ဗဟုသုတနဲ့ ဉာဏ်အရင်းအနှီးတွေကြွယ်ဝလာရေး

ဗဟုသုတနဲ့ ဉာဏ်အရင်းအနှီးတွေကြွယ်ဝလာရေး(Developing Knowledge And Intellectual Capital)

learn99

ဉာဏ်အရင်းအနှီး တိုးပွားလာရေးဟာ မရှိမဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ အသိဉာဏ်ဗဟုသုတဟာ လုပ်ငန်းဆောင်ရွက်ရာမှာ အင်အားတစ်ရပ်ဖြစ်တယ်။ Hewlett-Packard ကုမ္ပဏီရဲ့ CEO ဖြစ်သူ Lew Platt က "Hewlat-Packard ဟာ အခုသိသလိုမျိုး အရင်ကသိခဲ့မယ်သာဆိုရင် ခုထက်သုံးဆ အမြတ်ရခဲ့မှာဖြစ်တယ်''လို့ ပြောဖူးတယ်။

အယူအဆ . . .

ဗဟုသုတဟာ ဉာဏ်နဲ့ပတ်သက်တဲ့ အရင်းအနှီးဖြစ်တယ်။ နည်းပညာတွေ ထွန်းကားလာကာ အင်တာနက်ဆိုတာလည်း ပေါ်ပေါက်လာတဲ့အတွက် လိုချင်တဲ့ ဗဟုသုတတွေကို နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့် ရယူသိရှိလာနိုင်ကြပြီဖြစ်တယ်။ အဲဒီလိုရရှိနိုင်တာတွေက အများကြီးပဲဆိုတော့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဗဟုသုတတွေကို ဘယ်လို ဆက်စပ်ဖန်တီးအသုံးချမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

ဉာဏ်နဲ့ပတ်သက်တဲ့ အရင်းအနှီးဆိုတာ ဗဟုသုတအကြားအမြင်တွေကနေ ထုတ်နုတ်ဖန်တီးယူရတဲ့ အရာမျိုးဖြစ်တယ်။ စာရေးဆရာ Thomas Stewart က ''လွတ်လွတ်လပ်လပ်တွေးတောကြံဆလိုက်လို့ ကျိုးကြောင်းဆီလျော်တဲ့အတွေးအမြင်တစ်ရပ် ထွက်ပေါ်လာရင် အဲဒီအတွေးအမြင်ဟာ အသုံးဝင်တဲ့ အရင်းအနှီးတစ်ရပ်ဖြစ်လာတယ်'' လို့ ဆိုပါတယ်။ ''ဒါပေမဲ့ ဒီဉာဏ်အရင်းအနှီးဟာ ရေမြောင်းထဲမှာ ပိုက်ဆံအကြွေစေ့တွေ ဟိုဟိုသည်သည် ပြန့်ကျဲနေတာမျိုးဖြစ်နေရင်တော့ အသုံးကျမှာ မဟုတ်ဘူး'' တဲ့။

အကြားအမြင်ဗဟုသုတဆိုတာ စုယူရတာဖြစ်တယ်။ ထိရောက်အောင် သုံးတတ်မှာလည်း တန်ဖိုးရှိတဲ့အရင်းအနှီးတစ်ရပ် ဖြစ်လာနိုင်တယ်။ ဆွီဒင်နိုင်ငံရဲ့ အကြီးဆုံးဘဏ္ဍာရေးဝန်ဆောင်မှု ကော်ပိုရေးရှင်း Skandia မှာ ၁၉၉၁ ခုနှစ်တုန်းက ကမ္ဘာ့ပထမဆုံးဉာဏ် အရင်းအနှီးဆိုင်ရာ ညွှန်ကြားရေးမှူး (Director of Intellectual Capital) အဖြစ် ခန့်ထားခြင်းခံရတဲ့ Leif Edvinsson က ဉာဏ်အရင်းအနှီးကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားပြခဲ့တယ်။

- Human Capital (လူအရင်းအနှီး) - လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကျွမ်းကျင်မှု၊ ထိုးထွင်သိမြင်မှုနဲ့ အစွမ်းအစများ။

- Structural Capital အဖွဲ့အစည်းထဲမှာ ကျန်ရှိနေတဲ့ ဗဟုသုတအချက်အလက်များ။

- Customer Capital ဖောက်သည်တွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေမှုရှိတဲ့ဆက်ဆံရေးများ။

လက်တွေ့ဆောင်ရွက်ရန် . . .

အကြားအမြင်ဗဟုသုတနဲ့ပတ်သက်ပြီး အောက်ပါတို့ကို သိအောင်လုပ်ပါ။

- ဘာနဲ့ပတ်သက်တဲ့အသိပညာတွေလဲ။ အထူးသဖြင့် ပြန်ဖြည့်တင်းဖို့ မလွယ်တဲ့အသိပညာတွေ။

- အဲဒီအသိပညာတွေ ဘယ်သူ့ဆီမှာရှိသလဲ။

- အဲဒီဗဟုသုတွေ၊ အသိပညာတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေသလား။

- အဓိကကိစ္စတွေနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတကို ပိုတိုးပွားအောင်လုပ်ပါ။ ဒါကို အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးနိုင်တယ်။ သင်တန်းတွေကလည်း ရနိုင်တယ်။

- အသိပညာ အဆက်မပြတ်ပါစေနဲ့။

- အသိပညာကို ကာကွယ်ပါ (ဥပမာ - မူပိုင်ခွင့်)။

- ထိရောက်တဲ့အသိပညာ ဖြန့်ချိရေးစနစ်တစ်ရပ် ထူထောင်ပါ။

- အသိပညာ ဘယ်လိုစီးဆင်းနေတယ်။ ဘာအတွက် သုံးနေတယ်။ ဘယ်လိုလက်တွေ့အသုံးချနိုင်သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး စနစ်တကျဆောင်ရွက်ပါ။

ညွန့်သောင်း