မိမိ၏အနာဂတ်ကို ဖန်တီးခြင်း(Visioning)

Visioning

မိမိလိုလားသော အနာဂတ်ရှေ့ရေးကို အတွေးအခေါ်များမှ လက်တွေ့ကျသော အစီအမံများ ပြုလုပ်လျှင် အမှန်ပင် အကောင်အထည်ဖော်ရန် သေချာသည်။ ဦးတည်ချက်အတွေးများ အနာဂတ်အတွက် မှန်းဆထားရှိခြင်းသည် စီနီယာမန်နေဂျာများနှင့် ခေါင်းဆောင်မှု ပေးရသူများအတွက် အထူးပင် အရေးကြီးသည်။ သို့မှသာ အာရုံစူးစိုက်မှုရပြီး ကုမ္ပဏီ၏ယဉ်ကျေးမှု၊ ခံနိုင်ရည်စွမ်းအား၊ ညှိနှိုင်းနိုင်မှုနှင့် ဝန်ထမ်းများ၏ ပါဝင်မှုကိုပါ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

The Need - လိုအပ်မှု

အင်အားကောင်းသော တွေးဆမျှော်မှန်းထားချက် (Vision) သည် အဆင့်အားလုံးမှ ဝန်ထမ်းများအား တက်ကြွမှုနှင့် လမ်းညွှန်မှုပေးနိုင်သည်။ လူတိုင်းပင် မိမိရှေ့တွင်ရှိနေသော လတ်တလော အလုပ်များကို လုပ်ကြမြဲဖြစ်သည်။ နေ့စဉ်အလုပ်များနှင့် လူရောစိတ်ပါ နစ်မြုပ်နေကြရသည်။ ထို့ကြောင့်ပင် လုပ်ငန်းများ ချောမွေ့စွာ ပြီးမြောက်နေခြင်း ဖြစ်သည်။ သို့ရာတွင် လိုအပ်သည့် အပြောင်းအလဲများကို ပြုလုပ်ရန်နှင့် အခွင့်အရေးသစ်များကိုပါ ယူနိုင်မည့်၊ ဖန်တီးနိုင်မည့်ရှေ့ကို တွေးဆမြော်မြင်ထားခြင်းဖြင့် နေ့စဉ်အလုပ်များတွင်သာ နစ်မြုပ်မနေဘဲ ပိုမိုအရေးပါသော ဖြစ်ပေါ်မှုများမှ အောင်မြင်သော အနာဂတ်ကို ဖန်တီးနိုင်သည်။

The Process - တွေးဆမြော်မြင်ခြင်းဖြစ်စဉ်

တွေးဆမြော်မြင်ခြင်းတွင် လက်တွေ့အခြေအနေကို ဆန်းစစ်ခြင်းနှင့် အသုံးပြုနေသည့်နည်းများကိုပါ ဆန်းစစ်၍ ရှေ့တွင် ဖြစ်ပေါ်လာနိုင်သော အခွင့်အလမ်းများအတွက် လွတ်လပ်စွာ ပြင်ဆင်နိုင်ခြင်းဖြင့် ပိုမိုအောင်မြင်သော အနာဂတ်ကို တည်ဆောက်နိုင်မည်။ မိမိလုပ်ငန်း၏ ပြင်ပကိုပါ ကြည့်တတ်ရန် လိုသည်။ သတိပြုရမည့်ကိစ္စများကို နားလည်ရန်နှင့် အခြေအနေများကြောင့် ကြုံတွေ့နိုင်သော အခက်အခဲများနှင့် ဖြစ်ပေါ်လာနိုင်သော အခွင့်အရေးများအတွက် ကြိုတင်ပြင်ဆင်နိုင်သည်။

