ပြီးခဲ့တဲ့နှစ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် စီးပွားရေးလောကမှာ ယုံကြည်မှု 'Trust' ဆိုတာ လုံးဝပျက်စီးသွားခဲ့တယ်။
အများပြည်သူနဲ့သက်ဆိုင်တဲ့ စတော့ရှယ်ယာဈေးကွက်တွေမှာ ယုံကြည်မှုဆိုတာ လုံးဝကင်းမဲ့သွားသလို ထိပ်ပိုင်းဦးဆောင်သူတွေနဲ့ သူတို့ရဲ့လုပ်ဆောင်မှုပုံစံတွေကို လုံးဝအယုံကြည်ကင်းမဲ့သွားတာမျိုး တွေ့မြင်နေရပါတယ်။ အများပြည်သူလက်ခံထားတဲ့ Trust ပျက်တယ်ဆိုတာက အများစုဟာ မရိုးမသားလုပ်ဆောင်လို့ဆိုတာထက် လောဘကြီးတာရဲ့ရလဒ်ကြောင့် ဆိုတာပါပဲ။ တစ်နည်းအားဖြင့် သူများရဲ့ပိုက်ဆံတွေနဲ့ မိမိချမ်းသာအောင် လုပ်ဆောင်ခြင်းပါပဲ။ အဲဒါတွေရဲ့ရလဒ်ကတော့ အမေရိကန်နဲ့ ဗြိတိန်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ကော်ပိုရေးရှင်းကြီးတွေမှာ ငွေကြေးပြဿနာတွေ ကြုံရပြီး တော်တော်များများ ပျက်စီးသွားတာဟာ နှမြောစရာပါပဲ။ လောဘသတ်လိုက်တာပါပဲ။
အဲဒါတွေ ကြုံတွေ့လာရတာနဲ့ နောက်ဆက်တွဲ ကောင်းတာတစ်ခုကတော့ စည်းကမ်းသတ်မှတ်ချက်တွေ ဥပဒေတွေ အများကြီးထွက်လာတာပါပဲ။ ကျွန်တော့် ပုဂ္ဂိုလ်ရေးသုံးသပ်ချက်ကတော့ ယုံကြည်မှုကင်းမဲ့ခြင်း၊ မတရားလောဘရှိခြင်းနဲ့ လက်လွတ်စပယ် လုပ်ကိုင်ခြင်းတို့ဟာ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုလို ဖြစ်ခြင်းကြောင့် အဲဒီလိုပြဿနာတွေ၊ ဆုံးရှုံးမှုတွေ ကြုံတွေ့ရခြင်းဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဘယ်လိုပဲထိန်းချုပ်တဲ့စနစ်တွေ၊ အခြေခံစည်းမျဉ်းတွေ ကောင်းမွန်ပြည့်စုံနေပါစေ၊ အဖွဲ့အစည်းတစ်ခုရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ အထူးသဖြင့် ထိပ်ဆုံးကတာဝန်အရှိဆုံးသူရဲ့ ခံယူချက်နဲ့ ပြုမူချက်ဟာ အရေးပါဆုံးဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်စေမြုပ်စေပါတယ်။
အထူးသဖြင့် အများပိုင်ကုမ္ပဏီတွေ ဦးဆောင်ရသူတွေအဖို့ ဥပမာ - အကြံပေးပဲဖြစ်ဖြစ်၊ စာရင်းစစ်ပဲဖြစ်ဖြစ်၊ တာဝန်ခံရတဲ့ ဒါရိုက်တာပဲဖြစ်ဖြစ် အလွန်အရေးကြီးတဲ့အချက်က မှန်ကန်တဲ့ခံယူချက်၊ မှန်ကန်တဲ့ ယဉ်ကျေးမှုရှိဖို့ လိုပါတယ်။ အဲဒီလို ခံယူချက်၊ ယဉ်ကျေးမှုလွဲမှားရင် ဘယ်လောက်ပဲတော်တဲ့သူတွေ ဦးဆောင်ပါစေ အနှေးနဲ့အမြန် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့ရမှာ အမှန်ပါပဲ။ ဥပမာ - အမေရိကားရဲ့ စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Enron စာ ထိပ်ပိုင်းဦးဆောင်သူတွေရဲ့ အလွဲသုံးစားလုပ်မှုကြောင့် အမေရိကန်ဒေါ်လာ ၆၃.၄ ဘီလီယံတန်ဖိုးရှိတဲ့ Enron အဖွဲ့အစည်းကြီး ၂၀၀၁ ခုနှစ်မှာ ဒေဝါလီခံခဲ့ရတာ မှတ်မိကြပါလိမ့်မယ်။ အလားတူပဲ အခြားပျက်စီးသွားတဲ့ ကော်ပိုရေးရှင်းတွေမှာ ထိပ်ဆုံးကလူတွေ လွဲသွားလို့ဖြစ်တဲ့ ပြဿနာတွေပါပဲ။
