ငုံ့ကြည့်သည့်အခါ အပြုံးကုဋေကုဋာ

manysmile1

ကုမ္ပဏီတွင်း လုပ်ငန်းဆွေးနွေးပွဲတစ်ခုတွင် ကုမ္ပဏီစီအီးအိုက ဝန်ထမ်းများ၊ အရာရှိများအဆင့်ဆင့် လှုပ်လှုပ်ရှားရှား ကြိုးစားလုပ်ကိုင်နေကြသည်ကို သူတို့သိပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကုမ္ပဏီအတွင်း နေ့ရောညပါ စဉ်ဆက်မပြတ် တွေးတောကြံဆဆွေးနွေးပြီး အရင်းအနှီးတိုးချဲ့ရေး၊ ထုတ်ကုန်တိုးတက်ရေး၊ အမြတ်ရရှိရေး၊ ပြိုင်ဘက်များကို ကျော်လွှားနိုင်ရေး၊ ဈေးကွက်ချဲ့ထွင်ရေးစသည်တို့အတွက် အမြဲပဲ လှုပ်လှုပ်ရှားရှား ဆောင်ရွက်နေရကြောင်း ပြောကြားပါသည်။ သူက ဆက်လက်ပြီး ''တကယ်တော့ ကုမ္ပဏီတစ်ခုဆိုတာက သစ်ပင်ကြီးတစ်ပင်နဲ့ တူသကွ၊ သစ်ပင်ရဲ့အကိုင်းတွေ အဆင့်ဆင့်ကတော့ ရာထူးရာခံအဆင့်ဆင့် ဖွဲ့စည်းပုံနဲ့ တူတာပေါ့ကွာ၊ အဲဒီအဆင့်တိုင်းမှာ မျောက်တစ်ကောင်စီ ထိုင်နေကြတာကွ၊ ဘယ်မျောက်မှ အငြိမ်မနေရပါဘူးကွာ၊ အားလုံးတလှုပ်လှုပ် လုပ်နေကြရတာပါပဲ၊ ဒါကို မင်းတို့သဘောပေါက်စေချင်တယ်'' ဟု ဆိုလိုက်သည်။ ထိုအခါ အရာရှိငယ်တစ်ဦးက ''ဆရာပြောတဲ့ ဥပမာက အင်မတန်ကို သဘာဝကျပြီး တစ်ထပ်တည်း မြင်သာပါတယ်ဆရာ၊ အနိမ့်အမြင့် အကိုင်းအလိုက်မှာ ထိုင်နေတဲ့မျောက်တွေ တလှုပ်လှုပ် လုပ်ကိုင်နေကြတယ်ဆိုတာ တကယ်ဟပ်မိတဲ့ ဥပမာပါပဲ၊ ဒါပေမဲ့ ဒီဥပမာအတိုင်း ကျွန်တော်တွေးမိတာလေးတစ်ခု ပြောလို့ရမလား ဆရာ'' ဟု မေးလိုက်ရာ စီအီးအိုက ''ရပါတယ်ကွာ၊ မင်းမြင်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြော''ဟု ခွင့်ပေးလိုက်ပါသည်။ ထိုအခါ ယင်းအရာရှိ ငယ်က ''မျောက်တွေအားလုံးကတော့ တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေကြပါတယ်ဆရာ၊ ဒါပေမဲ့ အပေါ်ဆုံးအကိုင်းက မျောက်ကြီးက အောက်ဘက်ကအကိုင်းတွေကို ငုံ့ကြည့်လိုက်ရင် အကိုင်းတိုင်းမှာ အပြုံးမျက်နှာတွေချည်း မြင်ရမှာပါဆရာ၊ ဒါပေမဲ့ အောက်ဆုံးအကိုင်းကမျောက်က အပေါ်မော့ကြည့်လိုက်ရင်တော့ အကိုင်းတိုင်း အကိုင်းတိုင်းမှာ ဖင်တွေချည်းတွေ့ရတာ တစ်ချက်တော့ ကွာပါတယ်ဆရာရယ်''တဲ့။

ဥပဒေသ။ ။ စီမံခန့်ခွဲသူကောင်းသည် မိမိဘက်က အမြင်သက်သက်ကိုသာကြည့်ပြီး မဆုံးဖြတ်ဘဲ စီမံခန့်ခွဲခံရသူတို့၏ခံစားချက်အမြင်ကိုပါ မျှဝေရယူရင်း မိမိဘက်က ရှုထောင့်ကိုလည်း သူတို့ကို အပြန်အလှန် သိနားလည်စေခြင်းဖြင့်သာ ပိုမိုပွင့်လင်းမှန်ကန်သော စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်