အနာဂတ်အတွက် မြော်မြင်တွေးဆခြင်းဖြစ်စဉ်တွင် အများပါဝင်မှု ရယူသင့်သည်။ အကြောင်းအရာများနှင့်ပတ်သက်၍ လူအများ၏ သဘောထားများသိရန် မေးခွန်းထုတ်ရမည်။ ထို့အပြင် လုပ်ငန်း၏ဦးတည်ချက်နှင့် လှုပ်ရှားမည့် အစီအစဉ်များကို စောဒကတက်နိုင်သည့် အခွင့်အရေး၊ ကျိုးကြောင်းဖော်ပြ၍ အကြံဉာဏ်များ ပေးနိုင်သည်။ ပေးသည့်အကြံဉာဏ်များမှ အများ၏ဆန္ဒနှင့်အမြင်များကို စုစည်း၍ အရေးကြီးသော အချက်များကို Visioning Statement မူကြမ်းရေးသားရမည်။ အများပါဝင်ခွင့်ပေးသော ဆွေးနွေးမှုများကြောင့် ပါဝင်သူမျာ းယုံကြည်မှုနှင့် ဆန္ဒအပြည့်အ၀ ရနိုင်သည်။

နောက်ဆုံးဖြစ်စဉ်၌ လူအချို့သာပါဝင်၍ သုံးသပ်ဆုံးဖြတ်ကာ အချောသတ်ရမည်။ အများပါဝင် ဆွေးနွေးမှုများကြောင့် ပါဝင်သူများ၏ ယုံကြည်မှုနှင့် ဆန္ဒကိုပါ ရရှိမည်။

အနာဂတ်အတွက် မျှော်မှန်းထားချက်များရရှိပြီးသည့်နောက်တွင် မည်သို့ဖြစ်မြောက်ရန် အကောင်အထည် ဖော်ရမည်ကို သတ်မှတ်ရန်လိုသည်။

- ရင်ဆိုင်ရနိုင်ဖွယ်ဖြစ်သော အတားအဆီးများကို မည်သို့ကိုင်တွယ်မည်နှင့် ဖြစ်ပေါ်လာနိုင်သော အကြောင်းများ၏ အကျိုးသက်ရောက်မှုကိုသိရန် ပြင်ဆင်ရမည်။

- လက်တွေ့ကျသော စီမံချက်ရရှိသည့်အခါ လူတိုင်းကို သိစေ၍ စီမံချက်၏ အရေးပါပုံနှင့် အကောင်အထည် ဖော်မှုရရှိနိုင်သော အကျိုးသက်ရောက်မှုကို သဘောပေါက်လက်ခံမ ရရှိရမည်။

- အများ၏ လက်ခံပါဝင်မှုရရန်မှာ ရေးဆွဲထားသော အနာဂတ်မျှော်မှန်းချက်သည် ရှင်းလင်း၍ လက်ခံနိုင်သော၊ ယုံကြည်နိုင်သော၊ အကောင်အထည် ဖော်နိုင်သော အာရုံစူးစိုက်မှုနှင့် တက်ကြွမှုကိုပါ ရရှိနိုင်ရမည်။ သို့ရာတွင် အတိအကျချမှတ်ချက် ပုံစံမျိုးမဟုတ်ဘဲ ပြောင်းလဲပြင်ဆင်မှု လိုအပ်လျှင် လုပ်နိုင်ရမည်။

ဆက်လုပ်ရန် ဘာတွေလိုအပ်မလဲ . . .

ချမှတ်ထားသော ရည်မှန်းချက်များ အကောင်အထည်မပေါ်နိုင်ပါက အကျိုးမဲ့သာဖြစ်မည်။ ရည်မှန်းချက်များက လုပ်ငန်းအတွက် မဟာဗျူဟာများ၊ အဆုံးအဖြတ်များ၊ လမ်းညွှန်မှုများပေး၍ အားလုံး၏ပါဝင်မှု အပြည့်အဝရရှိနိုင်ရမည်။ အချိန်အခါလိုက်၍ လိုအပ်လျှင် ပြန်လည်သုံးသပ်ခြင်း၊ ညှိနှိုင်းပြင်ဆင်ခြင်းများ လုပ်နိုင်ရမည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)