မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းက ဦးစီးကျင်းပတဲ့ Yangon ICT Fair 2017 ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ပွဲကို Laptop ၊ ကွန်ပျူတာ၊ ဖုန်း၊ Software စတဲ့ ICT နည်းပညာပစ္စည်းအမျိုးမျိုးကို တစ်နေရာတည်းမှာ လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့သိရပြီး ပွဲကိုလာရောက်ကြည့်ရှုသူတွေအနေနဲ့ အသစ်အသစ်သောနည်းပညာတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ပွဲကိုလာရောက်ကြည့်ရှုသူတွေဟာ သာမန်ထက်သက်သာတဲ့နှုန်းထားတွေနဲ့ ICT ပစ္စည်းတွေကို ဝယ်ယူနိုင်ခဲ့ပါတယ်။
ဦးချမ်းမြဦး
CEO
Myanmar Speed Net Co Ltd
ကျွန်တော်တို့ ကုမ္ပဏီဟာ အင်တာနက်လိုင်းဝန်ဆောင်မှုပေးဖို့ မြန်နှုန်းမြင့်အင်တာနက်ကို အိမ်တွေကို ဖိုင်ဘာ သွယ်တန်းပေးတဲ့ ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီပွဲမှာ ဝင်ပြဖြစ်တာက လူတွေကို အရည်အသွေး ကောင်းမွန်တဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်းနဲ့ မိတ်ဆက်ပေးချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့က ဝန်ဆောင်မှုကောင်းကောင်းနဲ့ အားလုံးကိုသုံးစေချင်တယ်။ ပြီးတော့ ဒီပွဲမှာ လာပြဖြစ်တဲ့အတွက် ဒီပွဲကို လာတဲ့လူတွေ တော်တော်များများက စိတ်ဝင်စားတာကို တွေ့ရပါတယ်။ သူတို့လည်း မြန်နှုန်းမြင့်အင်တာနက်ကို သုံးချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဒီဝန်ဆောင်မှုကို ၂၀၁၇ ခုနှစ်၊ မတ်လပိုင်းမှာစပြီး ဈေးကွက်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီပွဲကို လာပြတာက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လူတွေအများကြီးနဲ့ မိတ်ဆက်ပေးချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အင်တာနက်မြန်နှုန်းကို 1G အထိ သတ်မှတ်ပေးထားပါတယ်။ သုံးစွဲသူတွေအတွက်ဆိုရင် 2 M က နေ 8 M ကြားထဲကို ဒေါ်လာ တစ်ရာအောက်နဲ့ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေကျတော့ 10 M ကနေ 1 G အထိကို သူတို့လုပ်ငန်းရဲ့ လိုအပ်ချက်အရ လိုချင်တဲ့မြန်နှုန်းကို မှာယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် ကျွန်တော်တို့က B2B Team နဲ့ သူတို့လိုချင်တဲ့ ပုံစံမျိုးကို ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့က ဖိုင်ဘာလိုင်းတွေကို သုံးစွဲသူတွေရဲ့ အိမ်နဲ့ မီတာတစ်ရာကနေ အများဆုံး မီတာသုံးရာ အကွာလောက်အတွင်းမှာ ကြိုပြီးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ အင်တာနက်လိုင်းမှာယူတဲ့အချိန်မှာ ကျွန်တော်တို့ ကြိုပြီးသွယ်တန်းပေးထားတဲ့ Fibre Access Point ကနေ သူ့အိမ်အရောက်သွယ်တန်းတဲ့ ဖိုင်ဘာအတွက်ပဲ ဝန်ဆောင်ခပေးရတော့မှာ ဖြစ်ပါတယ်။ ဒါအပြင် ဒီအတွက်ဝန်ဆောင်ခကိုလည်း လုံးခနဲမပေးချင်ရင် တစ်လချင်းနည်းနည်းစီ ခွဲပေးလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်အောင် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ်နန်းသိင်္ဂီကျော်
Director (Business Development)
Emergent Services (MYOB Distributor, MYOB Professional Partner)
ကျွန်မတို့ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ထားတဲ့ Emergent Services ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ Software တွေကို ဝန်ဆောင်မှုပေးသွားနိုင်ဖို့ ပြန်ပြီး Restructure လုပ်ခဲ့ပါတယ်။ ကုမ္ပဏီက အဓိကအနေနဲ့ MYOB Software ၊ Accounting Software ၊ HR ဝန်ဆောင်မှုတွေ၊ ERP ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီထဲမှာမှ MYOB ကတော့ မလေးရှားအခြေစိုက် အရှေ့တောင်အာရှမှာ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ ကျွန်မတို့ကတော့ မြန်မာပြည်ရဲ့ ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူထားတာ ဖြစ်ပါတယ်။ MYOB Software ဟာ အသေးစားလုပ်ငန်းတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီ Software ဟာ ကုန်ကျစားရိတ်လည်း အများကြီးသက်သာတဲ့အပြင် နိုင်ငံတကာမှာလည်း အသုံးပြုနေတဲ့ Software ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီပြပွဲမှာ လာရောက်ပြသဖြစ်တာကတော့ MYOB Software ကို အသုံးပြုတာကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ပိုပြီးလူသိများလာစေချင်တဲ့အတွက် ပထမဆုံးအကြိမ် ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်။
