ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးအတက်အကျဟာ အမြဲတမ်း ကြုံတွေ့နေရတဲ့၊ ကြုံတွေ့ကြရဦးမယ့် စီးပွားရေးပြဿနာပါ။ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းခံချင်း တစ်ကြိမ်နဲ့တစ်ကြိမ်မတူနိုင်ပေမယ့် ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းကတော့ သိပ်မကွာခြားနိုင်ပါဘူး။ လတ်တစ်လော တက်ပြီးရင်းတက်နေတဲ့ ဒေါ်လာငွေနဲ့ ရွှေဈေး၊ ကျပြီးရင်းကျနေတဲ့ မြန်မာကျပ်ငွေတွေကြောင့် မြန်မာ့စီးပွားရေးအပေါ် ရေရှည်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မယ်ဆိုတာကို ပညာရှင်များထံ သွားရောက်မေးမြန်း ဆွေးနွေးထားပါတယ်။
ဦးစိုးဝင်း
Country Managing Partner
Deloitte Touche Myanmar
Vigour Advisory Ltd
နက်နဲတဲ့ စီးပွားရေးသီအိုရီတွေနဲ့မဟုတ်ဘဲ သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ကျပ်ငွေတန်ဖိုးကျတဲ့ကိစ္စမှာ အတိတ်အကြောင်းတရားတွေ (Remote Causes) နဲ့ အနီးကပ် အကြောင်းတရားတွေ (Immediate Causes) ပေါ်မှာ အခြေခံစဉ်းစားနိုင်တယ်။
Remote Causes တွေကို ကြည့်ရင် လွန်ခဲ့တဲ့ အနှစ်၂၀-၂၅ နှစ်လောက်ကစပြီး ဗဟိုဘဏ်ဟာ ဘဏ္ဍာရေးဝန်ကြီးဌာနအောက် ရောက်မှန်းမသိရောက်ခဲ့တယ်။ ဗဟိုဘဏ်နိုင်ငံခြားငွေကြီးကြပ်ရေးဌာနက ကျင့်သုံးရမယ့် ၁၉၄၇ခုနှစ် နိုင်ငံခြားငွေကြီးကြပ်ရေးဥပဒေ Foreign Exchange Regulations Act 1947 နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ပေးခဲ့ကြတယ်။ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရလာတယ်။ ဒေါ်လာစာရင်းပြောင်းခွင့်ရလာတယ်။ အမှန်က ဘဏ်ထဲမှာ ဒေါ်လာချင်းတည့်ပြောင်းပေမဲ့ အပြင်မှာ ဒေါ်လာ ပေါက်ဈေးနဲ့ရောင်းတယ်။ ဒီကတစ်ဆင့် ကျပ်ငွေကလွဲလို့ မကိုင်ရတဲ့အခြေအနေကနေ ဒေါ်လာငွေသားတွေ ကိုင်တွယ်လာကြတယ်။ ပြောင်ပြောင်တင်းတင်းကြီးတောင် ရောင်းဝယ်လာကြတယ်။ အဲဒီတုန်းက ငွေလဲနှုန်းက ဗဟိုဘဏ်သတ်မှတ်ဈေးထက် ပြင်ပတရားမဝင်ပေါက်ဈေးက အဆမတန်များတယ်။
နိုင်ငံခြားငွေ ကြီးကြပ်ရေးဌာနကလည်း ဘာမှ အရေးမယူနိုင်တော့ဘူး။ ဒီလိုနဲ့ တစ်စတစ်စ ဒေါ်လာ တရားမဝင်ဈေးကွက်ဟာ ကြီးထွားလာတယ်။ ဟွန်ဒီတွေ အလွန်အသုံးတည့်လာတယ်။ နိုင်ငံခြားငွေ ကြီးကြပ်ရေးဥပဒေလုပ်ထုံးများအရ နိုင်ငံသားတွေ၊ ပြည်တွင်းနေနိုင်ငံခြားသားတွေ၊ ကုမ္ပဏီတွေဟာ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပနိုင်ငံတွေမှာ စာရင်းဖွင့်ခြင်း၊ နိုင်ငံခြားငွေအပ်နှံခြင်းကို မလုပ်နိုင်ပေမဲ့ ငွေကြေးတတ် နိုင်သူ ကုန်သည်ကြီးတွေနဲ့ ကြွယ်ဝချမ်းသာသူတွေကတော့ ကုန်ရောင်းကုန်ဝယ်လွယ်ကူအောင်ဆိုပြီး ပြည်ပ နိုင်ငံတွေမှာ ဒေါ်လာစာရင်းတွေ ထားကြတယ်။ ကုမ္ပဏီတွေဖွင့်ကြတယ်။ အိမ်တွေဝယ်ကြတယ်။ ဗဟိုဘဏ်ခွင့်ပြုချက်ယူလား၊ မယူသလားတော့ မသိရဘူး။
