Yangon Investment Forum 2018

YIF1

ရန်ကုန်မြို့တော်ကို အာရှတိုက်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာဖြစ်စေပြီး စီးပွားရေးအခွင့်အလမ်းကောင်းတွေ ကျယ်ပြန့်လာစေဖို့ ရည်ရွယ်ကာ Yangon Investment Forum 2018 ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်က Novotel Yangon Max Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး အစိုးရဌာနများမှ အကြီးအကဲများ၊ ပြည်တွင်းနှင့်ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးအဖွဲ့အစည်းများနဲ့ စိတ်ပါဝင်စားသူများ စုစုပေါင်း တစ်ထောင်ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

YIF2

အခမ်းအနားမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပါတယ်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Investment Strategy In The Yangon Region ခေါင်းစဉ်နဲ့လည်းကောင်း၊ Mr.Chao Choon Ong (Managing Director of PwC Myanmar ၊ Deputy Managing Partner of PwC Singapore) က Doing Business in Yangon ခေါင်းစဉ်နဲ့လည်းကောင်း၊ ဒေါက်တာမာလာမျိုးညွန့် (Deputy Director General of Directorate of Investment and Company Administration, Ministry of Planning and Finance) က Current Investment Situation in Yangon ဆိုတဲ့ ခေါင်းစဉ်နဲ့လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါတယ်။ The Investment Frame-work in Myanmar နဲ့ Private Sector's Perspectives: Focusing On Agriculture ၊ Energy & Electricity ၊ Logistics ၊ Tourism ၊ Textile & Garment ၊ Banking Sectors စတဲ့ Panel Discussion နှစ်ရပ်ကိုလည်း ကျင်းပဆွေးနွေးခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို တက်ရောက်လာတဲ့ Information Matrix Co Ltd (7 Days News) ရဲ့ CEO ဦးသောင်းစုငြိမ်းနဲ့တွေ့ဆုံခိုက် မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့အခါ အစိုးရဖက်က ဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့အပိုင်းများနဲ့ ပတ်သက်လို့ ထင်မြင်ချက်များကို မေးမြန်းကြည့်တဲ့အခါ “ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ဆိုရင် ကျွန်တော်တို့မြင်တာကတော့ အစိုးရတွေအနေနဲ့က တရားဥပဒေစိုးမိုးရေးတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ Environment တွေ ဖန်တီးပေးကြဖို့နဲ့ အခြေခံအဆောက်အဦပိုင်းတွေ ဖြည့်တင်းပေးထားဖို့လိုပါမယ်။ အခြေခံအဆောက်အဦးဆိုတာက စီးပွားရေးရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ လာကြည့်တယ်ဆိုရင် လျှပ်စစ်မီးအခြေအနေက ဘယ်လိုရှိသလဲ၊ လူ့စွမ်းအားအရင်းအမြစ်အခြေအနေက ဘယ်လိုရှိသလဲ၊ လမ်းပန်းဆက်သွယ်ရေး  ဘယ်လောက်ကောင်းသလဲ၊ နောက်ပြီး တရားဥပဒေစိုးမိုးရေးရှိလား စတာမျိုးတွေကြည့်ပြီး ဆုံးဖြတ်တာဆိုတော့ အဲဒါလေးတွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ နောက်ပြီး ဘဏ်အတိုးနှုန်းတွေ၊ လုပ်ငန်းတစ်ခုခု ထူထောင်ဖို့ ငွေချေးရတာ လွယ်ကူလား၊ ရုံးလုပ်ငန်းတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန်လုပ်နိုင်လဲ အဲဒါလေးတွေကလည်း အရေးကြီးပါတယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။

ပွဲတက်ရောက်လာတဲ့ Thura Swiss Co Ltd ရဲ့ CEO ဖြစ်သူ ဒေါက်တာအောင်သူရကလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့အခါ အစိုးရဖက်က ဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့အပိုင်းများနဲ့ ပတ်သက်လို့ “ဒါကတော့ အမျိုးမျိုးပါပဲ။ အစိုးရဖက်က ပထမဆုံးအနေနဲ့ ပြည်တွင်း Investor ပဲဖြစ်ဖြစ်၊ ပြည်ပ Investor ပဲဖြစ်ဖြစ် လိုလိုလားလားလိုချင်တယ်၊ ရင်းနှီးမြှုပ်နှံစေချင်တယ်ဆိုတာကို Signal ပြဖို့လိုပါတယ်။ အခုလို ပွဲလုပ်တာ တော်တော်လေးအဆင်ပြေပါတယ်။ ဒီလိုမျိုးပွဲကိုလုပ်ခြင်းအားဖြင့် Investor တွေအနေနဲ့ သူတို့ကို တကယ်ပဲ ဖိတ်ခေါ်နေတယ်ဆိုတာကို ပိုပြီးတော့စိတ်ဝင်စားစေပါတယ်။ ဒုတိယတစ်ချက်ကတော့ Red Tate (ကြိုးနီစနစ်) တွေ အကုန်လုံးကို ဖြေရှင်းပေးဖို့၊ ဥပဒေတွေကိုပြင်ပေးဖို့၊ တစ်ခုခုအခက်အခဲ ရှိတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းပေးနိုင်မယ်ဆိုရင် Investor တွေဖက်က ပိုပြီးအဆင်ပြေပါတယ်။ FDI တွေ ပိုပြီးဝင်ရောက်လာဖို့ဆိုရင် မြန်မာပြည်ဖက်က ပထမဦးဆုံးကတော့ မားကတ်တင်း သေချာလုပ်ထားဖို့ လိုအပ်ပါတယ်။ မားကတ်တင်း လုပ်တယ်ဆိုတာက အခုလိုမျိုးပွဲတွေပဲကျင်းပတာဖြစ်ဖြစ်၊ ကိုယ်က နိုင်ငံခြားကိုသွားပြီး ပွဲတွေကျင်းပတာပဲဖြစ်ဖြစ် Foreign Investor တွေ စိတ်ဝင်စားလာအောင် လုပ်တာဖြစ်ပါတယ်။

