နာမည်ကောင်းဖြင့် ကျော်ကြားတဲ့ လုပ်ငန်း၊ အဖွဲ့အစည်းဖြစ်စေဖို့

၂၀၁၅ ခုနှစ်အတွက် အောင်မြင်မှုအရဆုံး ကုန်အမှတ်တံဆိပ် Top Ten Brand အမည်စာရင်းကို Harvard Business Review က မကြာခင်ကထုတ်ပြန်လိုက်ရာ Google က နံပါတ်တစ်နေရာမှ ဗိုလ်စွဲခဲ့ပါသည်။ တစ်ဖန်ဘွဲ့ရပြီးစ နိုင်ငံတကာကျောင်းသားများ အလုပ်လုပ်လိုသော ကုမ္ပဏီ ၂၅ ခု၏စာရင်းလည်း မရှေးမနှောင်း ပေါ်ထွက်လာရာ ပထမဆုံးနေရာတွင် Google ပင်ရှိခဲ့ပါသည်။ ထူးဆန်းသည်မှာ ပထမစာရင်းမှ ကျန် Brand ကိုးခု၏အမည်မှာ ဒုတိယစာရင်း ကျန် ၂၄ ခုတွင် လုံးဝမပါဝင်ခြင်း ဖြစ်ပါသည်။

Consumer များအတွက်သုံးစွဲရန်၊ စားသုံးရန်၊ အသုံးပြု၍ ရိုးရှင်းလွယ်ကူသော Brand ဖြစ်ပါက တခြားသူများအားလည်း လိုက်လံသုံးစွဲကြည့်ဖို့ အလိုအလျောက်ထောက်ခံပေးခြင်းသည် Consumer တစ်ရာလျှင် ၆၉ ဦး က ပြုလုပ်လေ့ရှိသော အလေ့အထရှိသည်ဟု ဆန်းစစ်လေ့လာချက်များက ဖော်ပြထားသည်။ (စကားချပ် ။ ။ အဆိုပါ Brand ဆယ်ခုတွင် မြန်မာလူမျိုးများ အသိများကြသည့် Amazon KFC နှင့် Pizza Hut တို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။)

Google သည် နည်းပညာအခြေခံသည့် Brand ဖြစ်သော်လည်း လူတိုင်းသုံးစွဲရလွယ်ကူအောင် ပြုလုပ်ထားသည်မှာ ငြင်းမရသောအချက်ဖြစ်သည်။ အကြောင်းအရာ သိချင်သလား၊ ရုပ်ပုံတွေရှာချင် ကြည့်ချင်သလား၊ လုပ်ရမည့်အလုပ်တွေအတွက် Calender ဆွဲထားချင်သလား၊ ရောက်ရှိနေသော နေရာအညွှန်းသိချင်သလား၊ ကမ္ဘာတစ်လွှားက မိတ်ဆွေတွေနှင့်ဆက်သွယ်ချင်သလား... စသည် စသည်ကို One Click အတွင်းရနိုင်အောင် အသင့်ပြင်ဆင်ပေးထားသည်။ ယခုနောက်ပိုင်း မြန်မာစာရိုက်ထည့်ပြီး လိုရာ ရှာနိုင်သော Search Engine ဖြစ်လာတော့ နယ်မရွေး၊ ကျေးရွာမရွေး သုံးစွဲလာကြသည်။ User Friendly ဖြစ်အောင် အမြဲကြံဆဖြည့်တင်းပေးရင်း၊ သုံးစွဲသူများ၏ Privacy နှင့် Security အတွက် အတတ်နိုင်ဆုံး ကာကွယ်ပေးရင်း အားလုံး၏ယုံကြည်မှုကို လက်ခံရယူထားသည်။

အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု အမည်ကောင်းဖြင့် အောင်မြင်ကျော်ကြားရန်မှာ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုတို့ အဓိကလိုအပ်ကြောင်းကို သက်သေပြခြင်းလည်းမည်ပါသည်။ မကြာမီ မြန်မာပြည်တွင် Public Company များ စတင်သက်ဝင်လှုပ်ရှားတော့မည်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားပြီးဆိုသော်ငြား သုံးစွဲသူအများပြည်သူအတွက် ပညာပေးမှု၊ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်မှုတွေ များစွာလိုအပ်နေဦးမည်။ တခြားအာရှနိုင်ငံများထက် နောက်ကျမှ ပေါ်ပေါက်လာသဖြင့် အကြံတူ နောက်လူသာနိုင်သလို မြေစမ်းခရမ်းပျိုးကာလဖြစ်သောကြောင့် အစမကောင်းလျှင် အနှောင်းလည်း မသေချာနိုင် ဖြစ်တတ်ပါသည်။ Google ကဲ့သို့ အမည်ကောင်းနှင့် ကျော်ကြားသော၊ ပြည်သူများ၏ယုံကြည်ထောက်ခံမှု အပြည့်အဝရရှိနိုင်သော လူငယ်တိုင်း အလုပ်ဝင်လုပ်လိုသော မြန်မာအများပိုင်ကုမ္ပဏီကြီးများ ပေါ်ထွက်လာစေချင်ပါသည်။

အယ်ဒီတာ