ဒီကတစ်ဆင့် နိုင်ငံရဲ့ပို့ကုန်အတွက် ရရမယ့်ငွေ Export Proceeds တွေကို ပြည်ပမှာပဲထားကြတော့တယ်။ လိုင်စင်ရဘဏ်တွေကလည်း သူတို့ရဲ့ပြည်ပ Nostro စာရင်းကို တတ်နိုင်သလောက် ဖြည့်တင်းထားကြတယ်။ ဒီနေရာမှာ Regulator ဆိုတဲ့ ကြီးကြပ်မှုအဖွဲ့တွေဟာ မြန်မာ့သယံဇာတ ပို့ကုန်တွေထွက်သွားရင် တန်ရာတန်ဖိုးကို သတ်မှတ်ရက်အတွင်း မြန်မာပြည်က ရရဲ့လား၊ ဒါမှမဟုတ် ပြည်တွင်းဘဏ်တစ်ခုခုရဲ့ Nostro စာရင်းထဲဝင်ပြီး ဗဟိုဘဏ်ကို အတိအကျသတင်းပို့ရဲ့လားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။
ရှည်လျားလှတဲ့မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ တရားဝင်မဟုတ်တဲ့ပို့ကုန်သွင်းကုန်တွေဟာ အရှိန်အဟုန်နဲ့ စီးနေတယ်။ ဒါအပြင် အကျင့်ပျက် နိုင်ငံတော်ဝန်ထမ်းတွေကြောင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေးဟာ အလွန်ကြီးထွားနေပါတယ်။ ဒီတရားမဝင်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာအစိုးရက အခွန်အခ ဘာမှမရဘူး။ ရရင်လည်း နည်းနည်းပဲရမယ်။ တရားမဝင် နယ်စပ်ကုန်သွယ်ရေးမှာ ဒေါ်လာအသုံးများတယ်။ သွင်းကုန်များလေ ဒေါ်လာရှားလေ ဈေးတက်လေပဲ။ သက်ဆိုင်ရာ Regulator တွေက သွင်းကုန်၊ ထုတ်ကုန်၊ နယ်စပ်ကုန်သွယ်ရေးကို ထိန်းနိုင်မှ ဒေါ်လာဈေးကျမယ်လို့ ယူဆတယ်။
မကြာခင်က ဗဟိုဘဏ်က မြန်မာနိုင်ငံတွင်း ငွေပေးငွေယူလုပ်ရာမှာ ဒေါ်လာနဲ့မလုပ်ဘဲ ကျပ်ငွေနဲ့ပဲ လုပ်ရမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်တယ်။ ဒီညွှန်ကြားချက်ဟာ မြန်မာနိုင်ငံမှာ ကျပ်ငွေတစ်ခုတည်းသာ Legal Tender ဖြစ်လို့ ကျပ်ငွေနဲ့ပဲ ငွေပေးချေရမယ်လို့ သဘောပေါက်တယ်။
နိုင်ငံခြားငွေမျိုးစုံသုံးနေတဲ့ မြန်မာနိုင်ငံမှာ တခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့လို Single Currency သုံးဖို့ရည်ရွယ်တယ်လို့ ယူဆတယ်။ ဒါဖြစ်လည်း ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီညွှန်ကြားချက်ဟာ လိုက်နာမယ့်သူမရှိသလောက် ဖြစ်နေပြီး ထုတ်ပြန်တာလည်း တော်တော်နောက်ကျ တယ်။ Too Little - Too Late လို့ ဆိုရမလားပဲ။
မြန်မာနိုင်ငံမှာ ကျပ်ငွေတစ်ခုတည်းသာ သုံးစွဲဖို့ဆောင်ရွက်ရာမှာ လွန်ခဲ့တဲ့အနှစ် ၂၀-၂၅ နှစ်ကျော်ကတည်းက ပျက်စီးခဲ့တဲ့စနစ်တခုကို ပြင်ရမယ်ဆိုတော့ ရုတ်ခြည်းပြင်လို့မရဘဲ စီမံကိန်းတွေစနစ်တကျချပြီး ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေကို ဝန်ကြီးဌာနအစိုးရအဖွဲ့အစည်းအသီးသီး၊ ဘဏ်တွေ၊ လုပ်ငန်းရှင်တွေ၊ လူပုဂ္ဂိုလ်တွေအားလုံးလိုက်နာဖို့အတွက် ဌာနဆိုင်ရာအားလုံးက အသိတရားနဲ့ဖိအားပေးဖို့ လိုတယ်။ အစိုးရဌာနတွေက စတင်လိုက်နာပြရမယ်။
