Web 2.0

Web ဆိုသော ဝေါဟာရ၏ Dictionary အဓိပ္ပာယ်မှာ ကွန်ရက်၊ ပင့်ကူအိမ်၊ ချိတ်ဆက်ရိုက်ခတ်မှု၊ ကြိမ်ထိုးခြင်းသဘော စသည်တို့ ဖြစ်သည်။ စီးပွားရေးစီမံခန့်ခွဲမှု အသုံးအနှုန်းတစ်ခုအဖြစ် မူလက မရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်၊ IT ခေတ်အခါတွင်မူ စီမံခန့်ခွဲမှု၏ အရေးပါသောတည်ဆောက်မှု Architecture တွင် အပြိုင်အဆိုင် အသုံးပြုလာကြသည်။ အင်တာနက်မှတစ်ဆင့် ဆက်သွယ်မှုပုံစံ အမျိုးမျိုးကြောင့် ဈေးကွက်တည်ဆောက်မှုကို ပြောင်းသွားစေရုံသာမက သစ်ဆန်းမှုများကို လိုက်၍မီရန်ပါ မလွယ်လှပေ။ အီးမေးလ် သတင်းပို့စနစ်၊ Website များဖြင့် သတင်းဖြန့်ချိခြင်း၊ လိုအပ်သော Web Pages များကို လိုသလိုရှာရန် Browser များကို သုံးရသည်။

e-commerce တွင်ကျယ်လာရခြင်းမှာ စီးပွားရေးလုပ်ငန်းအချင်းချင်း လုံခြုံစွာဆက်သွယ်ရောင်းဝယ်နိုင်ခြင်း၊ ဖြန့်ဖြူးမှုလမ်းကြောင်းသစ်၏ ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် ဖြစ်သည်။

ဝယ်သူများအနေဖြင့် ရောင်းသူများ၏ Website တစ်ခုမှတစ်ခု ပြောင်းရွှေ့နှိုင်းယှဉ် ရွေးချယ်ဆုံးဖြတ်နိုင်သည်။ ဆုံးဖြတ်ပြီးမှ ကိုယ်တိုင်ဝယ်နိုင်သည်။ ကိုယ်တိုင်သွားရောက်ဝယ်သူများပင် Website များကို ကြည့်ပြီးမှ ဝယ်သည်။ ဆိုင်များသည်လည်း Showroom များအဖြစ် ဝင်ရောက်ကြည့်ရန် ပြခန်းများဖြစ်ပြီး အင်တာနက်မှ ဝယ်ယူငွေပေးချေခြင်း လုပ်သည်။ ကုမ္ပဏီများသည် ကိုယ်ပိုင် Website ရှိရုံသာမက လူအများကို ဆွဲဆောင်နိုင်သည့် Website ဖြစ်ရမည်။ အင်တာနက်မှာ အတိတ်ကိုထားခဲ့သော၊ ခေတ်ကိုပြောင်းလိုက်သော ဖြစ်စဉ် ဖြစ်သည်။ ၂၁ ရာစုနှစ်၏ လူတစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ငွေပေးငွေယူလုပ်ခြင်း၊ ပြောလိုသိလိုသည်များအတွက်  ဆက်သွယ်ကြခြင်းဖြင့် အသိပညာများလည်း ဖွံ့ဖြိုးတိုးတက်လာသည်။ Web အသုံးပြုမှုမှေးမှိန်သွားမည်ဟု အချို့က မှန်းဆမှတ်ယူထားကြသော်လည်း ယခုအခါ Web မှာ မရှိမဖြစ်သော၊ မရှိလျှင် အလုပ်မဖြစ်နိုင်သောအရာဖြစ်နေသည့် Web 2 ဒုတိယခေတ်ကို ရောက်လာပြီ ဖြစ်သည်။

Web2

 Web 2 မှာ ကြည့်ရုံ၊ ကူးယူရုံမဟုတ်ဘဲ မိမိကိုယ်တိုင်ပါဝင်နိုင်သည့် ပုံစံသစ်ဖြစ်နေပြီဖြစ်သည်။ ebay နှင့် Skype ကုမ္ပဏီတို့မှာ Web ပေါ် အခြေပြု ရှင်သန်နေသူများ ဖြစ်သည်။ Web ကြောင့် ဆန်းသစ်တီထွင်နိုင်သည့် အခွင့်အရေးများလည်း ပေါ်လာသည်။ Web ပေါ်က Brand Name များနှင့်ပတ်သက်၍ အသုံးပြုသူများက မိမိတို့၏ကိုယ်ပိုင်သဘော စိတ်ကူးခံစားမှုများရှိပြီး တီထွင်ထားသူ၏ ပိုင်ဆိုင်မှုဖြစ်ခြင်းကိုပင် အလေးအနက်မထားပေ။ ခေတ်သစ်၏နည်းပညာဖြင့် ပေါ်ထွက်လာသော ဗိသုကာဆောက်လုပ်မှုဟု ဆိုရမည်သာ ဖြစ်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)