နိမ့်နေရင် တိုက်စစ်ဆင်ပါ

chess1

ရှေးရိုးစွဲဆရာတွေက ပြောကြတယ်။ အသာရအောင် လုပ်၊ အသာရပြီဆိုရင်တိုက်တဲ့။

ဒီနေ့ခေတ်မှာ အသာရတာနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင် ပြောစရာတွေများလာပါတယ်။ ကစားကွက် အသာရခြင်းလား။ ကစားကောင် အသာရခြင်းလား။ အချိန်အသာရခြင်းလား။ အခြေအနေအသာရခြင်းလား။ ကစားခုံပြင်ပ အသာရခြင်းလား စိတ်ဓာတ်ရေးရာ အသာရခြင်းလား။ တော်တော်များပါတယ်။

ကစားခုံပေါ်အသာရခြင်းနဲ့ အချိန်အသာရခြင်းက ကစားပွဲတစ်ပွဲ ယှဉ်ပြိုင်နေစဉ်မှာ အများဆုံး တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒါတွေအသာရနေပြီဆိုရင် အများအားဖြင့် ဘာမှထွေထွေထူးထူးလုပ်စရာ မလိုတော့ပါဘူး။ အချိန်တန်ရင် နိုင်သွားတာများပါတယ်။

ဒါကြောင့် ခေတ်သစ် စစ်တုရင်ဆရာကြီးများက နိမ့်နေရင် တိုက်စစ်ဆင်ကြဖို့ ပြောပါတယ်။ နိမ့်နေတဲ့ပွဲတစ်ပွဲကို ဘာမှပြောင်းလဲဖို့ မကြိုးစားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဆက်ပြီးခံစစ်ကစားနေရင် ပြားဖို့ပဲရှိတတ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကသာနေတဲ့အခါမှာ သူ့ရဲ့အသာစီးရမှု အားကောင်းရာကို တွေ့အောင်ရှာပြီး ရှောင်ရပါမယ်။ သူ့ရဲ့အသာစီးရမှု အားနည်းရာကို တွေ့အောင်ရှာပြီး တိုက်ရပါမယ်။

အီရန်နိုင်ငံ၊ လာရက်စတန်မြို့မှာ ကျင်းပတဲ့ ၂၀၁၅ အာရှစီနီယာတစ်ဦးချင်း တံခွန်စိုက်စစ်တုရင် ပြိုင်ပွဲကြီးမှာပါ။ မြန်မာ့လက်ရွေးစင် မြင့်ဟန်နဲ့ အီရန်လက်ရွေးစင် ဘာရာတီ (Barati Mahmoud) တို့ ပထမပွဲစဉ် ယှဉ်ပြိုင်ကစားကြရာမှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ လစဉ်ထုတ်ပြန်တဲ့စံနှုန်းအဆင့်အရ မြင့်ဟန်က အများကြီးသာနေပါတယ်။ ဒါပေမဲ့ တကယ်ယှဉ်ပြိုင်ကစားကြရာမှာ ကစားကောင်လဲလှယ်မှု ရှုံးနိမ့်သွားတဲ့အတွက် မြင့်ဟန်မှာ အင်အားနိမ့်ပါးသွားခဲ့ပါတယ်။ ပုံမှန်ရွှေ့ ကွက်တွေ ဆက်ရွှေ့ပြီး ပွဲလယ်ပိုင်းကနေ ပွဲဆုံးပိုင်းကို ကူးပြောင်းသွားမယ်ဆိုရင် မြင့်ဟန်ရှုံးတော့မှာပါ။ ဒါကိုရိပ်စားမိခဲ့တဲ့ မြင့်ဟန်က ပြိုင်ဘက်ရဲ့ဘုရင်ဘက်ခြမ်းမှာ အားနည်းနေတာကို အခွင့်ကောင်းယူပြီး တိုက်စစ်ဆင် အနိုင်ရသွားခဲ့ပါတယ်။

စစ်သမိုင်းမှာ အစ္စရေးနိုင်ငံဟာ သူ့ထက် ဓနအင်အား၊ လူအင်အား၊ စစ်အင်အားသာတဲ့ အာရပ်နိုင်ငံတွေကြားမှာ ဘယ်လိုရပ်တည်နေနိုင်သလဲဆိုတာရဲ့ အကြောင်းရင်း တစ်စိတ်တစ်ဒေသကို ဒီနည်းဗျူဟာက အဖြေပေးနိုင်ပါတယ်။ အာရပ်အစ္စရေး ခြောက်ရက်ကြာ စစ်ပွဲဟာ ရာဇဝင်တွင်ခဲ့ပါတယ်။

နိုင်ငံရေးနယ်ပယ်မှာလည်း အတူတူပါပဲ။ ကိုယ်နဲ့ပြိုင်ရမယ့်သူက ဘယ်လောက်သာနေပါစေ၊ အားနည်းချက် အနည်းငယ်တော့ ရှိနိုင်ပါတယ်။ အဲဒါကိုတွေ့အောင်ရှာပြီး အမိအရ ဖိအားပေးနိုင်၊ တိုက်စစ်ဆင်နိုင်ဖို့ လိုပါတယ်။ ရှေးရိုးစဉ်လာနယ်ထဲမှာ ရှိနေဆဲဖြစ်ပြီး နယ်ပယ်တွေကို ခွဲခြားလက်ခံနိုင်ခြင်းမရှိဘဲ ရောထွေးအောင်လုပ်သမျှ နောက်ကပါနေကြတဲ့ စဉ်းစားချင့်ချိန်နိုင်အား မကောင်းတဲ့ လူတွေများတဲ့နေရာတွေမှာ အားသာနေတာတောင်မှ စိတ်မချရပါဘူး။ စီးပွားရေးမှာလည်း အလားတူကျင့်သုံးနိုင်ပါတယ်။

ညစ်တီးညစ်ပတ်တွေလုပ်ပြီး နိုင်သွားခဲ့သလား။ အရည်အချင်းရှိရှိနဲ့ တိုက်စစ်ဆင်ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်သိက္ခာရှိသော အနိုင်ရခြင်းလားဆိုတာတော့ သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်။     ။

မောင်မောင်လွင် (စစ်တုရင်)