တစ်ဖက်ကလည်း ဗဟိုဘဏ်ကိုယ်တိုင်က ငွေလဲနှုန်း (Rate of Exchange) ကို အစိုးရဌာနအသီးသီး၊ IMF စတဲ့ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းနိုင်မှ မြန်မာနိုင်ငံမှာ ကျပ်ငွေသာ သုံးစွဲရေး Single Currency System ဟာ အောင်မြင်မယ်လို့ ယူဆပါတယ်။ ဒီလိုမှမဟုတ်ရင် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို ရယ်စရာတစ်ခုလို သဘောထားကုန်ကြမယ်။ ညွှန်ကြားချက်ကို ထိရောက် အောင်အကောင်အထည် မဖော်နိုင်ရင် ဗဟိုဘဏ်ဟာ ငွေလဲနှုန်းတွေ၊ ငွေကြေးဖောင်းပွမှုတွေကို အနာဂတ် ကာလမှာ ထိထိရောက်ရောက် ထိန်းသိမ်းဖို့ ခက်နေလိမ့်မယ်။
အနီးကပ်အကြောင်းတရား (Immediate Causes) တွေကို စဉ်းစားတဲ့အခါ ကမ္ဘာတစ်ဝန်း ဒေါ်လာဈေး တက်နေတယ်ဆိုတဲ့အချက်၊ မြန်မာ့ပို့ကုန် အလွန်ကျဆင်းပြီး သစ်၊ ကျောက်မျက်ရတနာစတဲ့ အဖိုးတန်တွေ တန်ဖိုးမရဘဲ ခိုးထုတ်ခံနေရတယ်ဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်။ နယ်စပ်ကုန်သွယ်ရေးက အဓိကလူသုံးကုန်တွေကို သွင်းနေတယ်။ ဆောက်လုပ်ရေးအထောက်အကူပစ္စည်းတွေ တင်သွင်းတာ အားပေးတယ်။ ဒါပေမဲ့ မလိုအပ်တဲ့ကားတွေ၊ အလှကုန်၊ ဘီယာ အစရှိတာတွေသွင်းတာကိုတော့ ကန့်သတ် သင့်တယ်လို့ထင်ပါတယ်။
တရားမဝင်ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်တွေကို အရေးယူပြီး အခွန်အခတွေ မှန်သမျှ စေ့စပ်စွာ ကောက်ခံသွားသင့်တယ်။ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးတာက နိုင်ငံတော်အသုံးစရိတ်များလာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းရဲ့ အကြောင်းတစ်ရပ်လို့ထင်တယ်။ ဝန်ထမ်းတွေလစာတိုးပေးတာကို ကန့်ကွက်တာ မဟုတ်ပါ။ ရစေချင်ပါတယ်။ ဒါပေမဲ့ တကယ့်တာဝန်ကျေတဲ့ဝန်ထမ်းကိုသာ တိုးပေးစေချင်တယ်။
ဝန်ထမ်းအင်အား Sanctioned Strength ပိုတောင်းထားပြီး ပိုလျှံဝန်ထမ်း (Redundent) တွေအတွက်ပါ လစာတိုးပေးနေရရင် နိုင်ငံအတွက် ဘဏ္ဍာရေးဝန်ပိနေမယ်ထင်တယ်။ ဗဟိုဘဏ်ရဲ့ မြန်မာနိုင်ငံမှာ ကျပ်ငွေနဲ့ပဲ ငွေပေးချေရေးစနစ် အကောင်အထည်ပေါ်မယ်ဆိုရင် အဓိက စဉ်းစားစေချင်တဲ့အချက် ခြောက်ချက်ရှိပါတယ်။
၁။ ပြည်တွင်းက မြန်မာနိုင်ငံသားတွေလက်ထဲမှာရှိတဲ့ ဒေါ်လာငွေစက္ကူတွေ စနစ်တကျထိန်းသိမ်းကွပ်ကဲဖို့ လိုပါလိမ့်မယ်။
၂။ ပြည်ပမှာ မြန်မာနိုင်ငံသားတွေ အပ်ထားတဲ့ဒေါ်လာတွေကိုလည်း စနစ်တကျထိန်းသိမ်းကွပ်ကဲဖို့ လို ပါလိမ့်မယ်။
