ဇနီးမောင်နံှနှစ်ဦးမှာ ရက်ရှည်ခရီးထွက်ရန် အသင့်ပြင်ဆင်ကြသည်။ ကြက်တူရွေးအတွက် ရေနှင့်စားစရာတို့ကို လှောင်ချိုင့်အတွင်း လုံလောက်အောင်ထားခဲ့ပြီး ကြောင်အတွက်လည်း အခန်းအပြင်မှာ စားစရာလုံလုံလောက်လောက် ထားခဲ့သည်။ အဓိကကတော့ ကြောင်က ကြက်တူရွေးကို ကိုက်စားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့မှာထားသောတက္ကစီကား အိမ်ရှေ့သို့ ရောက်လာခိုက်မှာပင် ကြောင်က ကြက်တူရွေးရှိရာအခန်းတွင်းမှာ ပုန်းအောင်းကျန်ရစ်သည်ကို သူတို့သတိထားမိသဖြင့် ဇနီးဖြစ်သူခြံပြင်ထွက်နှင့်ပြီး ခင်ပွန်းဖြစ်သူ ယင်းပြဿနာကို ဖြေရှင်းရန် အိမ်ထဲသို့ ပြန်ဝင်သွားရသည်။ ကားကိုပတ်ကင်မှာရပ်ပြီး ပစ္စည်းလာသယ်ကူသော တက္ကစီဒရိုင်ဘာအား ဇနီးဖြစ်သူ မိမိတို့အိမ်ထဲမှာ အိမ်သားတစ်ဦးမှမရှိပဲ သော့ပိတ်ထားခဲ့ရမည်ကို သူစိမ်းတစ်ယောက်အနေဖြင့် မသိစေလိုပေ။ ထိုကြောင့် ဥပါယ်တမည်ဖြင့် မိမိခင်ပွန်းမှာ သူ၏အဘွားကို အိမ်ထဲမှာ သွားနှုတ်ဆက်ခြင်းဖြစ်ကြောင်း ပြောပြသည်။ မိနစ်အတန်ကြာမှ မောကြီးပန်းကြီးဖြင့် ခင်ပွန်းဖြစ်သူ ပြန်ထွက်လာသည်။ ထိုနောက် သူ့ကိုစောင့်နေရသည့်ဇနီးနှင့် ကားဆရာကို အားနာနာဖြင့် ရှင်းပြလိုက်သည်နှင့် ကားဆရာလည်း ကြောက်လန့်တကြား ရပ်ထားသော ကားဆီအပြေးအလွှားထွက်သွားပါတော့သည်။ သူရှင်းပြပုံက ''အဲဒီကောင်မကြီးက ကုတင်အောက်မှာ ပုန်းနေတာဗျ၊ မနည်းလိုက်ရှာမှတွေ့တယ်၊ အဲဒါဘယ်လိုမှ ခေါ်ထုတ်လို့ မရလို့ ကုတ်အင်္ကျီချိတ်နဲ့ လည်ပင်းကိုချိတ်ပြီး ဆွဲထုတ်ရတယ်၊ အဲဒါဗျာ၊ သူ့လက်သည်းရှည်တွေနဲ့ ကျွန်တော့်ကို ကုတ်သေးတယ်၊ ဒါနဲ့ ဘယ်လိုမှမတတ်နိုင်တော့ဘူး၊ ဒီတိရစ္ဆာန်မကို စောင်တစ်ဘက်နဲ့ပတ်ပြီး အိမ်နောက်ခြံဝင်းထဲ လွှင့်ပစ်ခဲ့ရတယ်ဗျာ'' တဲ့။
ဥပဒေသ။ ။ တစ်ခုခုကို လျှို့ဝှက်ဖုံးကွယ်ရန် လှည်ပတ်ပြောဆိုခြင်းသည် တစ်ခါတရံ ပိုမိုဆိုးဝါးသော အရှုပ်အထွေးများကို ဖြစ်စေသည်။
အပြုံးဖြင့်စီမံ အပြုံးဖြင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်