YKKO က မြန်မာနိုင်ငံကို ယူလာပေးတဲ့ လှေခေါက်ဆွဲ Boat Noodle Myanmar

မြန်မာအကြိုက်နဲ့အနီးစပ်ဆုံးဖြစ်ပြီး လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ ကွေ့တယို တစ်ဖြစ်လဲ လှေခေါက်ဆွဲကို အဓိကထားရောင်းချပေးနေတဲ့ Boat Noodle Myanmar (Facebook @boatnoodlemyanmar) ကို ရန်ကုန်မှာ အောက်တိုဘာလကုန်ပိုင်းက ဒဂုံစင်တာ ၁ မြေညီထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်ရဲ့ Concept ၊ ဖွင့်လှစ်ဖြစ်တဲ့ အကြောင်းအရင်းနဲ့ ထူးခြားချက်စတာတွေကို YKKO Group of Companies Ltd ရဲ့ Marketing နဲ့ Business Development Director ဒေါ်အေးမြတ်မော်က ပြောပြပေးခဲ့ပါတယ်။

boatnoodle1

Boat Noodle မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့ပုံ

----------------

မြန်မာနိုင်ငံမှာ Boat Noodle ကို YKKO Group of Companies Ltd နဲ့ ဂျပန်ကအစားအသောက် လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Toridoll Corporation နဲ့ Joint Venture လုပ်ပြီးဖွင့်ထားတာဖြစ်ပါတယ်။ Boat Noodle ဟာ ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ Toridoll Corporation က Majority ဝယ်ထားတဲ့ Brand တစ်ခုပါ။

Boat Noodle က အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့လိုနိုင်ငံတွေမှာရှိပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စင်ကာပူနဲ့ သြစတြေးလျမှာ ဖွင့်ခဲ့ပါတယ်။

YKKO အနေနဲ့ Franchise မယူဘဲ Toridoll နဲ့ Partner အဖြစ်ပူးပေါင်းပြီးလုပ်ခဲ့တဲ့ အကြောင်းရင်းရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးစားသောက်ဆိုင်လုပ်ငန်းစုက Chain Restaurant လုပ်ငန်းသုံးဆယ်ကျော်၊ လေးဆယ်လောက်ပဲရှိတယ်။ ဂျပန်နိုင်ငံမှာ အစားအသောက် Chain လုပ်ငန်းဆိုရင် Food Corporation တစ်ခုအောက်မှာ စားသောက်ဆိုင်တစ်ထောင်ကျော်နဲ့ Brand တွေ အများကြီးရှိပါတယ်။ ဂျပန်နိုင်ငံရဲ့အလုပ်လုပ်တဲ့ Operation Efficiency နဲ့ Manage လုပ်တာကို အားကျတဲ့အတွက် အတူတူအလုပ်လုပ်ရင် ပညာတွေ အများကြီးရနိုင်တယ်လို့ ယူဆတဲ့အတွက် အတူတူပေါင်းပြီးလုပ်ဖြစ်တာ ဖြစ်ပါတယ်။

Brand တစ်ခုကို Franchise ယူဖို့စဉ်းစားတဲ့အခါ လူတန်းစားမရွေးစားနိုင်တဲ့ ဈေးနှုန်းမျိုး၊ မြန်မာလူမျိုးတွေလည်း ကြိုက်တဲ့အရသာမျိုးကို အဓိကစဉ်းစားခဲ့ပါတယ်။ အခုမိတ်ဆက်ခဲ့တဲ့ Boat Noodle ဆိုလည်း ထိုင်းအစားအစာက မြန်မာလူမျိုးတွေနဲ့နီးစပ်၊ ဈေးနှုန်းကလည်း သင့်တင့်တယ်ဆိုပြီး လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

boatnoodle2

Boat Noodle ရဲ့ Menu Concept နဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ

---------------

Boat Noodle ကတော့ နာမည်မှာပြောတဲ့အတိုင်း အဓိက Signature ကတော့ လှေပေါ်မှာရောင်းတဲ့ လှေခေါက်ဆွဲဖြစ်ပါတယ်။ ဒီပုံစံကိုထိုင်းနိုင်ငံရဲ့ ရေပေါ်ဈေးတော်တော်များများမှာ တွေ့ရပါတယ်။ လှေလေးပေါ်ကနေ ရောင်းရတာဖြစ်တဲ့အတွက် လှေတစ်စင်းကနေတစ်စင်းကို ကမ်းပေးတာဖြစ်ဖြစ်၊ ကမ်းနားကို ကမ်းပေးတာဖြစ်ဖြစ် လုပ်ရင် ဖိတ်လျှံသွားနိုင်ပါတယ်။ မဖိတ်မလျှံအောင် အရည်ကို နည်းနည်းလေးနဲ့ Potion ကိုလည်း သေးသေးလေးပဲ လုပ်ပြီးတော့ပေးတယ်။ တစ်ပွဲစားရင် မဝနိုင်ပါဘူး။ အဲဒီအတွက် ကိုယ်စားနိုင်သလောက် ထပ်ထပ်စားရတာဖြစ်ပါတယ်။ အဲဒါကတော့ လှေခေါက်ဆွဲရဲ့ အဓိကအရင်းအမြစ်ဖြစ်သလို Concept လည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဆိုင်တွေမှာ ပွဲကြီးတွေ တဖြည်းဖြည်းရောင်းလာကြပါတယ်။ Boat Noodle မှာတော့ ဟိုးအရင်တုန်းက လှေပေါ်မှာ ရောင်းတဲ့ခေါက်ဆွဲပုံစံမျိုးကို သွားပါတယ်။

တခြားအစားအသောက်တွေကတော့ Thai Street Food လို့ခေါ်တဲ့ ဘန်ကောက်ကလမ်းလေးတွေမှာ ရနိုင်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကြက်ပင်စိမ်းထမင်း၊ ကြက်ဥမွှေကြော်နဲ့ထမင်း၊ အကင်၊ သင်္ဘောသီးထောင်း စသဖြင့် ဖြစ်ပါတယ်။

ဆိုင်မှာအစားအသောက်တွေနဲ့ လိုက်အောင် ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ Thai Ice Tea ၊ Thai Ice Green Tea ၊ Ice Coffee တွေကိုလည်း ထည့်ထားပါတယ်။ အခုလောလောဆယ် လူကြိုက်များနေတာကတော့ လတ်ဆတ်တဲ့ အုန်းသီးနုနုလေးတွေရဲ့ အုန်းရည်နဲ့ပြုလုပ်ထားတဲ့ Coconut Blend ဖျော်ရည်ပါ။

boatnoodle3

Boat Noodle ကတော့ အဆာပြေပဲစားမယ်ဆိုရင် ခေါက်ဆွဲသုံးပွဲလောက် နေ့လယ်စာ ညစာအနေနဲ့ စားမယ်ဆိုရင် ကိုယ်စားနိုင်သလောက်မှာပြီး စားနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် ဗိုက်တအားဆာနေတဲ့အချိန် စားလို့ရှိရင်လေးပွဲ၊ ငါးပွဲလောက်ကုန်ပါတယ်။ ယောကျ်ားလေးတွေဆိုရင် ခြောက်ပွဲ၊ ခုနစ်ပွဲလောက်ဆိုရင် တင်းတိမ်ပါတယ်။ Boat Noodle Concept အရင်တုန်းက လှေပေါ်မှာရောင်းတဲ့ပုံစံမပျက်အောင် Portion သေးလေးရောင်းပြီး စားပြီးသွားပြီဆိုရင်ပန်းကန်လေးတွေကို ထပ်ပြီးဓာတ်ပုံရိုက် Social Media တင်တဲ့ Experience ကို လည်း ပေးချင်ပါတယ်။

ဈေးနှုန်းကိုလည်း သင့်တော်အောင် စီစဉ်ပေးထားပါတယ်။ ခေါက်ဆွဲတစ်ပွဲဆိုရင် ၇၂၀ ကျပ် ဖြစ်ပါတယ်။ ထမင်းပွဲတွေဆိုရင် တစ်ထောင်ကျော် ၁,၅၀၀ ကနေ သုံးထောင်ဝန်းကျင်မှာရှိပါတယ်။

နေ့လယ်စာ၊ ညစာမဟုတ်ဘဲနဲ့ အလယ်မှာ ဗိုက်ဆာလို့ရှိရင် စားလို့ရတဲ့ပုံစံမျိုး စားရင်စားသလောက် ကုန်ကျမယ်။ နည်းနည်းပဲစားရင် နည်းနည်းပဲကုန်ကျမယ် ဆိုတဲ့ Concept မျိုး သွားထားပါတယ်။