အဲဒီအချက်တွေကို အခြေခံသုံးသပ်လို့ရှိရင် ကျွန်တော့်ကောက်ချက်ကတော့ ခေါင်းဆောင်ဆိုတာ မြင်သာထင်သာတော့ အပြောထက် အလုပ်နဲ့လက်တွေ့လုပ်ပြပြီး ဦးဆောင်ဖို့ အလွန်အရေးပါတယ်ဆိုတာပါပဲ။ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ခံယူချက်ဟာ အဖွဲ့အစည်းရဲ့ 'ခံယူချက်နဲ့အသံ' ဖြစ်တော့ ကျန်တဲ့ အဆင့်တိုင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းက လိုက်လုပ်ကြတာပဲလေ။ အဲဒါကြောင့် အခြေခံကျတဲ့ခံယူချက်တွေ ရှိဖို့လိုသလို ပြောတဲ့အတိုင်းလုပ်တဲ့ ခေါင်းဆောင်တွေဖြစ်ဖို့ လိုပါတယ်။ ဝန်ထမ်းတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံလဲ၊ နာမည်ကောင်းဂုဏ်သတင်းဆိုတာကို ဘယ်လိုနားလည်ထားလဲ၊ ကိုယ့်ရဲ့ရာထူးတာဝန် အဆင့်အတန်းပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလေးလေးစားစား ဆက်ဆံကြလဲ၊ အပေါ်ယံ ဆက်ဆံကြတာလား၊ Enron မှာဆိုရင် CSR ကို ဖိဖိစီးစီး လုပ်ကြပေမယ့် လက်တွေ့မှာတော့ အခွင့်အရေးတစ်ခုခုရဖို့ လုပ်ပြတာမျိုးဖြစ်နေတယ်။
ခေါင်းဆောင်အနေနဲ့ လုပ်ပြရမှာက နာမည်ရဖို့ CSR လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က ယုံယုံကြည်ကြည်နဲ့ လုပ်ပြတာမျိုးဖြစ်နေမှ အဆင့်ဆင့်မှာရှိတဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အဖွဲ့အစည်းရဲ့ သတ်မှတ်ထားတဲ့ 'စံ' တွေကို လုပ်ဆောင်ကြမှာလေ။ CSR ဆိုတာ ကိုယ်လုပ်ဆောင်နေရတဲ့ ပတ်ဝန်းကျင်အတွက် အကျိုးရှိအောင် လုပ်ဆောင်တယ်ဆိုပေမယ့် ကိုယ့်အဖွဲ့အစည်း နာမည်ကောင်းရဖို့ တစ်ဖက်တစ်လမ်းက အကျိုးပြုနေတာမျိုးလေ။ အဲဒါအပြင် ကိုယ့်အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေတဲ့ လူတိုင်းကို ဂုဏ်ရှိစေတယ်။ ဝန်ထမ်းတွေကို မြဲစေတယ်။ ဝန်ထမ်းသစ်တွေခန့်ဖို့ လွယ်ကူတယ်။ အဲဒါအပြင် အခြားအဖွဲ့အစည်းတွေအတွက်လည်း စံနမူနာကောင်းဖြစ်စေတယ်။
