ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်များ
--------------------
World Economic Forum က ကျွမ်းကျင်သူတွေကို စစ်တမ်းကောက်ယူအချက်အရ ၉၀ ရာခိုင်နှုန်းသော ကျွမ်းကျင်သူတွေက ၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့အကြား နိုင်ငံရေးအရ၊ စီးပွားရေးအရ ထိပ်တိုက်တွေ့မှုတွေက ပိုမိုဆိုးဝါးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ၈၀ ရာခိုင်နှုန်းသော ကျွမ်းကျင်သူတွေကတော့ စစ်မက်ဖြစ်ပွားဖို့အလားအလာတွေလည်း မြင့်တက်လာနေတယ်လို့ သုံးသပ်ကြပါတယ်။
ဒါဗို့စ်မှာ နှစ်ပတ်လည်အစည်းအဝေးမလုပ်ခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးတင်းမာမှုတွေ၊ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပလုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးထားတဲ့ဝါဒတွေ (ကိုယ်ကျိုးဦးစားပေးဝါဒ)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လျော့ရဲလာမှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ အဘက်ဘက်က မြင့်တက်လာမယ့် အန္တရာယ်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
အဲဒါတွေအားလုံး စုပေါင်းလိုက်ရင်တော့ ၂၀၁၈ ခုနှစ်က အတော်လေးဆိုးဝါးတဲ့နှစ်တစ်နှစ် ဖြစ်လာနိုင်ခြေရှိကြောင်း Eurasia Group ရဲ့ ဥက္ကဋ္ဌ Ian Bremmer က 'မကွယ်မဝှက်တမ်းပြောရရင် ၂၀၁၈ ခုနှစ်က သိပ်မကောင်းပါဘူး။ ဈေးကွက်အခြေအနေတွေက ဆွေးမြေ့နေတယ်၊ စီးပွားရေးက သိပ်မဆိုးဘူးဆိုပေမယ့် နိုင်ငံသားတွေက သပ်သျှိုသွေးခွဲခံထားရတယ်၊ အစိုးရတွေကလည်း ပုံပေါ်အောင် အုပ်ချုပ်မပြနိုင်ကြသလို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း စုပေါင်းအဖြေမထုတ်နိုင်ကြပါဘူး' လို့ သုံးသပ်ပါတယ်။ ကျွမ်းကျင်သူတွေက ဘာတွေကို ဒီလောက်စိုးရိမ်စိတ်ရှိနေသလဲဆိုတာကို တစ်ချက်ချင်း ခွဲခြမ်းစိပ်ဖြာကြည့်ကြရအောင်ပါ။
ဆိုက်ဘာတိုက်ခိုက်မှုများ
------------------
WannaCry (Ransonware တိုက်ခိုက်မှုက အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်ဆော့ဖ်ဝဲလ်စနစ်တွေထဲ ဝင်မရအောင်တားပြီး ငွေညှစ်မှု)နဲ့ Equifax ဒေတာပေါက်ကြားမှု (အမေရိကန်နိုင်ငံသားပေါင်း ၁၄၃ သန်းလောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေပေါက်ကြားခဲ့မှု) တွေလို ဆုံးရှုံးမှုများတဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးကို သတိထားမိဖို့ လှုံ့ဆော်လိုက်တာပါပဲ။
ဒီလိုတိုက်ခိုက်မှုတွေက ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ်တွေနဲ့ ဈေးကွက်တွေကို ထော့နဲ့သွားစေနိုင်ပါတယ်။ ပြီးတော့ အင်တာနက်ကြီးကိုယ်တိုင်ကိုက ပစ်မှတ်တစ်ခုဖြစ်လာနေပါပြီ။ စီးပွားရေးကိုထိခတ်စေလောက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဆိုတာ ဒီကနေ့မှာ တကယ်ရှိနေပါပြီ။ WEF ကတော့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ထိလွယ်ခိုက်လွယ် ကွန်ပျူတာစနစ်တွေကို လုံခြုံရေးပိုမိုတင်းကျပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ရာသီဥတုဖောက်ပြန်ခြင်း
-----------