YIF3

တစ်ခါတလေကျရင် ဘယ်လိုမျိုးလုပ်လို့ရသလဲဆိုတော့ အစိုးရရုံးတွေကကို လုပ်နိုင်တာတွေရှိပါတယ်။ ဥပမာ - သမ္မတရုံးကပဲဖြစ်ဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကပဲဖြစ်ဖြစ် Investor တွေ သေချာရှာပြီးတော့ သူတို့ကို ဖိတ်ခေါ်ပါတယ်ဆိုပြီး ဖိတ်ခေါ်ရင် သူတို့က လာကြမှာပါပဲ။ ဒါပေမဲ့လည်း စိတ်ဝင်စားတယ်ဆိုရုံနဲ့ မပြီးသေးပါဘူး။ စိတ်ဝင်စားမှုရပြီဆိုရင် တကယ့် Investment ကို ဖြစ်နိုင်အောင် ကိုယ့်ဘက်က ကူပေးရမယ်။

ကိုယ့်ဘက်မှာ ဘာ Project တွေရှိတယ်၊ ဘယ်လိုမျိုး Project တွေရှိတယ်ဆိုတာ သူတို့သိအောင် အဲဒါတွေ သေချာပြင်ဆင်ထားသင့်တယ်။ Investor က ကြည့်လိုက်ရင် ဒါကိုရင်းနှီးရင် တကယ်ကောင်းတယ်၊ မကောင်းဘူးဆိုတာကို သုံးသပ်နိုင်တဲ့ အဆင့်ထိရောက်အောင် ပြင်ဆင်ထားရင် ပိုပြီးတော့ကောင်းပါတယ်။” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

အဲဒီနေ့က အခမ်းအနားမှာ ဦးမျိုးခိုင်ဦး (ညွှန်ကြားရေးမှူး၊ DICA)၊ Ms Vicky Bowman (Director, Myanmar Centre for Responsible Business) နဲ့ Mr Marc de la Fouchardière (Head of Advocacy and EU Affairs, Eurocham Myanmar) တို့နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။


[caption id="attachment_32760" align="alignnone" width="370"]YIF4ဦးမျိုးခိုင်ဦး
ညွှန်ကြားရေးမှူး
Directorate of Investment & Company Administration (DICA)[/caption]

ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ ဒီပွဲကိုဖြစ်မြောက်လာအောင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လမ်းညွှန်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဦးဆောင်ပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာအောင်လို့ Myanmar Investors Development Association (MIDA) ၊ GIZ ၊ UMFCCI ၊ PWC ၊ Rice Communication အစရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကျင်းပတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက်ကို ပိုပြီးတော့ အဆင်ပြေချောမွေ့လာအောင်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေအသစ်ဆိုတာလည်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ နည်းဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံသူတွေအတွက် လုပ်ထုံးလုပ်နည်းတွေ၊ နည်းဥပဒေတွေက အကာအကွယ်ပေးမှုတွေနဲ့ သူတို့အနေနဲ့ ဒီမှာလာရောက်ရင်းနှီးမြှုပ်နှံရတဲ့ Procedure တွေက ချောမွေ့လွယ်ကူသွားပြီ ဖြစ်ပါတယ်။ ဒီချောမွေ့လွယ်ကူသွားတာကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေကို ပိုပြီးတော့မှ သိရှိနားလည်လာအောင်ရယ်၊ နောက်ပြီး ရန်ကုန်တိုင်းအတွင်းက ဘယ်လိုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလို့ရမယ်ဆိုတာကို သိရှိလာအောင် ဒီပွဲကိုရည်ရွယ်ပြီးတော့မှ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဘယ် Sector တွေမှာ ရင်းနှီးမြှုပ်နှံမှုများများရဖို့ ခန့်မှန်းထားပါသလဲ

