၂၀၁၂ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့နိုင်ငံတွင် ငွေကြေးအကျိုးအမြတ်အခြေမခံသော အဖွဲ့အစည်း (Non Profit Organization) များ ပေါ်ထွက်လာပါသည်။ ထိုအဖွဲ့အစည်းများမှာ (က) မိမိတို့၏ Industry အကျိုးကို ကာ ကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် (ခ) မိမိတို့၏ Professional Career ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် (ဂ) မိမိပုဂ္ဂိုလ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရန် စသဖြင့် အကြောင်းရင်းမျိုးစုံကို အခြေခံကြပါသည်။ ထိုမျှသာမက မူလပထမအဖွဲ့အစည်း၏မူ (သို့မဟုတ်) လူကို မနှစ်သက်လက်မခံနိုင်သဖြင့် ခွဲထွက်သော အဖွဲ့ အစည်းများလည်း ရှိနေကြပါသည်။ ထိုသို့သော အခြေအနေကြုံရပါက သက်ဆိုင်ရာလုပ်ငန်းစု (သို့မဟုတ်) ပရော် ဖက်ရှင်နယ်အလုပ်အကိုင်အပေါ် နားလည်မှုလွဲမှားစေခြင်းများ ဖြစ်တတ်ပါသည်။
မည်သို့သော အဖွဲ့အစည်းမျိုးတွင်မဆို ခေါင်းဆောင်နှင့် စီမံခန့်ခွဲမှု (Management Level) တွင် ပါဝင်နေ သူများပေါ်မူတည်၍ အဖွဲ့အစည်းနာမည်ကောင်းဖြင့် ရပ်တည်နိုင်ခြင်းနှင့် ရေရှည်တည်တံ့ရပ်တည်နိုင်ခြင်းတို့ဖြစ် ပေါ်နိုင်ပါသည်။
လက်ရှိအနေအထားတွင် အဖွဲ့အစည်းအများစုတွင် ဦးဆောင်သူနှင့် စီမံခန့်ခွဲမှုအဆင့်တွင် ပါဝင်သူအချို့မှာ မိမိနှင့်ဆက်စပ်သည့် လုပ်ငန်းစုကို ကာကွယ်ရမည့်အစား ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ထုတ်ခြင်း၊ အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ရန်အတွက် ဦးစားမပေးဘဲ မိမိလူကိုသာ ပါဝင်ပတ်သက်စေခြင်းတို့ကြောင့် အောင်မြင်သင့်သလောက် အောင်မြင်မှုမရကြပေ။ တချို့သော အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏လုပ်ငန်းစုကိုကာကွယ်ရန် မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော်လည်း သက်ဆိုင်ရာလုပ်ငန်းလုပ်ပိုင်ခွင့်များရရှိသောအခါ အသင်းသူ အသင်းသားများအား ဦးစားပေးရွေးချယ်လုပ်ကိုင်ရမည့်အစား ဦးဆောင်သူနှင့် စီမံခန့်ခွဲမှုအဆင့်တွင် ပါဝင်သူများက ခွဲဝေရယူလုပ်ကိုင်ကြ သဖြင့် အသင်းဝင်များ၏ ယုံကြည်မှုမရရှိသကဲ့သို့ လုပ်ငန်းစု၏ ရှေ့ရေးအတွက် ဦးဆောင်လုပ်ကိုင်နိုင်မှုမှာ မေးခွန်း ထုတ်စရာဖြစ်နေပါသည်။
ကျွန်တော်ပါဝင်ပတ်သက်သည့် နိုင်ငံတကာ NPO အဖွဲ့အစည်းတွင်မူ စီမံခန့်ခွဲမှုအဆင့်တွင် ပါဝင်ပတ်သက်သူ များမှန်သမျှ သက်ဆိုင်ရာအဖွဲ့အစည်းနှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမျိုးမှ ပါဝင်ပတ်သက်မလုပ်ကိုင်ရဆိုသည့် Conflict of Interest မရှိစေရန် ကြိုတင်လက်မှတ်ထိုး နားလည်မှုယူထားရပါသည်။
ထို့ကြောင့် အကျိုးအမြတ်အခြေမခံသည့် အဖွဲ့အစည်းမျိုး၏ စီမံခန့်ခွဲမှုအဆင့်တွင် ပါဝင်ပတ်သက် သူမှန်သမျ Conflict of Interest ကို သတိပြုခြင်းဖြင့် ကိုယ်ကျင့်တရား (Ethics) ဖြင့် ပြည့်စုံသော ခေါင်းဆောင်သူ များဖြစ်ရန် လုပ်ကိုင်ပြသစေလိုပါကြောင်း။
မောင်သာ