ကမ္ဘာလုံးဆိုင်ရာအဓိကအန္တရာယ်ကြီးတစ်ခုက ရာသီဥတုများ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းလို့ WEF က ထုတ်ပြန်ထားပါတယ်။ အစွန်းရောက်ရာသီဥတုအခြေအနေတွေက ထိပ်တန်းအန္တရာယ်တစ်ခုဖြစ်နေတာက အဆန်းတော့မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်တစ်နှစ်လုံးကို ပြန်ကြည့်လိုက်ရင် ကမ္ဘာ့နိုင်ငံအနှံ့အပြားက သဘာဝဘေးအန္တရာယ်တွေအများဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလဟာ သဘာဝဘေးဒဏ် စံချိန်တင်အဖြစ်အများဆုံးလို့ Zurich Insurance Group က Chief Risk Officer Alison Martin က ပြောပါတယ်။ UN ကတော့ ရာသီဥတုဖောက်ပြန်မှုက ဒေသတွင်းနိုင်ငံအချင်းချင်းကြား ပဋိပက္ခတွေ ဖြစ်ပွားစေသလို လူတွေကိုလည်း အိုးအိမ်စွန့်ခွာပြောင်းရွှေ့မှုတွေဖြစ်စေတယ်လို့ သတိပေးပါတယ်။ အပူချိန်မြင့်မားလာမှုကလည်း ကမ္ဘာ့စားနပ်ရိက္ခာကို ခြိမ်းခြောက်နေပါတယ်။ အခုလို သဘာဝဘေးအန္တရာယ်တွေက ကမ္ဘာတစ်ဝန်း စုစုပေါင်းထုတ်လုပ်မှုပမာဏရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အမေရိကနဲ့ တရုတ်တို့ရဲ့ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းသွားနိုင်စေတဲ့ အခြေအနေမှာ ရှိတယ်လို့ Alison Martin က ဆိုပါတယ်။
တန်းတူညီမျှအခွင့်အရေးရမှု ကျဆင်းလာခြင်း
--------------
ကမ္ဘာ့စီးပွားရေးအခြေအနေက တိုးတက်ကောင်းတိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကရလာတဲ့ အကျိုးအမြတ်ရလဒ်တွေကိုတော့ လူတိုင်းတန်းတူညီမျှ ခံစားခွင့်မရနိုင်ပါဘူး။ နိုင်ငံတိုင်းလိုလိုက ပြည်သူပြည်သားတွေက ဝင်ငွေမညီမျှခြင်းတွေ ပိုဖြစ်လာနိုင်သလို လစာတွေလည်း မတက်နိုင်ဘဲ တန့်နေကြပါလိမ့်မယ်။ WEF ကတော့ ဆယ်စုနှစ်တစ်ခုကျော်အကြာ ၂၀၁၇ ခုနှစ်အတွင်းမှာမှ ကမ္ဘာ့အမျိုးသား အမျိုးသမီးစီးပွားရေးကွာဟချက်က ပိုမိုကြီးမားလာခဲ့တယ်လို့ပြောပါတယ်။ တစ်ကိုယ်ရည် အကြွေးများလာခြင်း၊ ကိုယ်ပိုင်ငွေနဲ့ အငြိမ်းစားလစာ မလောက်ငှခြင်းတွေလို အကြောင်းရင်းတွေက လာမယ့်နှစ်တွေအတွင်း တန်းတူမညီမျှခြင်းတွေ ပိုမိုဖြစ်ပွားနိုင်ဖို့ ဖြစ်စေတယ်လို့ WEF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
ကိုယ်ကျိုးဦးစားပေးဝါဒနဲ့ အမေရိကန်ပထမစိတ်ဓာတ်
-------------------
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ပထမပေါ်လစီတွေက ကမ္ဘာ့ခေါင်းဆောင်တွေအကြား သွေးကွဲမှုဖြစ်စေနိုင်သလို ပူးပေါင်းမှုတွေလည်းဖြစ်လာနိုင်စေပါတယ်။ ထရမ့်က NATO ရဲ့တန်ဖိုးက မေးခွန်းထုတ်ထားသလို၊ Trans-Pacific Patnership ကနေလည်း အမေရိကကို ဆွဲထုတ်သွားခဲ့ပါတယ် ပြီးတော့ Paris Climate Change သဘာတူညီချက်ကနေလည်း နုတ်ထွက်ခဲ့တာပါ။ ကနေဒါနဲ့ မက္ကစီကိုတို့နဲ့လုပ်ထားတဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်တွေကိုလည်း ပြန်လည်ညှိနှိုင်းမှုတွေ လုပ်နေတာဖြစ်ပါတယ်။
အမေရိကန်ပထမဆိုတဲ့ ရပ်တည်ချက်က အမေရိကန်နဲ့ ဥရောပနိုင်ငံအကြား ပူးပေါင်းမှုသမိုင်းကြောင်းကို အက်ကြောင်းဖြစ်စေတယ်လို့ Control Risk က Director Jonathan Wood ကဆိုပါတယ်။ ဂျာမနီ၊ ပြင်သစ်နဲ့ တခြားဥရောပသမ္မဂ္ဂနိုင်ငံတွေ ပိုမိုအမှီအခိုကင်းတဲ့ တတိယနည်းလမ်း ပထဝီဝင်နိုင်ငံရေးနည်းလမ်းကို ရှင်းလင်းစွာ ဖော်ထုတ်နိုင်ဖို့ စတင်နေကြောင်းနဲ့ အဲဒီလိုလုပ်တဲ့အထဲမှာ တရုတ်နဲ့ တခြားအာဏာကြီးလာတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပိုမိုထဲထဲဝင်ဝင် ဆက်ဆံရေးထူထောင်လာခြင်းတွေလည်းပါဝင်ကြောင်း သူကဆိုပါတယ်။
သာမာန်လူထုအကျိုးကို ရည်မျှော်တယ်ဆိုတဲ့မူဝါဒနဲ့ အမျိုးသားရေးမူဝါဒ ပိုမိုထွန်းကားလာတာက နိုင်ငံတွေအကြား တင်းမာမှုတွေကို ပိုမိုမီးမြှိုက်ပေးသလိုဖြစ်တဲ့အပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေပိုဖြစ်လာစေမှာ ဖြစ်ကြောင်း WEF က ထုတ်ပြန်ကြေငြာပါတယ်။