၃။ လိုင်စင်ရဘဏ်တွေရဲ့ နိုင်ငံခြားဘဏ်လုပ်ငန်းတွေကို ထိထိရောက်ရောက်ကွပ်ကဲနိုင်ဖို့ လိုမယ်။ လုပ်သာကိုင်သာရှိအောင် ဘဏ်တွေကဝယ်လိုတဲ့ နိုင်ငံခြားငွေတွေကို တင်ပြတဲ့နှုန်းထားနဲ့ တတ်နိုင်သလောက် ဝယ်ခွင့်ပေးသင့်တယ်။ ငွေလဲနှုန်းလှုပ်ရှားလာရင် ဗဟိုဘဏ်ကလိုအပ်ရင် လိုအပ်သလို အချိန်မီ Interview လုပ်ပြီး စည်းကမ်းမလိုက်နာတဲ့ ဘဏ်တွေကို ဗဟိုဘဏ်က အရေးယူသင့်ပါတယ်။
၄။ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ဗဟိုဘဏ်ဟာ ငွေလဲနှုန်းကိုတော့ ဝန်ကြီးဌာနတွေက ကမ္ဘာ့ငွေကြေးအဖွဲ့တွေရဲ့ အကူအညီယူပြီး တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းသင့်ပါတယ်။
၅။ အရေးကြီးတာက ဗဟိုဘဏ်ဟာ မြန်မာပြည်သားတွေရဲ့ ယုံကြည်အားထားမှုကို ရအောင်ယူဖို့ လိုအပ် နေတယ်လို့ ယူဆပါတယ်။ ငွေလဲနှုန်းကို တန်ဖိုးတစ်ခုခုမှာ တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့နေ့ဟာ ဗဟိုဘဏ်မှာ ပြည်သူပြည်သားတွေက ယုံကြည်အားထားမှု စရတဲ့နေ့လို့ပဲ ဆိုချင်ပါတယ်။
၆။ ဒီလို ယုံကြည်အားထားလာတာနဲ့အမျှ မြန်မာနိုင်ငံသားတွေရဲ့ ပြည်တွင်းပြည်ပမှာပိုင်ဆိုင်တဲ့ ဒေါ်လာတွေ ဗဟိုဘဏ်ရဲ့ကွပ်ကဲမှုအောက် ရောက်လာရင်လိုချင်တဲ့ Single Currency System ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။
ဒေါက်တာဦးမော်သန်း
(ပါမောက္ခချုပ်-ငြိမ်း)
ရန်ကုန်စီးပွားရေးတက္ကသိုလ်
မြန်မာကျပ်ငွေတန်ဖိုးကျတာနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေက လူနေမှုကုန်ကျစရိတ်တွေ တိုးလာနိုင် ပါတယ်။ ဒါဟာလည်း ပြည်ပကနေသွင်းရတဲ့ သွင်းကုန်တန်ဖိုးတွေက ဒေါ်လာနဲ့သွင်းရတဲ့အတွက် Cost of Living (လူနေမှုကုန်ကျစရိတ်) တွေ ပိုပြီးကုန်ကျလာနိုင်ပါတယ်။ တိုင်းပြည်ရဲ့ထုတ်ကုန်တွေက ပြည်ပကို ရောင်းမယ်ဆိုရင်တော့ ပိုပြီးပိုက်ဆံရလာနိုင်ပါတယ်။
ငွေကြေးတန်ဖိုးကျတာနဲ့ပတ်သက်ပြီး အဓိက အချက်နှစ်ချက်ရှိပါတယ်။ အဲဒါက ပြည်ပအကြောင်းအရာနဲ့ ပြည်တွင်းအကြောင်းအရာပါ။ ပြည်ပဆိုတာက အမေရိကန် EU စတဲ့နိုင်ငံတွေက စီးပွားရေးတက်တာမျိုးပါ။ အရင်တုန်းက အမေရိကန်နိုင်ငံရဲ့စီးပွားရေးမှာ GDP က ၁ ရာခိုင်နှုန်းတိုးတက်ရင် တော်တော်ကို အံ့အားသင့်စရာမျိုး ဖြစ်နေတာကို တွေရတယ်။ အခုကျတော့ ၃.