------------------------

ကျွန်တော်တို့ကတော့ Manufacturing Sector ကို အဓိကထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အလုပ်အကိုင်အခွင့်အလမ်းလည်း အများကြီးလိုပါတယ်။ တိုးလာအောင်လည်း ကြိုးစားဖို့ရှိပါတယ်။ အဲဒီအပြင် ကျွန်တော်တို့နိုင်ငံရဲ့ ထွက်ကုန်တွေ၊ ထုတ်ကုန်တွေ တိုးလာဖို့လည်း လိုပါတယ်။ အဲဒါကြောင့် Manufacturing Sector ကတော့ ပထမဦးစားပေးဖြစ်ပါတယ်။

နောက်ပြီး Manufacturing နဲ့ ဆက်စပ်နေတဲ့ အခြေခံအဆောက်အဦပိုင်းတွေကိုလည်း ကျွန်တော်တို့က ဦးစားပေးပါတယ်။ ဒီအပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအပိုင်းတွေကိုလည်း ဦးစားပေးပြီးတော့မှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အခက်အခဲတွေရှိတဲ့အခါ ဘယ်ကိုဆက်သွယ်ရပါမလဲ

-----------------------------

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲဆိုတာ ရှိတယ်။ နောက်ရင်းနှီးမြှုပ်နှံသူ အကူအညီပေးရေးအဖွဲ့ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ Investor တွေမှာ ရှိနေတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလို့ရပါတယ်။ အဲဒီအပြင်ကို ရန်ကုန်တိုင်းမှာ ရင်းနှီးမြှုပ်နှံလို့မှ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ အကူအညီတောင်းလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ကော်မတီကို တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ အကူအညီတောင်းမယ်ဆိုရင် Investor တွေအတွက် အများကြီးထိရောက်ပြီး အမြန်ဆုံးဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။


[caption id="attachment_32761" align="alignnone" width="370"]YIF5Ms Vicky Bowman
Director
Myanmar Centre for Responsible Business[/caption]

ကျွန်မတို့ရဲ့ Center က မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည့်ပြည့်စုံစုံရှိရဲ့လားဆိုတာကို အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်မတို့က အခုအစိုးရတွေ ဆွေးနွေးနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ကြားရတာလည်း ဝမ်းသာပါတယ်။ DICA က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်တဲ့ လမ်းညွှန်မှုတွေဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် နားလည်လွယ်စေပါတယ်။ နောက်ပြီး အရည်အသွေးပြည့်ဝတဲ့လုပ်ငန်းတွေနဲ့ ရန်ကုန်မြို့ကြီးတိုးတက်ဖို့ မျှော်လင့်ပါတယ်။ ဒီလို Forum တွေက အခြေခံအားဖြင့်တော့ လူမှုဆက်ဆံရေးအတွက်ပါ။ လူသစ်တွေနဲ့တွေ့ရတယ်၊ ပွဲမှာပြထားတာတွေနဲ့ အဖွဲ့အစည်းအသစ်တွေအကြောင်းကို လေ့လာလို့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေအတွက် အရေးအကြီးဆုံးက ဝန်ကြီးဌာနတွေအတူတူ ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းလုပ်ဆောင်တာဘဲဖြစ်ပါတယ်။ ဆိုလိုတာက ရန်ကုန်ဝန်ကြီးဌာနနဲ့ နေပြည်တော်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တည်တည်ငြိမ်ငြိမ်လုပ်ဆောင်ရင် မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လွယ်ကူမှာဖြစ်ပါတယ်။ ဒါက ရန်ကုန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမှန်ပါတယ်။ DICA က တည်ထောင်ခဲ့တဲ့ One Stop Shops တွေဟာလည်း အသုံးဝင်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက အစိုးရဟာ တချို့စည်းမျဉ်းတွေကို ပြန်လည်ဆန်းစစ်ပြီး လာဘ်ပေးလာဘ်ယူတာ၊ ကြိုးနီစနစ်စတာတွေကိုလည်း တားမြစ်ရမှာဖြစ်ပါတယ်။


[caption id="attachment_32762" align="alignnone" width="370"]YIF6Mr Marc de la Fouchardière
Head of Advocacy and EU Affairs
Eurocham Myanmar[/caption]

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်ဆိုရင် မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သားရှားပါးနေတယ်လို့ ကျွန်တော်တို့အဖွဲ့အစည်းက Member တွေဆီကတစ်ဆင့် သိရပါတယ်။ ကျွန်တော်တို့ရဲ့ Member တွေအနေနဲ့ မြန်မာလူငယ်တွေအတွက် Training တွေ၊ ပညာရေးတိုးတက်မှုတွေမှာ ပါဝင်လုပ်ကိုင်နေတယ်ဆိုပေမဲ့ မြန်မာအစိုးရအနေနဲ့လည်း ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်အပိုင်းတွေကို အဓိကထားပြီး ထောက်ပံ့ပေးသင့်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ဥရောပရင်းနှီးမြှုပ်နှံသူတွေ သိရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

အယ်ဒီတာအဖွဲ့