သြဇာရှိတစ်ဦးတည်းအုပ်ချုပ်စီရင်တဲ့နိုင်ငံရေးပုံစံက ကမ္ဘာနဲ့အဝန်း မြင့်တက်လာနေပါတယ်။ ထရမ့်ရဲ့ အမေရိကန်ပထမရပ်တည်ချက်လို မတိမ်းမယိမ်းသဘောဆောင်တဲ့ ရပ်တည်မှုပုံစံတွေကို တရုတ်၊ ဂျပန်၊ ရုရှား၊ တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ဖိလစ်ပိုင်အပြင် တချို့ကမ္ဘာ့နိုင်ငံတော်တော်များများ တွေ့လာနေရပါတယ်လို့လည်း WEF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
၂၀၁၈ က မြန်မာနိုင်ငံအတွက် အကောင်းလား အဆိုးလား
-----------
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး စတဲ့ အဘက်ဘက်က ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရမှာ မလွဲဧကန်ပါပဲ။
နိုင်ငံတကာ၊ အထူးသဖြင့် ကိုယ့်မိတ်ဖက်နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေကို ဘယ်လိုမြန်မြန်ဆန်ဆန် အကျိုးရှိရှိ စီမံခန့်ခွဲမလဲ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံအတွင်း ငွေလုံးငွေရင်းနဲ့ ဝင်လာရင်းနှီးမြှုပ်နှံမယ့် ပြည်ပလုပ်ငန်းတွေကို ဘယ်လိုဆွဲဆောင်ခေါ်ယူမလဲ၊ AEC ကြောင့် လွတ်လပ်စွာကုန်သွယ်ခွင့် လုံးလုံးလျားလျား အသက်ဝင်လာတဲ့အခြေအနေမှာ လိုအပ်ချက်များစွာနဲ့ ရည်တည်ဖို့မသေချာတဲ့ နိုင်ငံရဲ့အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ဘယ်လိုဆွဲထူရပ်တည်ပေးမလဲ၊ AEC ကြောင့် ဒေသတွင်းလုပ်ငန်းတွေနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင်ရတော့မယ့် ပြည်တွင်းစီးပွားရေးလုပ်ငန်းကဏ္ဍ အသီးသီးကို ဘယ်လိုထောက်ပံ့မှုတွေ၊ ဘယ်လိုအကျိုးခံစားခွင့်တွေ ပေးပြီးကြည့်ရှုစောင့်ရှောက်မလဲ၊ ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍ ခိုင်ခံ့အားကောင်းလာအောင်၊ လုပ်ငန်းအများစုရဲ့လိုအပ်ချက်ဖြစ်တဲ့ ငွေအရင်းအနှီး၊ လူစွမ်းအားအရင်းအမြစ်၊ နည်းပညာစတဲ့ Issue တွေကို ဘယ်လောက်အထိ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းပေးမလဲ စတာတွေက ပြည်သူ့အစိုးရအတွက် စီးပွားရေးအရ စိန်ခေါ်မှုတချို့ဖြစ်ပါတယ်။
နိုင်ငံတကာလို နိုင်ငံရေးတင်းမာမှုတွေ၊ ပြည် တွင်းလုပ်ငန်းတွေကို ပြည်ပလုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးထားတဲ့ဝါဒတွေ (ကိုယ်ကျိုးဦးစားပေးဝါဒ)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လျော့ရဲလာမှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလို အဘက်ဘက်က မြင့်တက်လာမယ့် အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ မဆိုထားနဲ့၊ အခြေခံလူတန်းစားနဲ့ အခွန်ထမ်းပြည်သူတွေ၊ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တချို့ကို မျက်ဝါးထင်ထင် ကောင်းသောပြောင်းလဲခြင်းတွေ လုပ်ပေးနိုင်ရင်တောင် မြန်မာနိုင်ငံအတွက် ၂၀၁၈ ခုနှစ်ဟာ အတော်လေးကောင်းမွန်တယ်လို့ ဆိုရမှာပါ။
နိုင်ငံအနေနဲ့ အဆိုးဘက်ရောက်သွားမလား၊ ဒါမှမဟုတ် အကောင်းဘက်ကို ရောက်လာနိုင်မလား ဆိုတာကတော့ ပြည်သူ့အစိုးရနဲ့အတူ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာအစိုးရတွေအပြင် ပြည်သူတွေကိုယ်တိုင်က ဘယ်လိုလက်တွဲညီညီ ပူးပေါင်းပါဝင်ဖြေရှင်းမလဲဆိုတဲ့အပေါ် မူတည်နေပါကြောင်း ...
Thought 2017 was bad? 2018 could be much worse by Ivana Kottasová ကို မှီငြမ်းရေးသားသည်
ဖြူလဲ့မွန်