ဝန်ထမ်းတွေဟာ တူညီတဲ့ပန်းတိုင်တွေကို ရောက်အောင် အတူတကွကြိုးစားကြမယ်ဆိုရင် စီးပွားရေးလုပ်ငန်းဟာ ပိုအောင်မြင်မှာဖြစ်သလို Customer တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဘယ်လုပ်ငန်းမှာမဆို ဝန်ထမ်းအသင်းအဖွဲ့ရှိခြင်းက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခု ရရှိအောင်ပြုလုပ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ပင်ကိုစွမ်းရည်ရှိတဲ့ ဝန်ထမ်းတွေကိုစုပြီး Team ဖွဲ့စည်းလိုက်တဲ့အခါ သူတို့ရဲ့စွမ်းရည်ကို စုစည်းနိုင်တဲ့အပြင် ထူးခြားပြောင်မြောက်တဲ့ စွမ်းအင်ပမာဏနဲ့ တီထွင်နိုင်စွမ်းအားတွေလည်း ထွက်ပေါ်လာပါလိမ့်မယ်။ ဒါအပြင် စုပေါင်းလုပ်ဆောင်ချက်၊ သစ္စာစောင့်သိမှုနဲ့ စေ့စပ်ညှိနှိုင်းနိုင်စွမ်းတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် ထူးခြားကောင်းမွန်တဲ့ Team တစ်ခု ဖွဲ့စည်းနိုင်ဖို့ နည်းလမ်းငါးခုကို ဖော်ပြလိုက်ပါတယ်။
၁။ အသင်းအဖွဲ့စိတ်ဓာတ်ကို အသားပေးတဲ့ Team တွေ ဖွဲ့စည်းပါ။
ပူးပေါင်းဆောင်ရွက်မှုကို သင့်ကုမ္ပဏီရဲ့ အဓိကပုံရိပ်အဖြစ် ပြုလုပ်ပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ လုပ်ပိုင်ခွင့်ပေးခံရတဲ့ ကိုယ်တိုင်စီမံအုပ်ချုပ်ခွင့်ရတဲ့ Team တွေကိုလည်း အလေးပေးမှုထားရှိပါ။ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြပါ။ ဒီ Team တွေကို သတ်မှတ်ထားတဲ့အချိန်မှာ အလုပ်တာဝန်ပြီးမြောက်ဖို့အတွက် အခွင့်အာဏာလွှဲအပ်ရင်းနဲ့ သင့်ဝန်ထမ်းအပေါ် ထားရှိတဲ့ သင့်ရဲ့လေးနက်တဲ့ယုံကြည်မှုကို ဖော်ပြလိုက်ပါ။ နောက်ဆက်တွဲအကျိုးရလဒ်အတွက်လည်း သူတို့တွေတာဝန်ယူနိုင်ဖို့ သေချာအောင် လုပ်ထားပါ။
၂။ Team အတွက် တိကျတဲ့ပန်းတိုင်ကို သတ်မှတ်ထားပါ။
နောက်နှစ်နွေရာသီအတွက် ကုမ္ပဏီအလိုက် နှစ်စဉ် ပျော်ပွဲစားထွက်ဖို့မစီစဉ်ဘဲ သင့်ရဲ့ Team တွေကို အရေးကြီးတဲ့ Assignments နဲ့ Projects တွေ လုပ်ခိုင်းလိုက်ပါ။ ဒီ Team တွေကို ဈေးကွက်ထဲမှာ ပြောင်းလဲနေတဲ့ ဦးတည်ချက်အသစ်တွေကို လေ့လာခိုင်းပါ။ ဈေးကွက်စီးပွားရေးစနစ်ကို အမြင်သစ်တွေနဲ့ ကြည့်တတ်အောင် ပြုလုပ်ခိုင်းပါ။ အချိန်တိုင်းမှာ တူညီတဲ့လူတွေကပဲ တူညီတဲ့ ဆုံးဖြတ်ချက်တွေကို မချခိုင်းဘဲ အချင်းချင်း ပြိုင်ဆိုင်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ပိုနေမြဲ ကျားနေမြဲ အခြေအနေနဲ့ သမားရိုးကျတဲ့ တွေးခေါ်မှုတွေကို စိန်ခေါ်နိုင်ဖို့ ကြိုးစားခိုင်းပါ။ ဒီလိုလုပ်တာက သင့်ကုမ္ပဏီကို သူများနောက်ကောက်မကျစေဘဲ အမြဲတမ်း ခြေတစ်လှမ်းသာစေပါတယ်။
၃။ သမားရိုးကျမဟုတ်တဲ့ Team တွေကို အားပေးပါ။