ကျွန်တော်တို့အတွက် ဈေးကွက်စီးပွားရေးနဲ့ အများပိုင်ကုမ္ပဏီတွေရှိခြင်းဟာ လူအနည်းစုချမ်းသာဖို့ မဟုတ်ဘဲ လူအများချမ်းသာဖို့ ရည်ရွယ်ပါတယ်။ အဖွဲ့အစည်းတွေကို ယုံကြည်ဖို့နဲ့ အယုံကြည်ခံဖို့က ဝန်ထမ်းတွေ၊ နိုင်ငံရေးသမားတွေ၊ တာဝန်ရှိသူတွေ၊ ဂျာနယ်လစ်တွေအတွက် အရေးပါပါတယ်။ အဲဒါကြောင့် အဖွဲ့အစည်း အနေနဲ့ လက်တွေ့လုပ်ပြဖို့၊ ကျင့်ကြံဖို့ အရေးပါပြီး ကျွန်တော့်အနေနဲ့ တာဝန်အရှိဆုံးဖြစ်နေတာကတော့ ထိပ်ဆုံးက ဦးဆောင်သူဖြစ်နေလို့ပါပဲ။
ကျွန်တော်တို့ စုံစမ်းလေ့လာရတဲ့အချက်တွေ အများစုမှာ တူညီတာက ထိပ်ဆုံးကသူက အမှားတွေကို မသိမသာစလုပ်ရာကနေ နောက်ဆုံးအမှားတွေပဲ လုပ်ဆောင်သွားမိတာမျိုးကြောင့်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဖြူရောင်ကနေ အစမှာတော့ ခဲရောင် နောက်ကျတော့ လုံးဝအမည်းရောင် ရောက်သွားတာမျိုး ဖြစ်ပါတယ်။ အပေါ်ဆုံးက စမှားပြီဆိုတော့ ပြောစရာမလိုတော့ဘူး။ အဆင့်ဆင့်တိုင်းမှားလာတော့ နောက်ဆုံးအဖွဲ့အစည်းက လုံးဝပျက်သွားရော။ စိတ်ဝင်စားစရာ တစ်ချက်က တစ်ခါတလေ သိပ်ထက်မြက်တဲ့သူတွေ၊ သိပ်ရိုးသားဖြောင့်မတ်တဲ့သူတွေကတောင် ရလဒ်ကိုပဲ ကြည့်ဆုံးဖြတ်မိတော့ သူတို့ပါ မှားကုန်ရော။
အဲဒါကြောင့် ရလဒ်လို့ဆိုရာမှာ မှန်ကန်တဲ့ ခံယူချက်၊ ယဉ်ကျေးမှုကို အခြေခံဖို့ လိုပါတယ်။ စံပြနမူနာကောင်းတွေ ရှိဖို့လိုပါတယ်။ ဥပမာ- တစ်စုံတစ်ယောက်ကို ရာထူးတိုးရာမှာ ထည့်စဉ်းစားသင့်တာက သူ့ရဲ့ဂုဏ်သတင်းကောင်း၊ လက်ခံကျင့်သုံးတဲ့စံတွေ၊ ဘယ်လိုဆက်ဆံပြုမူတယ် စတာတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲတော်နေပါစေ၊ တတ်နေပါစေ၊ အဖွဲ့အစည်းရဲ့ စံတွေ၊ ခံယူချက်တွေနဲ့ပတ်သက်ပြီး တလွဲလုပ်နေရင်တော့ အဲဒီလိုလူတွေကို ဖယ်ရှားဖို့စဉ်းစားသင့်ပါတယ်။ အဲဒီလူတွေဟာ ကင်ဆာရောဂါနဲ့တူပြီး လုပ်ဖော်ကိုင်ဖက်တွေကို ကူးစက်တော့ အဖွဲ့အစည်းအတွက် အလွန်အန္တရာယ်ကြီးမားပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ ပျက်စီးမယ်လို့ ကျွန်တော်မဆိုလိုပေမယ့် အဖွဲ့အစည်းတော်တော်များများဟာ ရှေ့လည်းမတိုး နောက်လည်းမဆုတ် သေနေတာမျိုး၊ အကျိုးမရှိတာမျိုး တွေ့ရပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ အဖွဲ့အစည်းတိုင်းမှာ ထိပ်ဆုံးက ခေါင်းဆောင်အနေနဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်အမှန်ကို စံပြအနေနဲ့လုပ်ကိုင်ပြမှသာ တာဝန်ရှိသူတိုင်း လိုက်နာလုပ်ဆောင်သွားရင်းနဲ့ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မှတ်သားဖို့ရာ . . .