၅ ရာခိုင်နှုန်းတောင်တက်သွားပြီး အလုပ်လက် မဲ့တွေလည်း အများကြီးလျော့ကျသွားတာကို တွေ့ရပါတယ်။ အင်္ဂလန်မှာလည်း မော်တော်ကားအစီးရေက အရင်တုန်းကထက်ပိုများပြီး ခုနစ်သိန်းလောက် ထုတ်နိုင်ပါတယ်။ ဆိုလိုချင်တာက အင်္ဂလန်နိုင်ငံရဲ့ စီးပွားရေးက တိုးတက်မှုကိုပြတဲ့သဘောပါပဲ။ EU ရဲ့ စီးပွားရေးကလည်း ဂရိကလွဲလို့ ကောင်းလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်စီးပွားရေး တောင့်တင်းတာဟာ မြန်မာကျပ်ငွေတန်ဖိုးကျသလိုပဲ ဂျပန် ယန်းငွေ၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေတန်ဖိုးတွေလည်း ကျလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ငွေကြေး တန်ဖိုးကျတာ ပြည်ပစီးပွားရေးတွေနဲ့လည်း ဆိုင်ပါတယ်။
ပြည်တွင်းအနေနဲ့အကြောင်းအချက်တွေက လုပ်ခလစာတွေ တိုးပေးတာတို့၊ Budget Deficit တွေကြောင့်ပါ။ လုပ်ခလစာပိုင်းမှာ အစိုးရဝန်ထမ်းတွေကို လုပ်ခလစာတိုးတာတွေကြောင့် ပြည်သူ့လက်ထဲလည်း ရောက်သွားရော ပစ္စည်းဈေးတွေက တက်တာပါ။ ပစ္စည်းဈေးတက်တော့လည်း ငွေကြေးတန်ဖိုးကျတာပါ။ Balance of Payment (ငွေပေးငွေယူရှင်းတမ်း) က လိုငွေရှိတာကြောင့် Budget Deficit ကြောင့်ပဲ ငွေတန်ဖိုး ကျတာပါ။ ကျွန်တော်က ဗဟိုဘဏ်ရဲ့ BOD ဖြစ်တာကြောင့် အစည်းအဝေးတွေမှာပြောတာက ကျပ်ငွေတစ် သောင်းတန်တွေကို Print ထုတ်တာဟာ လုံခြုံရေးအရလို့ ကြားသိရပေမဲ့ အသစ်ထုတ်မယ်ဆိုရင်တော့ ငွေတန်ဖိုးကျမှာပါပဲ။ ခြုံငုံပြီး ပြောရရင်တော့ ငွေတန်ဖိုးကျတာက ပြည်သူတွေအပါအဝင် စားသုံးသူတွေအတွက် မသက်သာလှပါဘူး။
စီးပွားရေးသမားတွေအနေနဲ့ ငွေကြေးတန်ဖိုးကျတဲ့အခါ ကုန်ကျစရိတ်သက်သာအောင် အလုပ်သမားတွေကို လုပ်ခလစာလျှော့တာတို့၊ ဝန်ထမ်းတွေကို လျှော့တာတို့တွေလုပ်ရင် ကောင်းတဲ့အကြောင်းအရာတွေ မဟုတ်ပါဘူး။ Fiscal Policy ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ တတ်နိုင်တဲ့အပိုင်းက သိပ်မရှိပါဘူး။ ပြည်သူ့လက်ထဲမှာ လှည့်ပတ်နေတဲ့ ငွေကြေးကနည်းသွားရင် ဥပမာ-ငွေတိုက် စာချုပ် (Treasury Bond ၊ Treasury Bill) စတာတွေကို တော်တော်များများက ထုတ်ရောင်းနိုင်မယ်ဆိုရင် ငွေကြေး တန်ဖိုးကျတာကို ထိန်းသိမ်းနိုင်တဲ့အနေအထားရှိပါတယ်။ ဒါတွေက ပြည်သူ့လက်ထဲမှာရှိတာထက် ဘဏ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ Treasury Bond ၊ Treasury Bill တွေနဲ့ပတ်သက်ပြီး တိုင်းပြည်ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
ဦးသန်းလွင်
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ(ငြိမ်း)
အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ်
KBZ Bank Limited
