စတင်ခါစ လုပ်ငန်းတွေနဲ့ Samsung, Qualcomm နဲ့ Sony တို့လို IT ကုမ္ပဏီကြီးတွေဟာ ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ အဆင်တန်ဆာ ကွန်ပျူတာနည်းပညာ (Wearable Technology) တွေ ၂၀၁၄ မှာ ပိုမိုတွယ်ကျယ် လာမယ်လို့ မျှော်လင့်နေကြပါတယ်။ အားကစားလှုပ်ရှားရာမှာ ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေကို အတိအကျ သိရှိနိုင်အောင် ခန္ဓာကိုယ်မှာ ညှပ်ထားနိုင်၊ ပတ်ချည်ထားနိုင်တဲ့ ကိရိယာငယ်လေးတွေ ဈေးကွက်ထဲမှာ ရှိနေတာတော့ ကြာပါပြီ။ Smart လက်ပတ်နာရီတွေ၊ Google Glass လိုမျိုး အင်တာနက်ချိတ်ဆက်ထားတဲ့ မျက်မှန်တွေလည်း ပေါ်ထွက်နေပါတယ်။ Las Vegas မှာ အခုတစ်ပတ် ကျင်းပမဲ့ နိုင်ငံတကာ အီလက်ထရွန်းနစ် လူသုံးပစ္စည်းပြပွဲမှာ ကုမ္ပဏီ တော်တော်များများဟာ အသုံးပြုရ လွယ်ကူပြီး ဘက္ထရီသက်တမ်းပိုခံတဲ့ အဆိုပါ အဆင်တန်ဆာ ကိရိယာတွေကို ပိုမို ဖော်ထုတ်ပြသလာမယ်လို့ မျှော်လင့်နေကြပါတယ်။ အဲဒီလို ဝတ်ဆင်နိုင်တဲ့ ကိရိယာတွေ ခေတ်စားလာတာဟာ အခုအချိန်မှာတော့ အစောပိုင်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီကိရိယာတွေရဲ့ ဖွံ့ဖြိုးမှုက အလားအလာ ကောင်းတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ နားကြား ကိရိယာတွေ၊ နှလုံးခုန်နှုန်း တိုင်းစက်တွေလို ကျန်းမာရေး ထုတ်ကုန်တွေ အပါအဝင် တစ်ကမ္ဘာလုံး ဈေးကွက်က ၂၀၁၃ ခုနှစ် အကုန်မှာ ဒေါ်လာ ၁၀ ဘီလီယံနီးပါးသာ ရှိထားရာကနေ၊ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၃၀ ဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ တန်ဖိုးသိပ်မကြီးတဲ့ Sensor နည်းပညာဖြစ်တဲ့ Microelectromechanical systems (MEMS) နည်းပညာကို မကြာသေးမီက ကျယ်ကျယ်ပြန့်ပြန့် ရရှိလာတာကြောင့်လည်း ဝတ်ဆင်နိုင်တဲ့ နည်းပညာတွေ ပိုမိုထွန်းကားလာတာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ မိုဘိုင်းဖုန်းတွေမှာ လှုပ်ရမ်းမှုကို တုန့်ပြန်သိရှိနိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဒီလို ဝတ်ဆင်နိုင်တဲ့ ကိရိယာတွေမှာ ဖန်သားပြင်နဲ့ ဘက္ထရီသက်တမ်းကိုတော့ အဆင့်မြင့်အောင် တီထွင် ဖန်တီးဖို့ လိုပါတယ်။ ဓာတ်အားသုံးစွဲမှု ချွေတာပေးတဲ့ ဖန်သားပြင်တွေ၊ လက်ဟန်နဲ့ အသံကိုသုံးပြီး ဖန်သားပြင် မလိုအပ်တဲ့ နည်းပညာတွေကိုလည်း စူးစမ်းလေ့လာလျက်ရှိပါတယ်။ Toront အခြေစိုက် Bionym Inc. က Nymi လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တဲ့စက်ဟာ လူတစ်ယောက်ရဲ့ သီးသန့် နှလုံးခုန်နှုန်းကို ကြည့်ပြီး အဲဒီလူကို အသိအမှတ်ပြုမှာ ဖြစ်တယ်။ ဒီနည်းပညာဟာ Password တွေ၊ ကားသော့တွေနဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ တစ်နေ့ကျရင် အစားထိုးလာနိုင်ပါတယ်။ ယခုပေါ်ထွက်နေတဲ့ အာရုံခံ Sensor တွေထဲမှာ သွေးဖိအား၊ အပူချိန်နှင့် သွေးတွင်းသကြားဓာတ်ကို သိရှိနိုင်တာတွေလည်း ပါဝင်ပါတယ်။ ဝတ်ဆင်နိုင်တဲ့ ကိရိယာတွေဟာ နှလုံးခုန်နှုန်းထက်ပိုတဲ့ အဆင့်မြင့် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ တိုင်းတာဖို့ Sensor တွေ ပါဝင်လာတော့မှပဲ လူတွေကြားမှာ ပိုမိုကျယ်ပြန့် လာလိမ့်မယ်လို့ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Broadcom Corp. ကိုတည်ထောင်သူ Henry Samueli က ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပါနည်းပညာမြင့် အသုံးအဆောင်တွေရဲ့ဈေးကွက်က စိတ်ကူးတွေ၊ ထုတ်ကုန်တွေ အမျိုးမျိုး ပေါင်းစုနေသလို အနေအထားမျိုး ဖြစ်နေပြီး နောက်ဆုံးမှာတော့ အောင်မြင်တဲ့ထုတ်ကုန်တွေ ပေါ်ထွက်လာမှာ သေချာပါတယ်။
Ref: AP