနေတယ်ဆိုရင် ဒီအလုပ်က ဘာကြောင့်အရေးပါမှန်း သင်စဉ်းစားပါ။ လက်ရှိသင့်တာဝန်ကို သင့်ရဲ့ပိုကြီးမားတဲ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ဆက်လုပ်ခြင်းအားဖြင့် သင်အပျင်းထူချင်စိတ်ကို အောင့်အီးဖို့ အထောက်အကူပြုပြီး တစ်နေ့တာ သို့မဟုတ် နောက်နှစ်ရက်၊ သုံးရက်အတွင်း သင်ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တဲ့စွမ်းအင်တွေ ရရှိလာလိမ့်မယ်။ ဒါက သင်ကို စိတ်ပေါ့ပါးစေမယ်ဆိုတာကိုတော့ သတိပြုပါ။

အလုပ်လုပ်လွန်းလို့ အားအင်တွေ ကုန်ခမ်းသွားရင် သင့်အလုပ်ကိုရပ်ဆိုင်းပြီး ကောင်းကောင်းနားဖို့ လိုအပ်ပါတယ်။

စိတ်ထောင်းကိုယ်ကြေဖြစ်မှု တကယ်ဟုတ်မဟုတ် စစ်ဆေးပါ . . .

ယခုဖော်ပြတဲ့ နည်းဗျူဟာတွေ တစ်ခုမှ အသုံးမတည့်ရင် ပိုပြီးပြင်းထန်တဲ့ အရာတစ်ခုကို သင်ရင်ဆိုင်နေရပြီလို့ မှတ်ပါ။ တကယ်လို့ သင်ဟာ နွမ်းနယ်ပေမယ့် အလုပ်လုပ်နိုင်သေးတယ်ဆိုရင် အဲဒါဟာ စိတ်ထောင်းကိုယ်ကြေမှု ဖြစ်နိုင်ပါတယ်။

''ဒါပေမယ့် သင်လုပ်သလောက် တိုးတက်မှုမရှိဘူး၊ သင့်အလုပ်ကလည်း အရေးပါပုံမရဘူးလို့ အောက်မေ့ရင် တခြားပြဿနာတစ်ခုခု ဖြစ်လိမ့်မယ်'' လို့ Halvorson က ပြောပါတယ်။ သင်အကောင်းဆုံး လုပ်ကိုင်ဖို့ လိုအပ်တာကို သင့်မန်နေဂျာက ပေးရဲ့လား။ မပေးဘူးဆိုရင် သင်တခြားရာထူးပြောင်းဖို့ လိုအပ်တယ်။ သင့်အလုပ်သဘောသဘာဝက သင့်စွမ်းအင်တွေကို လျော့ပါးစေသလား။ အဲဒါဆိုရင် သင့်အလုပ်အကိုင်ကို ပြန်သုံးသပ်ဖို့ လိုပြီ။

မှတ်သားစရာစည်းကမ်း . . .

ဆောင်ရန်

- သင်နားတဲ့အချိန်မှာ ဒီဂျစ်တယ်ကိရိယာတွေ သုံးစွဲမှု စည်းကမ်းချမှတ်ပါ။

- အလုပ်လုပ်တဲ့ရက်မှာ ပုံမှန်ခေတ္တနားပါ။

-  အလုပ်ကို အပန်းဖြေခရီးထက် ဦးစားပေးရရင် သင့်အတွက် အလုပ်က ဘာကြောင့်အရေးပါသလဲဆိုတာ စဉ်းစားပါ။

ရှောင်ရန်

- အပန်းဖြေခရီးထွက်တဲ့အခါ ဒါမှမဟုတ် သီတင်းပတ်ကုန်ရက်မှာ ကြာကြာနားတဲ့အခါ အီးမေး(လ်) မစစ်ပါနဲ့။

- အားလပ်ချိန်မှာ သင့်ကိုယ်သင် စိန်ခေါ်ပြီး သင်စိတ်ဝင်စားတဲ့ လှုပ်ရှားမှုတွေလုပ်ပါ။

- နိစ္စဓူ၀ သင်လုပ်သမျှ မဖြစ်ခဲ့ရင် အလုပ်သစ်ရှာဖွေပါ။ ဆက်တိုက် နုံးချည့်စိတ်မပါမှုကို ယာယီစိတ်ထောင်းကိုယ်ကြေမှုနှင့် မမှားပါနဲ့။

ပုဂ္ဂိုလ်တစ်ဦး၏ ကာလအပိုင်းအခြားတစ်ခုအတွင်း လေ့လာချက် -၁

သင့်အလုပ်က ဘာကြောင့်အရေးပါသလဲ ပြန်သုံးသပ်ပါ . . .