ဆိုင်မှာ Seating Capacity က ၈၄ ယောက်စာ ရှိပါတယ်။ Boat Noodle က အစားအသောက် ပြင်ဆင်တဲ့အဆင်တွေကလည်း ရိုးရိုးရှင်းရှင်း ဖြစ်တဲ့အတွက်ကြောင့် ခေါက်ဆွဲတွေဆိုရင်လည်း ပွဲထွက်တာတော်တော် မြန်ပါတယ်။ ထမင်းပွဲမှာယူရင်တော့ တစ်ပွဲချင်းစီချက်တာကြောင့် ပွဲမှာများရင် နည်းနည်းအချိန်ယူတတ်ပါတယ်။

boatnoodle5

ဆိုင်အတွင်းပိုင်းပြင်ဆင်မှုနဲ့ပတ်သက်လို့ ပြောပြပေးပါ

--------------

Boat Noodle ရဲ့ ဆိုင်အပြင်အဆင်လေးဆိုရင် ပုံမှန်တခြားဆိုင်တော်တော်များများနဲ့ မတူပါဘူး။ ဘန်ကောက်ရဲ့ လမ်းလေးတစ်လမ်းပေါ်ကို ရောက်သွားပြီးတော့ အစားအသောက်ကို စားနေတယ်လို့ ခံစားနေရအောင်ဆိုတဲ့ Concept က ဆိုင် Interior Decoration Concept ဖြစ်ပါတယ်။

Boat Noodle ဆိုင်ကို စပြင်ဆင်တဲ့အချိန်မှာ အရင်တုန်းက မြို့ထဲလမ်းမလေးတွေမှာ ရှိတဲ့ခံစားချက်မျိုးကို ပိုပြီးဦးတည်ပြီးတော့ ဆိုင်ကိုပြင်ဆင်ခင်းကျင်းထားပါတယ်။ ဆိုင်ရဲ့ Feature Wall ဆိုရင် Graffiti Artist တွေက လာပြီးဆွဲပေးထားပါတယ်။ လမ်းမပေါ်မှာ အေးအေးဆေးဆေး ထိုင်နေရတဲ့ခံစားချက်မျိုးရအောင် လုပ်ထားပါတယ်။ အကုန်လုံးကလည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ပုံစံတွေဖြစ်ပါတယ်။ ပန်းကန်ထပ်လေးတွေကိုလည်း ဓာတ်ပုံရိုက်လို့ရတယ်။ ဟင်းပွဲတွေကိုလည်း ဓာတ်ပုံရိုက်ရင် လှအောင် ပြင်ဆင်ပေးထားတယ်။

Experience ကလည်း ဝင်လိုက်တာနဲ့ ထိုင်းနိုင်ငံကလမ်းလေးကို ရောက်သွားသလို ခံစားရအောင် လုပ်ထားပါတယ်။ ထိုင်းသီချင်းသံ၊ ဝင်သွားရင်နှုတ်ဆက်တဲ့ အသံ၊ ဟင်းချက်တဲ့အသံကို ကြားနေရတာ၊ Open Kitchen လုပ်ထားတဲ့အတွက် စားရင်းနဲ့လည်း ဟင်းချက်နေတဲ့ ပုံတွေကို ကြည့်နေလို့ရတာလိုမျိုး အများနဲ့မတူတဲ့ Concept မျိုး လုပ်ထားပါတယ်။ လူငယ်တွေရော၊ လူကြီးတွေရော အေးအေးဆေးဆေး ထိုင်လို့ရတဲ့နေရာလေး ဖြစ်ပါတယ်။

boatnoodle4

ဆိုင်ခွဲတွေဖွင့်ဖို့ အစီအစဉ်ရှိလား

----------------

လာမယ့်နှစ်လ၊ သုံးလလောက်မှာ နောက်တစ်ဆိုင်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်။

Boat Noodle အပါအဝင် ဘယ်လို Brand တွေကို မြန်မာနိုင်ငံမှာ ဆက်လုပ်သွားဖို့ရှိလဲ

----------------

အရင်တုန်းကဆိုရင် YKKO မှာ ကြေးအိုး၊ အကင်၊ အအေးပဲ ရရာကနေ တရုတ်စာ Concept တို့ တချို့ဆိုင်တွေမှာ Coffee ၊ Cake တို့ကို တဖြည်းဖြည်းထည့်လာတာဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ လက်ရှိအစားအသောက်တွေ အောင်မြင်တယ်ဆိုရင် နောက် Brand တစ်ခုအနေနဲ့ Potential ရှိရင် စလို့ရအောင် မြန်မာလူမျိုးတွေ ကြိုက်တဲ့အရသာမျိုးနဲ့ အစားများတဲ့ Menu Item တွေကို တံဆိပ်အသစ်တွေအနေနဲ့ ရှေ့ဆက်တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။

ဖြူလဲ့မွန်