ဦးသိန်းသန်းထိုက်
Senior Marketing Executive
CASHCOW Co Ltd
CashCow! PoS Software ကို မြန်မာနိုင်ငံမှာ အခုမှစပြီး မိတ်ဆက်ပေးတာဖြစ်ပေမဲ့ ကိုရီးယား၊ တရုတ်၊ အမေရိကန်နိုင်ငံတို့တွေမှာတော့ လူသုံးများပြီး အောင်မြင်နေပြီ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုရင် လူဦးရေရဲ့ တစ်ဝက်လောက်က ဒီ Software ကို အသုံးပြုနေကြပြီး တရုတ်နိုင်ငံမှာဆိုရင် လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ လူတစ်သန်းလောက်က ဒီ Software ကို အသုံးပြုနေကြပါတယ်။ အခုအချိန်မှာဆို ဒီ Software ကို အင်ဒိုနီးရှားမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ပါတယ်။ အခုလိုမြန်မာနိုင်ငံရဲ့ မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာတဲ့အချိန်မှာ ဒီ Software ကနေ ကြော်ငြာတွေ ကြည့်တဲ့လူတွေကိုလည်း အကျိုးကျေးဇူးတွေ ပြန်ပေးချင်တာကြောင့် တခြားနိုင်ငံတွေမှာ အောင်မြင်ပြီးသား Software Platform တစ်ခုကို လာရောက်မိတ်ဆက်တာ ဖြစ်ပါတယ်။
အခုလောလောဆယ်မှာ လူတွေဟာ လမ်းသွားလမ်းလာရင်းပဲဖြစ်ဖြစ်၊ အိမ်မှာတီဗွီကြည့်ရင်းပဲဖြစ်ဖြစ်၊ Facebook သုံးရင်းပဲဖြစ်ဖြစ် ကြော်ငြာတွေ ကြည့်ကြပါတယ်။ ဒါပေမဲ့ ဖုန်း Lock Screen မှာ ကြော်ငြာတွေ ကြည့်ပြီး Point တွေ ရလာမယ်။ ရလာတဲ့ Point တွေနဲ့ သူတို့လိုချင်တာတွေ ဥပမာ- ဖုန်းဘေလ်တို့၊ တခြား လက်ဆောင်ပစ္စည်းတို့တွေနဲ့ လဲလို့ရလာမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေအတွက်လည်း အကျိုးရှိစေမယ်ဆိုပြီး ပြုလုပ်ဖြစ်တာ ဖြစ်ပါတယ်။
လုပ်ငန်းကို မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကစပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဒီ Software Developer ကတော့ ကိုရီးယားနိုင်ငံက ဖြစ်ပါတယ်။ ကုမ္ပဏီက စင်ကာပူအခြေစိုက်ဖြစ်ပြီး ကုမ္ပဏီရဲ့ Server ကတော့ စင်ကာပူမှာ ရှိပါတယ်။
ကုမ္ပဏီတွေအနေနဲ့ ဖုန်း Screen မှာ ကြော်ငြာထည့်ချင်တယ်ဆိုလည်း မြင်တဲ့အကြိမ် အရေအတွက်ပေါ် မူတည်ပြီး ကြော်ငြာခပေးရတာ၊ သူ့ရဲ့ Website ၊ Facebook အကောင့်ထဲကို ဝင်တဲ့အကြိမ်အရေအတွက် ပေါ်မူတည်ပြီး ကြော်ငြာခပေးရတာ၊ သူ့ Software ကို Install လုပ်တဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ကြော်ငြာခပေးရတာ၊ Software ကို ဝင်သုံးတဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ကြော်ငြာခပေးရတာ စတဲ့ကြော်ငြာနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကြော်ငြာချင်တဲ့ ပုံစံတွေ ပေါ်မူတည်ပြီးတော့လည်း ဈေးကတော့ အမျိုးမျိုးကွာသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ User တွေကို Client တွေကနေပြီးတော့ Software ပဲ သွင်းစေချင်တာလား၊ ဝင်ပြီးပဲ သုံးစေချင်တာလား ကြိုက်တာလုပ်ခိုင်းလို့ရပါတယ်။ အဲဒီအတွက် User တွေက Point တွေရမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ ကျွန်တော်တို့ ကုမ္ပဏီက Client ၂၀ ၊ ၂၅ ခုလောက် ရရှိနေပြီဖြစ်ပါတယ်။ အဓိကအနေနဲ့ Fashion ၊ IT ၊ Mobile ၊ Education ပိုင်းဆိုင်ရာလုပ်ငန်းတွေက ကျွန်တော်တို့ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ Software က ဖုန်း Lock Screen မှာ ကြော်ငြာကြည့်လို့ရတာ တစ်ခုတည်းတင်မဟုတ်ဘဲ သုံးစွဲသူတွေအနေနဲ့ နောက်ဆုံးရသတင်းတွေကို အလွယ်တကူဖတ်နိုင်အောင် မီဒီယာကုမ္ပဏီတွေနဲ့ ပါတနာပြုလုပ်ထားသလို ငွေဈေး၊ ဆီဈေး စတဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နေ့စဉ် Update သိနိုင်မှာ ဖြစ်ပါတယ်။
ကိုဒီ