Miko Branch ဟာ နယူးယောက်မြို့အခြေစိုက် ဆံကေသာအလှ ထိန်းသိမ်းရေးပစ္စည်းကုမ္ပဏီ Miss Jessie's ရဲ့ စီးအီးအို၊ တွဲဖက်တည်ထောင်သူနဲ့ တီထွင်ဖန်တီးမှုညွှန်မှူးဖြစ်လို့ အတော်အလုပ်ရှုပ်ပြီး ပင်ပန်းပါတယ်။ ရုံးမှာ အစည်းဝေးတွေ လုပ်ရတယ်။ ဖုန်းတွေ ပြောရတယ်။ ဖောက်သည်တွေနဲ့ ချိန်းတွေ့ရပြီး ထုတ်လုပ်မှု အစီအစဉ်ရေးဆွဲမှုတွေ လုပ်ရတယ်။

''ကျွန်မ နယူးယောက်မှာ ရှိတဲ့အခါ တစ်နေ့လုံး ရုံးထဲဝင်လိုက်၊ ထွက်လိုက်ပဲ။ ခရီးထွက်နေတဲ့အခါ နှစ်နာရီတစ်ခါလောက် အီးမေး(လ်)စစ်တယ်။ စိတ်ထောင်းကိုယ်ကြေမဖြစ်အောင် ရှောင်နည်းက နေ့တိုင်း ခေတ္တမှေးစက်အနားယူတာပါ။ တစ်ခါတလေ ၁၀ မိ နစ်၊ တစ်ခါတလေ နာရီဝက်အိပ်တယ်။ တစ်ခါတလေ ရုံးခန်းထဲက ဆိုဖာပေါ်မှာ၊ တစ်ခါတစ်လေ ကြမ်းပေါ်မှာ စောင်၊ ဒါမှမဟုတ် ကုတ်အင်္ကျီခြုံပြီး အိပ်တယ်''

ဒါပေမဲ့ သူ့လုပ်ငန်းတည်ထောင်ပုံအကြောင်းစာအုပ်ကို လက်စသတ်ရေးဖို့၊ ကုန်ပစ္စည်းသစ်မျိုးစုံ မိတ်ဆက်ဖြန့်ချိဖို့ရှိလို့ စိတ်ဖိစီးမှုဖြစ်တာကြောင့် မိုင်ယာမီမြို့မှာ သုံးရက်သွားနေပြီး စာရေးတည်းဖြတ်မှုပဲ လုပ်တယ်။

သူ့အလုပ်နဲ့ ဒီစာအုပ်ဟာ သူ့အတွက် အလုပ်အကိုင်အရရော၊ ပုဂ္ဂိုလ်ရေးအရပါ ဘယ်လောက်အရေးပါသလဲဆိုတာ သူ့ဘာသာ အမြဲသတိပေးပြီး အားမွေးတယ်။

''ကျွန်မနဲ့ကျွန်မရဲ့ညီမက တစ်ပြားမှမရှိဘဲ ဒီလုပ်ငန်းကို ဖန်တီးခဲ့တယ်။ ကျွန်မတို့ဟာ မိန်းမသားတွေဖြစ်ပြီး လူမည်းမတွေလည်း ဖြစ်တယ်။ ကျွန်မတို့အကြောင်းကို ပြောပြပြီး သူများတွေ အားကျအတုယူစေချင်တယ်'' လို့ ပြောတယ်။ Miko ဟာ သောကြာ၊ စနေ၊ တနင်္ဂနွေနားပြီး စာမူလက်စသတ်ကာ တနင်္လာနေ့ကျတော့ လန်းဆန်းစွာနဲ့ ရုံးပြန်တက်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦး၏ ကာလအပိုင်းအခြား တစ်ခုအတွင်း လေ့လာချက် -၂

သင့်ရဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်မှု လက္ခဏာတွေ ဆက်ရှိနေရင် အလုပ်ပြောင်းဖို့ အဆင့်သင့်ပြင်ထားပါ . . .

L.A မြို့အနီးရှိ လျှပ်စစ်မီးထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ Nicole Scott ဟာ အလုပ်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားပါတယ်။

''ကျွန်မတာဝန်တွေက ငြီးငွေ့စရာကောင်းတယ်။ တစ်မျိုးတည်းကို ထပ်တလဲလဲလုပ်ပြီး စိန်ခေါ်မှုလည်း မရှိဘူး'' လို့ သူကပြောတယ်။ သူအဆိုပြုတဲ့ စီမံကိန်းတစ်ခုကိုလည်း အထက်က ပယ်ချတော့ ပိုဆိုးသွားတယ်။ အဲဒါကြောင့် သူ့မှာ လှုံ့ဆော်မှု လျော့သွားတယ်။ Nicole ဟာ ထက်မြက်တဲ့ မိန်းမဖြစ်ပေမဲ့ နောက်တော့ အပျင်းထူသွားတယ်။ သူလုပ်နေတဲ့ လုပ်ငန်းအသစ်အတွက် နည်းဗျူဟာကျကျ မတွေးခဲ့ဘူးလို့ ရိပ်မိတယ်။

''ကျွန်မ အလုပ်ပြန်လုပ်တယ်။ တက်ကြွလှုပ်ရှားမှုလည်း ရှိတယ်'' လို့ သူက ပြောတယ်။ ဒါပေမဲ့ Nicole ဟာ နှစ်လလောက်ကြာတော့ အလုပ်ထွက်ပြီး ဒင်ဗာမြို့မှာ SpyderLynk ဆိုတဲ့ မိုဘိုင်းဈေးကွက်ဖော်ဆောင်ရေးနဲ့ နည်းပညာကုမ္ပဏီကို တည်ထောင်ပြီး စီးအီးအိုလုပ်တယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်မှုဟာ သူ့ရဲ့ ဘဝတဆစ်ချိုးဖြစ်တယ်။ ''ကျွန်မလုပ်နေတာကို ရင်ခုန်တယ်။ နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး ဟိုမန်နေဂျာကြီးက ငြင်းလိုက်တာကို ကျွန်မကျေးဇူးတင်တယ်'' လို့ Nicole က ပြောပါတယ်။

စိုးသိဏ်း