လုပ်ငန်းအဖွဲ့အစည်းတွေမှာ သမားရိုးကျနည်းလမ်းတွေကို လိုက်နာတဲ့ Team တွေထက် လုပ်ရိုးလုပ်စဉ်တွေကို ဖောက်ထွက်ပြီးလုပ်တဲ့ Team က ပိုပြီးလျင်မြန်စွာ အလုပ်ပြီးမြောက်ပါတယ်။ ဒါကြောင့် သင့်ကုမ္ပဏီထဲမှာ တစ်ဟုန်ထိုးတိုးတက်လာတဲ့ သမားရိုးကျမဟုတ်တဲ့ Team တွေကို အားပေးပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မယ့်အကြောင်းအရာနဲ့ အခွင့်အလမ်းတွေကို အားပေးပါ။ သင့်ရဲ့ဝန်ထမ်းတွေက အရေးမကြီးတဲ့ဆုံးဖြတ်ချက်တိုင်းကို ထိပ်ဆုံးစီမံအုပ်ချုပ်မှုအဖြစ် တိုးမြှင့်ပြောင်းလဲတာမလုပ်ဘဲ စီးပွားရေးလုပ်ငန်းတွေကို သူတို့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရင် သင့်အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုဟာလည်း စွမ်းဆောင်ရည်မြင့်လာမှာဖြစ်ပြီး ကုမ္ပဏီအတွက် အကျိုးအမြတ်ရစေမှာ ဖြစ်ပါတယ်။
၄။ ဝန်ထမ်းတွေကို မတူညီတဲ့လုပ်ငန်းကဏ္ဍတွေမှာ လေ့လာစေပါ။
သင့်ဝန်ထမ်းတွေဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ ကွဲပြားတဲ့လုပ်ငန်းလည်ပတ်မှုစနစ်တွေကို နားလည်သွားတဲ့အခါ သူတို့ဌာနအတွက် အသုံးဝင်မယ့် ဆုံးဖြတ်ချက်တွေကို ပြုလုပ်နိုင်စွမ်းရှိလာပါတယ်။ ဒါကြောင့် သင့်ဝန်ထမ်းတွေကို အခြားဝန်ထမ်းတွေရဲ့အလုပ်တွေကို လေ့လာနိုင်မယ့်အခွင့်အရေး ပေးလိုက်ပါ။ အဖွဲ့အစည်းတချို့ဆိုရင် ရက်အလိုက်၊ ဒါမှမဟုတ် အပတ်စဉ်၊ လစဉ်အလိုက် ဌာနအသီးသီးက ဝန်ထမ်းအချင်းချင်း တာဝန်လဲလှယ်တာတွေရှိပါတယ်။ ပုံမှန်ဝန်ထမ်းတွေထက်စာရင် ပြောင်းပြီးလုပ်ရတဲ့ ဝန်ထမ်းတွေက လုပ်ငန်းသစ်အပေါ်မှာ ပိုပြီးတန်ဖိုးထားကြတာကို တွေ့ရပါလိမ့်မယ်။
၅။ Team အတွက် စွမ်းအင်အရင်းအမြစ်တွေကို ထောက်ပံ့ပါ။
ကုမ္ပဏီတစ်ခုမှာ တစ်ဦးချင်းစီရဲ့အရည်အသွေးတွေက ဘယ်လောက်ပဲ ပါရမီထူးချွန်နေပါစေ၊ သင့်လျော်တဲ့ထောက်ပံ့မှုမရှိရင် Team တွေဟာ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ Team တွေဟာ သူတို့ပုံမှန် တွေ့ဆုံနိုင်တဲ့ သတ်မှတ်ထားတဲ့နေရာနဲ့ လွတ်လပ်တဲ့နေရာတွေ လိုအပ်ပါတယ်။ လူထူထပ်တဲ့ နေ့လယ်စာစားခန်းထဲမှာ ဘာမှဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေဟာ Team Meeting အတွက် လုံလောက်တဲ့အချိန်ကို ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှ အထက်အရာရှိနဲ့ ကြီးကြပ်ရေးမှူးတွေရဲ့ အငြိုအငြင် မခံရမှာဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင် သင့် Team တွေအတွက် လုံလောက်တဲ့ ငွေကြေးပမာဏတွေကို ထောက်ပံ့ပါ။ ဒီပိုက်ဆံတွေကို ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက် အသုံးပြုနိုင်ဖို့ လမ်းညွှန်ချက်နဲ့ ခွင့်ပြုချက်ကိုပါ တစ်ပါတည်းပေးထားဖို့ လိုအပ်ပါလိမ့်မယ်။
အယ်ဒီတာအဖွဲ့