သင်ကြားပေးတတ်ခြင်းက ဦးစီးခေါင်းဆောင်တစ်ယောက်ရဲ့ အလွန်အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ရပ်ဖြစ်တယ်။ များမကြာခင်နှစ်များအတွင်းကစပြီး စီးပွားရေးနယ်ပယ်မှာ အရေးပါအရာရောက်လာခဲ့တာ ဖြစ်ပါတယ်။ သတိထားရမယ့် အချက်တစ်ချက်တော့ရှိတယ်။ အဲဒါကတော့ အဖွဲ့အစည်းထဲကဖြစ်ဖြစ်၊ အပြင်ကဖြစ်ဖြစ် သင်ကြားပြသပေးကြသူတွေဟာ အတတ်နိုင်ဆုံး ထိထိရောက်ရောက် သင်ကြားပေးနိုင်သူ ဖြစ်မဖြစ်ကို သေချာအောင် ကြည့်ဖို့ပဲဖြစ်တယ်။ ဒီလိုကြည့်နိုင်ဖို့အတွက် ကြီးကြပ်ပေးမှုဟာ အရေးကြီးတယ်။
အယူအဆ . . .
စီးပွားရေးလုပ်ငန်းတွေမှာ အမှုဆောင်ဆိုင်ရာ တနည်းအားဖြင့် ဦးစီးခေါင်းဆောင်ပိုင်းဆိုင်ရာ သင်ကြားပေးခြင်းဟာ အလွန်ထိရောက်မှုရှိတယ်။ လူသိလည်းပိုများလာသလို အကုန်အကျလည်း များပါတယ်။ ဒီလို သင်ကြားပေးတဲ့အလုပ်က ကြီးထွားလာတာ အတော်မြန်တယ်။ အရည်အချင်းမရှိကြသူတွေလည်း ဝင်ရောက်လုပ်ကိုင်နေကြတာ တွေ့ရတယ်။ ဒါကြောင့် တကယ်ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ဆရာကို ရွေးတတ်ဖို့လိုတယ်။ ဒါမှလည်း ငှားရကျိုးနပ်မှာဖြစ်တယ်။ ငှားရာမှာလည်း ဒီဆရာကို ကြီးကြပ်ပေးတဲ့သူရှိဖို့ လိုတယ်။ အဲသလိုကြီးကြပ်ပေးမယ့်သူဟာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့လိုပြီး အဲဒီဆရာကို ဓမ္မဓိဋ္ဌာန်ကျကျ နှစ်ကိုယ်ကြားကူညီပံ့ပိုးပေးနိုင်တဲ့သူ ဖြစ်ရမယ်။
ကြီးကြပ်တဲ့အလုပ်ကို လျစ်လျူရှုလေ့ရှိကြတယ်။ ဒါပေမဲ့ ကြီးကြပ်မှုအရေးကြီးတဲ့ အကြောင်းပြချက် အတော်များများရှိတယ်။ သင်ကြားပြသတဲ့ဆရာကို တစ်ယောက်ယောက်က ထောက်ခံပြောဆိုလိုက်ရင် နောက်တစ်ယောက်က ရှုထောင့်အမြင်တစ်မျိုးကနေ တင်ပြလာတယ်။ ဒီအခါမျိုးမှာဆိုရင် ဆရာနှစ်ယောက်ကို တစ်ယောက်စာပဲ ဉာဏ်ပူဇော်ခပေးပြီး နာယူမှတ်သားနိုင်မှာဖြစ်တယ်။ အထူးသဖြင့် ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေအတွက် အဲသလို အပြင်လူနှစ်ဦးရဲ့အမြင်ဟာ တန်ဖိုးရှိတယ်။ အမှုဆောင်လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီး သင်ကြားပြသမယ့်သူ သတ်သတ်မှတ်မှတ်မရှိတဲ့ လုပ်ငန်းတွေမှာ အခုလိုအကြံပေးတင်ပြခြင်း၊ ထောက်ပြခြင်းများ ပြုလုပ်ပေးနိုင်တဲ့ ကြီးကြပ်သူရှိသင့်တယ်။ အခုအခါမှာတော့ သင်ကြားမှုတွေမှာ အဲသလို ကြီးကြပ်ပေးမှု တွေရှိလာနေပါပြီ။ ရှိလည်းရှိသင့်တယ်လို့လည်း အထူးအလေးထားပြောဆိုနေပြီ ဖြစ်ပါတယ်။
သင်ကြားပြသသူဟာ ကြီးကြပ်သူနဲ့ လေးငါးခြောက်ပတ်မှာ တစ်ကြိမ်၊ မိနစ် ၉၀ ကြာ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ကြီးကြပ်သူကြောင့် သင်ကြားသူရဲ့ အရည်အသွေး ပိုကောင်းလာနိုင်မှာဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
- သင်ပြမယ့်သူကို ၁၀ မိနစ် အစမ်းသင်ခိုင်းကြည့်ပါ။
- ဒါမှလည်း သင်ပြပုံကို သိလာရမှာဖြစ်ပြီး၊ အပြန်အလှန်နားလည်မှုလည်း ရလာမှာဖြစ်တယ်။
- မိမိအတွက် အလိုအပ်ဆုံး အသင့်တော်ဆုံးတွေကိုသာ သင်ကြားခိုင်းပါ။
- သင်ကြားသူဟာ လူကြီးတွေကို ဘယ်လိုသင်ရမလဲဆိုတာ သိထားသလားဆိုတာ သိသင့်တယ်။ သူတို့ ဘယ်လောက်သင်ပြမှု အတွေ့အကြုံရှိသလဲ။
- သင်ကြားသူဟာ သင်ကြားမှုအပြင် တခြားဘာတွေတတ်သိထားသလဲ။ ဘာတွေလုပ်နေသေးလဲ။
- ကြီးကြပ်သူပါတဲ့ သင်ပြဆရာကိုသာ ရွေးပါ။ ဒါမှ စိတ်ချရတယ်။
ညွန့်သောင်း