တင်ဒါ၊ တင်ဒါ ဈေးနှုန်းထပ်တင်တာ

ynn2017declearn1

နယူးဂျာစီ၊ တဲန်နဲန်စီနှင့် ဖလော်ရီဒါပြည်နယ်သုံးခုမှလာသော ကန်ထရိုက်လုပ်ငန်းရှင်သုံးဦးသည် သမ္မတအိမ်ဖြူတော်ခြံစည်းရိုးကာရံရေးလုပ်ငန်းအတွက် အပြိုင်အဆိုင် တင်ဒါဆွဲရန် အိမ်ဖြူတော်အုပ်ချုပ်ရေးအရာရှိများနှင့် တွေ့ဆုံနေကြသည်။ ပထမဦးစွာ ဖလော်ရီဒါပြည်နယ်မှ ကန်ထရိုက်လုပ်ငန်းရှင်က ခြံစည်းရိုးကာရမည့် အတိုင်းအတာကို ပေကြိုးထုတ်ယူတိုင်းထွာပြီးနောက် ခဲတံတစ်ချောင်းဖြင့် ကုန်ကျငွေကို တွက်ချက်ကြည့်သည်။ ထို့နောက် သူက ''ကျွန်တော်တွက်ကြည့်သလောက်တော့ ဒေါ်လာကိုးရာကျပါမယ်၊ ဒေါ်လာလေးရာက ကုန်ကြမ်းအတွက်၊ ဒေါ်လာလေးရာက ပညာရှင်နဲ့ အလုပ်သမားစရိတ်၊ ဒေါ်လာတစ်ရာကတော့ ကျွန်တော်တို့အတွက် အမြတ်ပါဟုဆိုသည်။ တဲန်နဲန်စီက ကန်ထရိုက်တာကလည်း အလားတူတွက်ချက်ကြည့်ပြီးနောက် ''ကျွန်တော်ကတော့ ဒေါ်လာခုနစ်ရာနဲ့ လုပ်ပေးနိုင်ပါတယ်၊ ဒေါ်လာသုံးရာက ကုန်ကြမ်းခ၊ ဒေါ်လာသုံးရာက ကျွန်တော့်လူတွေအတွက် လုပ်အားခနဲ့ ကျွန်တော်တို့အတွက် အမြတ်က တစ်ရာပါ'' ဟုဆိုသည်။

နယူးဂျာစီက ကန်ထရိုက်တာကမူ ပေကြိုးလည်းမထုတ်၊ စာအုပ်နဲ့ခံတံလည်းမသုံး၊ တိုင်းတာတွက်ချက်ခြင်းလည်း မပြုဘဲ အိမ်ဖြူတော်အရာရှိနားသို့ အသာကပ်ကာ လေသံဖြင့် ''ကျွန်တော်ကတော့ ဒေါ်လာ ၂,၇၀၀''ဟု ဆိုသည်။ အရာရှိက ''ခင်ဗျားက တိုင်းလည်းမတိုင်း၊ တွက်လည်းမတွက်၊ ဈေးကလည်းများသေး၊ ဘယ်လိုဖြစ်တာလဲ'' ဟုဆိုသောအခါ သူက-

''တိုင်းစရာ တွက်စရာ မလိုပါဘူးဗျာ၊ ၂,၇၀၀ ဆိုတာက ခင်ဗျားအတွက် ဒေါ်လာတစ်ထောင်၊ ကျွန်တော့်အတွက်က တစ်ထောင်၊ ပြီးရင် ကျွန်တော်တို့ တဲန်နဲန်စီကအကောင်ကိုခုနစ်ရာနဲ့ ငှားပြီး ခိုင်းကြမယ်လေ'' ဟု ဆိုလေသည်။

ဥပဒေသ။ ။ တင်ဒါစနစ်သည် လုပ်ငန်းဖော်ဆောင်ရာတွင် စရိတ်အသက်သာဆုံး၊ သို့မဟုတ် အရည်အသွေးအကောင်းဆုံးကို နှိုင်းယှဉ်ရယူနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ် ပါသည်။ သို့သော် လုပ်ငန်းဖော်ဆောင်သူနှင့် ခွင့်ပြုသူအကြား မရိုးမသားဆက်သွယ်မှုများ ရှိလာသောအခါ စရိတ်အကြီးမြင့်ဆုံး၊ သို့မဟုတ် အရည်အသွေးအနိမ့်ဆုံး ဖြစ်သွားတတ်ပါသည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ။

ရီနေနိုင်