ငွေတန်ဖိုးတက်တယ်ဆိုတာ ကျပ်ငွေတန်ဖိုးတက်လို့ရှိရင် သွင်းကုန်တွေ ဈေးပေါတာပေါ့။ တစ်ခါတုန်းက တစ်ဒေါ်လာကို ကျပ်ငွေရှစ်ရာလောက်ဖြစ်ခဲ့တုန်းက ပို့ကုန်တွေ တွက်ခြေမကိုက်တာတွေလည်း ဖြစ်ခဲ့ဖူးတယ်။ အခု ကျပ်တန်ဖိုးကျတော့လည်း ပို့ကုန်က တွက်ခြေကိုက်သွားပြန်တယ်။ အခြားတစ်ဖက်မှာ သွင်းကုန်က ဈေး ကြီးသွားတယ်။ ဘာလို့လဲဆိုတော့ တစ်ဒေါ်လာတန်ဖိုးကို ကျပ်အများကြီးပေးရတော့ တွက်ခြေမကိုက်တော့ ဘူးပေါ့။ အခုလောလောဆယ်ဖြစ်နေတဲ့ကိစ္စကတော့ အပြင်ဈေးနဲ့တွက်ရင်တောင် ဒေါ်လာတန်ဖိုး တက်တာ လည်းပါတယ်။ ဈေးကစားတာလည်း ပါတာပေါ့။ ဒါ ကြောင့် ဒေါ်လာတန်ဖိုးက မတက်သင့်ဘဲနဲ့တက်တာတွေ ဖြစ်လာတယ်။ အခုလိုအချိန်မှာ သွင်းကုန်သမားအတွက် အရေးကြီးတာက တကယ်လိုအပ်တဲ့ သွင်းကုန် (Essential Goods) ကို သွင်းတာကကောင်းတယ်။ လောလောဆယ်က ဈေးကကြီးသွားပြီ။ နောက်ပိုင်းမှာ ဈေးတွေငြိမ်သွားပြီဆိုတဲ့အခါမှ ထပ်သွင်းသင့်တယ်။ ဒီလိုလေးတော့ နည်းနည်းဂရုစိုက်သင့်ပါတယ်။ ပို့ကုန်သမားအတွက်တော့ ဒီအချိန်မှာ အခွင့်အရေးပါပဲ။ ကိုယ်တွက်ခြေကိုက်ပြီဆိုရင်တော့ ခပ်များများပို့လို့ရပြီ။ များများစားစားပို့လေ ကောင်းလေပေါ့။
ဗဟိုဘဏ်က လောလောဆယ်ဝင်ပြီး ထိန်းပေးနေတော့ ကျပ်ငွေဈေးတွေပြန်ပြီးတော့ ငြိမ်သွားဖို့ရှိတယ်။ ပိုပြီး အလားအလာကောင်းတာပေါ့။ အကြာကြီးငြိမ်သွားအောင် ထိန်းပေးဖို့လည်း လိုပါတယ်။ ဗဟိုဘဏ်ကလည်း ဂရုစိုက်ရမယ်၊ ပို့ကုန်သွင်းကုန်သမားတွေလည်း ဂရုစိုက်ရမယ်။ ဒီဈေးကွက်မှာ ဈေးကစားတဲ့ဟာမျိုးတွေလည်း ရှောင်ဖို့လိုတယ်။ ဈေးကစားတယ်ဆိုတာက မလိုအပ်ဘဲနဲ့ ဒေါ်လာတွေ ဝယ်တာကလည်း ဈေးကစားတာနဲ့ အတူတူပဲလေ။ စိုးရိမ်ကြောင့်ကြလို့ ဝယ်တာမျိုး မပြုလုပ်ဖို့တော့ လိုပါတယ်။ ပြည်တွင်းမှာလည်း ပြည်ပပို့ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုအတွက် လိုအပ်ချက်ကလွဲပြီး နိုင်ငံခြားငွေတွေနဲ့ ငွေပေးချေမှုမျိုးလည်း ရပ်တန့်ဖို့လိုတယ်။ နိုင်ငံတော်ကလည်း Order ထုတ်ပြီးသားပါ။ မလိုက်နာနိုင်တော့လည်း ဈေးကွက် အခက်အခဲ ဖြစ်တာပေါ့။ ကြပ်ကြပ်မတ်မတ်ဖြစ်ဖို့တော့ အကြံပြုထားပါတယ်။
ဒေါက်တာအောင်သူရ
CEO
Thura Swiss Ltd
မြန်မာငွေတန်ဖိုးကျလာခြင်းရဲ့ အကျိုးဆက်
မြန်မာငွေတန်ဖိုးကျလာတာရဲ့ အကျိုးဆက်ကတော့ Export Industry နဲ့ Import Industry အတွက်ဆိုပြီး နှစ်ဖက်ရှိပါတယ်။ Import Industry မှာ အားလုံးက ဈေးနှုန်းတွေ ပိုကြီးလာတာကြောင့် ပိုပြီးခက်ခဲလာမယ်။ Export Industry အတွက်မှာလည်း အရင်ကထက် ပိုပြီးအဆင်ပြေလာစေတယ်ဆိုပေမယ့် မြန်မာပြည်ရဲ့ Export လုပ်ငန်းကဏ္ဍက သိပ်မကြီးသေးတဲ့ အတွက် အကျိုးခံစားခွင့်က သိပ်ပြီးမရှိသေးပါဘူး။ Export Industry က တအားအောင်မြင်နေတယ်ဆိုရင် တော့ တစ်မျိုးပေါ့။ တင်သွင်းတဲ့ကုန်ပစ္စည်းတွေက ဈေးပိုကြီးလာတာတဲ့အတွက် Market Demand ကတော့ လျော့သွားနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက တချို့အစားထိုးလို့မရတဲ့ Product