၁။ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကတော့ မှန်ကန်တဲ့ခံယူချက်ထားရှိပြီး ကုမ္ပဏီအတွက် စံနမူနာကောင်းတွေနဲ့ စံပြနေထိုင်ဦးဆောင်သွားဖို့ လိုပါတယ်။
၂။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့အစည်းရဲ့ စံ၊ ခံယူချက်တွေနဲ့ မနေနိုင်တဲ့ဝန်ထမ်းတွေကို တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ အဖွဲ့အစည်း သတ်မှတ်ထားတဲ့ စံ၊ ခံယူချက်၊ စည်းမျဉ်းတွေနဲ့ နေထိုင်လုပ်ဆောင်တဲ့ ဝန်ထမ်းတွေကို ရာထူးတိုးခြင်းနဲ့ ဆုချီးမြှင့်ခြင်းတို့ ဦးစားပေးလုပ်သင့်ပါတယ်။
၃။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ထင်သာမြင်သာ ရှိနေအောင် အောက်ခြေအဆင့်အစည်းအဝေးတွေကိုပါ ရံဖန်ရံခါတက်ပြီး CSR နဲ့ ကုမ္ပဏီရဲ့စံ၊ ခံယူချက်တွေကို အခါအားလျော်စွာ အသိပေးသင့်ပါတယ်။
KPMG ဟာ Deloitte ၊ EY နဲ့ PwC တို့လို အတူ Big Four Firm ထဲမှာပါဝင်တဲ့ Professional Service ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့အခြေစိုက် KPMG ဟာ ဝန်ထမ်းပေါင်း ၁၇၄,၀၀၀ ကျော်ရှိပြီး စာရင်းစစ်ခြင်း၊ အခွန်နဲ့ အကြံပေးဝန်ဆောင်မှုတွေကို လုပ်ပေးပါတယ်။
သူ့ရဲ့အခွန်နဲ့ အကြံပေးဝန်ဆောင်မှုတွေအောက်မှာတော့ မတူညီတဲ့ Service Group တွေ အများကြီး ထပ်ခွဲထားတာပါ။ ၁၉၈၇ ခုနှစ်မှာ Klynveld Main Goerdeler နဲ့ Peat Marwich International တို့ ပေါင်းစည်းလုပ်ငန်း တည်ထောင်ရာကနေ KPMG ဆိုတဲ့ နာမည်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ နိုင်ငံတကာအတိုင်းအတာနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး J.B Veihmeyer က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
နိုင်ငံတစ်ခုစီမှာရှိတဲ့ KPMG ကုမ္ပဏီတွေက အမှီအခိုကင်းတဲ့ သီးသန့် Legal Entity အဖြစ် ရပ်တည်ကြသလို KPMG International Cooperative ရဲ့ Member ကုမ္ပဏီတွေလည်း ဖြစ်ကြပါတယ်။ ပင်မကုမ္ပဏီဟာ ဆွစ်ဇာလန်နိုင်ငံက Swiss Canton of Zug မှာ ဥပဒေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေလည်းပေးတဲ့ Multidis-ciplinary Entity တစ်ခုအဖြစ် ကုမ္ပဏီမှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ အင်္ဂလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ Liechtenstein တို့မှာရှိတဲ့ KPMG ကုမ္ပဏီတွေ ပေါင်းစည်းပြီး KPMG Europe LLP အဖြစ် ပြောင်းလဲတည်ထောင်ခဲ့ကြပါတယ်။ စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နဲ့ CIS (Commonewealth of Independent States) ထဲမှာ ပါဝင်တဲ့နယ်ပယ်တွေဖြစ်တဲ့ အဇာဘိုင်ဂျန်၊ ရုရှား၊ ယူကရိန်း၊ ဘယ်လာရု၊ ကာဂျစ္စတန်၊ ကာဇက်စတန်၊ အာမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတွေအပြင် တူရကီ၊ နော်ဝေ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကပါ နောက်ပိုင်းမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် John Griffith-Jones နဲ့ Ralf Nonnenmacher တို့ကို ပူးပေါင်းခန့်အပ်ခဲ့ပြီး ရုံးချုပ်ကတော့ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ တည်ရှိပါတယ်။
ဒေါက်တာသာထွန်းဦး