လုပ်ငန်းကို ဘက်စုံညီညီ လုပ်ဆောင်ပြီးမြောက်အကောင်အထည်ဖော်ခြင်း
လုပ်ငန်းလုပ်ဆောင်ရာတွင် မည်၍မည်မျှ ပြီးမြောက်ရန်လိုသည့်အတိုင်းအတာကို သိရှိဖို့လိုသည်။ အချိုးညီရန် လိုအပ်သည်။ Balanced Scorecard (BSC) သဘောအမြင်ကို Harvard University မှ Robert Kaplan နှင့် David Norton တို့က ဖော်ထုတ်ခဲ့သည်။
အရင်းခံသဘောမှာ အဖွဲ့အစည်းတစ်ခု၏ Strategy ကို တိုင်းတာရနိုင်သော အစိတ်အပိုင်းများအဖြစ် သတ်မှတ်၍ အပိုင်းတစ်ပိုင်းစီ၏ တိကျသောရည်မှန်းချက်ပြည့်မီမမီကို တိုင်းတာရမည်။ မိမိတို့ရည်မှန်းသော Vision မှစ၍ ပြီးမြောက်ရမည့် Mission ၊ Strategies နှင့် လုပ်ဆောင်ရမည့်လုပ်ငန်းအဖြစ် တိကျစွာ ခွဲခြားသတ်မှတ်၍ ရရှိရမည့်အတိုင်းအဆများကို ညီညွတ်ရန် လုပ်ဆောင်ရမည်ဟု ဆိုသည်။
BSC သည် မိမိ၏ မဟာဗြူဟာအနေအထားကို ဆန်းစစ်နိုင်သည်။ မိမိ၏ ဗြူဟာ A အရ အောင်မြင်မှုကို ရနေသော်လည်း ဗြူဟာ B မှာ အခြေအနေမကောင်း ဖြစ်နိုင်သည်။ အရှေ့အနောက်ဘယ်ညာ စုံညီစွာကောင်းမှ အောင်မြင်မှုအမှန်တကယ်ရရှိသည့် သဘောကို အဓိကထားရမည်ဖြစ်သည်။
ဘဏ္ဍာရေးရှုထောင့်
ရှယ်ယာရှင်များအဖို့ ဤရှုထောင့်မှာ အရေးပါသည်။ ကုမ္ပဏီတိုင်းလိုလို ဘဏ္ဍာရေးအချက်အလက်များကို မရှိမဖြစ် ပြုစုထားကြရသည်။ ကုမ္ပဏီတစ်ခု၏အောင်မြင်မှုသည် မိမိ၏ရှင်သန်မှုနှင့် ရှယ်ယာရှင်တို့၏ ကျေနပ်မှုအတွက် အဓိကဖြစ်သည်။ သို့ရာတွင် ဘဏ္ဍာရေးအချက်အလက်များမှာ ပြီးခဲ့သောကာလ၏ အခြေအနေနှင့် လတ်တလောအခြေအနေကိုသာပြနိုင်ပြီး အနာဂတ်အလားအလာကို မသိနိုင်ပေ။
ဝယ်သူများ၏ရှုထောင့်
မိမိကုန်ပစ္စည်းများရောင်းရဖို့မှာ ဝယ်သူများ၏အကြိုက်နှင့် ကိုက်ညီရန်လိုသည်။ ရထားပြီးဖောက်သည်များကို ထိန်းထားရခြင်းထက် ဖောက်သည်အသစ်များရရန်မှာ စရိတ်ပိုကြီးသည်။ ထိုအကြောင်းများကြောင့် ဝယ်သူများနှင့်ဆက်ဆံရေး၊ ဝယ်သူများ၏ကျေနပ်မှုမှာ အရေးပါသော စီမံခန့်ခွဲမှုသဘောတရားများ ဖြစ်လာသည်။ ဝယ်သူတို့ကို ကျေနပ်စွာဝန်ဆောင်ပေးနိုင်မှု အတိုင်းအတာနှင့်နာမည်ကောင်းရခြင်းတို့မှာ အရေးပါလာသည်။
လုပ်ငန်းဖြစ်စဉ်ရှုထောင့်
မိမိလုပ်ငန်းအတွင်း အလုပ်လုပ်ကိုင်ပုံ ထိရောက်မှုကို စိစစ်သုံးသပ်ရန်လည်း လိုအပ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်မှန်ကန်၍ အရည်အသွေးကောင်းရန် လိုအပ်သည်။ ပစ္စည်းများကောင်းစွာထိန်းသိမ်းခြင်း၊ ဝယ်သူ့လက်သို့အရောက် ပို့ပေးခြင်းတို့မှာ အရေးကြီးသောလုပ်ငန်းများ ဖြစ်သည်။ ‘အကောင်းဆုံးဖြစ်အောင် မည်သို့လုပ်ရမည်’ ဆိုသည့် မေးခွန်းကို သတိရှိနေရမည်။
သင်ယူမှုနှင့် လုပ်ငန်းတိုးတက်မှုရှုထောင့်
မိမိလုပ်ငန်းကို မည်သို့မည်ပုံ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်မည်ကို စဉ်းစား၍ အဖြေရှာလျှင် မိမိအနာဂတ်မည်သို့ လုပ်ဆောင်ရမည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်ရန် မည်သို့လုပ်ဆောင်ရမည်ကို သိလာမည်ဖြစ်သည်။ သင်တန်းများပေးခြင်းသာမက လုပ်သားများမှ အကြံပေးခြင်း၊ ဆွေးနွေးတိုင်ပင်၍ နည်းကောင်းများရှာခြင်း၊ လမ်းညွှန်သူကောင်းများရှိနေခြင်းမှာ လုပ်ငန်းအတွက် တီထွင်ဆန်းသစ်မှုများ ရှိလာနိုင်သည်။
လုပ်ငန်းတစ်ခု၏ အခြေအနေကို ရှုထောင့်စုံဘက်စုံမှ ဆန်းစစ်သည့်မှတ်တမ်းများအရ ပြည့်စုံစွာသိရှိမှသာ ပြီးပြည့်စုံသော စီမံခန့်ခွဲမှုဖြစ်မည်ဟု Balanced Scorecard အမြင်က အလေးထားထောက်ပြခြင်းပင်ဖြစ်သည်။
ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)