တွေကိုတော့ ဈေးတွေကြီးနေပေမဲ့ ဆက်ပြီး Import လုပ်နေရမှာ ဖြစ်ပါ တယ်။ တကယ်လို့ တအားဈေးကြီးနေရင်တော့ ပြည်တွင်းက Quality သိပ်မကွာတဲ့ ပစ္စည်းတွေနဲ့ အစားထိုး သုံးလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ယေဘုယျအနေနဲ့ကတော့ ငွေတန်ဖိုးကျလာတာကြောင့်သွင်းကုန် ပမာဏကျလာစေနိုင်တဲ့ Effect တွေရှိလာမှာပါ။ ဒါပေမဲ့ အဲဒီ Effect ကို လွှမ်းမိုးနိုင်မယ့် တခြား Effect တွေ လည်းရှိပါတယ်။ ဥပမာအားဖြင့် တိုင်းပြည်ဝင်ငွေက ပိုပြီးတိုးလာတယ်ဆိုရင် လူတွေက ဝင်ငွေပိုရှိလာမှာ ဖြစ်တာကြောင့် နိုင်ငံခြားပစ္စည်းတွေကို ပိုပြီးတောင်းဆိုလာမယ်၊ Demand က ပိုတိုးလာမှာ ဖြစ်ပါတယ်။ သွင်းကုန်ပမာဏ တိုက်ရိုက်ကြီးကျသွားမယ်လို့တော့ ပြောလို့မရပါဘူး။ ခြုံကြည့်လိုက်ရင် ဒီအချိန်မှာ သွင်း ကုန်ပမာဏ ထိုးကျသွားမှာတော့ မဟုတ်ပါဘူး။ ဈေးပိုကြီးလာတာကြောင့် သွင်းကုန်တန်ဖိုးကို ကျလာစေနိုင် တဲ့ Market Force တွေတော့ ရှိပါတယ်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကတော့ မြန်မာငွေတန်ဖိုး ကျသွားတာတစ်ခုတည်းအတွက်နဲ့တော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက အများကြီးပြောင်းမသွားနိုင်ဘူးလို့ ထင်ပါတယ်။ သူတို့တွေအတွက် ငွေတန်ဖိုးကျလာတာကြောင့် Production Cost တွေ ပိုပြီးသက်သာလာမှာ ဖြစ်ပါတယ်။ ဒီ Product တွေကို ပြည်တွင်းမှာ ပြန်ရောင်းမယ်ဆိုရင် သူတို့အတွက်က သိပ်ပြီးကွာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေက Export လုပ်ဖို့အတွက် ဒီမှာလာပြီး Invest လုပ်တယ်ဆိုရင်တော့ ပိုပြီးအကျိုးအမြတ် ရရှိစေမှာဖြစ်ပါတယ်။ အဲဒီလို သက်သာလာတဲ့အပိုင်းတွေရှိသလို ငွေတန်ဖိုးကျဆင်းမှုကလည်း ရှိနေမှာဖြစ်တဲ့အတွက် ဈေးတွေကလည်း ပိုကြီးလာမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေကိုင်ထားတဲ့ လူတစ်ယောက်အနေနဲ့ တအားကြီး သက်သာသွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ပြည်တွင်းကလူတွေအတွက်ပဲ အကုန်လုံးက ဈေးပိုကြီးလာတာ ဖြစ်ပါတယ်။
မြန်မာငွေဈေးနှုန်းကျလာတာကြောင့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်တာတွေ
Export Industry ကသာ အဆင်သင့်ဖြစ်နေပြီဆိုရင် ဒီလိုမျိုးအချိန်က Export လုပ်လို့ တအားကောင်းတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ဒါတွေက တကယ့်ကို စဉ်းစားသင့်တဲ့အပိုင်းတွေပါ။ မြန်မာလုပ်ငန်းရှင်တွေ အ နေနဲ့ ဒီလိုမျိုးအချိန်မှာ Export လုပ်ဖို့ စဉ်းစားရမယ်၊ ပြင်ဆင်ရမယ်။ ရေရှည်မှာလည်း Export လုပ်ဖို့ ပို ကောင်းပါတယ်။ ကိုယ်က Import လုပ်ဖို့ကိုပဲ စဉ်းစားတယ်ဆိုရင်လည်း Currency Rate ကိုတော့ တော်တော် လေးစဉ်းစားလာဖို့လိုပါတယ်။ အခက်အခဲကတော့ အခုလောလောဆယ်မှာ Foreign Exchange Rate ကို Hedging လုပ်ဖို့ သိပ်အဆင်မပြေသေးပါဘူး။ နောက်ပိုင်းမှာ ကိုယ့်ဆီကို နိုင်ငံခြားငွေဝင်လာမယ်၊ ဒါမှမဟုတ် ကိုယ်ကနိုင်ငံခြားငွေဝယ်ရမယ်ဆိုတာကို ကြိုပြီး သိနေတယ်ဆိုရင် ဒါကိုတိုးတက်တဲ့ နိုင်ငံတွေမှာက Foreign Exchange Rate ကို Hedging လုပ်လို့ရတယ်။ အဓိကကတော့ ကုမ္ပဏီတစ်ခုရဲ့ Treasury Department က Cash Flow တွေ အကုန်လုံးကို ကြည့်နေတယ်၊ Projection လည်းလုပ်တယ်။ နိုင်ငံခြားငွေ ဘယ်လောက် ဝင်လာနိုင်မလဲ၊ ဒါမှမဟုတ် ဘယ်လောက်ဝယ်ရမလဲဆိုတာတွေကို Projection သေချာလုပ်ပြီးတော့ Curre-ncy Risk တွေကို Hedging လုပ်နိုင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် Forward Contract တွေ၊ Foreign Exc-hange Future တွေ သုံးလို့ရပါတယ်။ မြန်မာပြည်မှာက ဒါမျိုးတွေမရှိသေးတဲ့အတွက် သိပ်တော့မလွယ်ပါဘူး။ ဒါကြောင့် နောက်ခြောက်လနေလို့ ဒေါ်လာဝယ်ရတော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်မှာ Cash Flow က ဘယ်လောက်ရှိနေသလဲ၊ ခြောက်လနေရင် ငွေဈေးက ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို ကြည့်ပြီးတော့ နိုင်ငံခြားငွေကို ကြိုဝယ်သင့်၊ မသင့်စဉ်းစားဖို့ လိုလာပါတယ်။ Stable ဖြစ်ရင် ဒီလောက်ကြီးစဉ်းစားဖို့ မလိုဘူးဆိုပေမဲ့ Stable မဖြစ်တဲ့အချိန်မှာတော့ ဒါမျိုးတွေ စဉ်းစားဖို့လိုပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေကို ဝန် ဆောင်မှုပေးရင် စာချုပ်တွေကို နိုင်ငံခြားငွေနဲ့ ချုပ်မှာလား၊ မြန်မာငွေနဲ့ချုပ်မှာလားဆိုတာကို စဉ်းစားဖို့လို ပါတယ်။ နိုင်ငံခြားငွေနဲ့ ချုပ်ထားတယ်ဆိုရင် မြန်မာငွေရဲ့ အတက်အကျကြောင့် အရှုံး၊ အမြတ် ပေါ်လာနိုင် ပါတယ်။
မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ Export လုပ်ဖို့စဉ်းစားသင့်တယ်ဆိုပေမဲ့ ဒါကချက်ချင်းကြီးတော့ မဖြစ်လာနိုင်ပါဘူး။ Export လုပ်ဖို့က Product တွေ အရင်ထုတ်လုပ်နိုင်ဖို့ လိုပါသေးတယ်။ မြန်မာလုပ် ငန်းရှင်တွေအနေနဲ့ Export လုပ်မယ်ဆိုရင်လည်း အရင်ဆုံး Product တွေ ထုတ်လုပ်နိုင်ဖို့က အရေးကြီး တယ်။ Currency အပြောင်းအလဲက နှစ်ရှည်ကြာမယ်ဆိုရင်တော့ အဲဒီလို Export လုပ်ဖို့ Build Up လုပ်တာက ကောင်းတယ်ဆိုပေမဲ့ ငွေကြေးအပြောင်းအလဲဖြစ်တာက ခဏပဲကြာမယ်ဆိုရင်တော့ Build Up လုပ်တာတင် အချိန်အတော်ကြာသွားနိုင်တဲ့အတွက် အကျိုးရလဒ်အနေနဲ့ သိပ်အများကြီးမရှိနိုင်ပါဘူး။
အယ်ဒီတာအဖွဲ့